ဘဝအတ္ထုပ္ပတ္တိ
မျိုးဆက်ခုနစ်ဆက်အထိ တည်တံ့ခဲ့တဲ့ အမွေအနှစ်
သွားပုံလာပုံ၊ မျက်လုံးမျက်ခုံး၊ ဟာသပြောတတ်တာတွေက အဖေနဲ့တူလို့ ကျွန်တော့်ကို အဖေတူသားလို့ ပြောကြတယ်။ အဖေက ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ တန်းဖိုးရှိအမွေကိုရရှိထားတဲ့အတွက် မျိုးဆက်ခုနစ်ဆက်မြောက်ဖြစ်တဲ့ ကျွန်တော့်ကိုလည်း ပေးခဲ့ပါတယ်။ အဲဒီအကြောင်း ကျွန်တော် ပြောပြပါရစေ။
၁၈၁၅၊ ဇန်နဝါရီ ၂၀ ရက်မှာ ကျွန်တော့်ဘိုးဘေးဖြစ်တဲ့ သောမတ်စ် (၁) * ဝီလျံဟာ အင်္ဂလန်နိုင်ငံ၊ ဟွန်ကာဆဲယ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ နောက်နှစ်နှစ်အကြာမှာ သောမတ်စ်ရဲ့အမေဆုံးသွားတော့ သူ့အဖေ ဂျွန်ဝီလျံက သားသမီးလေးယောက်ကို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ အဖေဖြစ်သူဂျွန်က သောမတ်စ်ကို လက်သမားအလုပ် သင်ပေးခဲ့ပေမဲ့ တခြားအလုပ်ကိုပဲ သောမတ်စ် လုပ်ချင်တယ်။
အင်္ဂလန်နိုင်ငံတစ်ဝန်းလုံးမှာ ဘာသာရေးစိတ်ဓာတ် နိုးကြားလာကြတယ်။ တရားဟောဆရာ ဂျွန် ဝက်စ်လေဟာ အင်္ဂလီကန်ချာ့ချ်ကနေ ခွဲထွက်ပြီး မက်သဒစ်အသင်းကို တည်ထောင်လိုက်တယ်။ ကိုယ်ပိုင်ကျမ်းစာလေ့လာဖို့နဲ့ ဧဝံဂေလိဟောပြောဖို့ အဓိကလုပ်ဆောင်ခဲ့တယ်။ ဝက်စ်လေရဲ့ သွန်သင်ချက်တွေက တောမီးလို ပျံ့နှံ့သွားပြီး ဝီလျံမိသားစုကလည်း သူ့သွန်ချက်တွေကို အခိုင်အမာယုံကြည်လာတယ်။ သောမတ်စ်ဟာ ဝက်စ်လေရဲ့နောက်လိုက် တရားဟောဆရာဖြစ်လာပြီးတာနဲ့ တောင်ပစိဖိတ်ဒေသကို သာသနာပြုဖို့ ထွက်သွားတယ်။ ၁၈၄၀၊ ဇူလိုင်လမှာ သူနဲ့ ကြင်စဦးဇနီး မေရီ (၂) ဟာ ဖီဂျီနိုင်ငံ၊ လာကီဘာကျွန်းကို * ရောက်သွားတယ်။ အဲဒီကျွန်းဟာ လူသားစားသူတွေ နေထိုင်တဲ့ မီးတောင်ကျွန်းဖြစ်တယ်။
လူသားစားသူများအလယ်မှာ နေထိုင်ခြင်း
ဖီဂျီနိုင်ငံကိုရောက်ခါစနှစ်တွေမှာ သောမတ်စ်နဲ့ မေရီဟာ ခက်ခဲမှုတွေအများကြီး ရင်ဆိုင်ခဲ့ရတယ်။ အဲဒီကျွန်းရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း နေပူကျဲကျဲမှာ အချိန်အကြာကြီး အလုပ်လုပ်ရတယ်။ မျိုးနွယ်စုစစ်ပွဲတွေ၊ မုဆိုးမတွေကို လည်မျိုညှစ်သတ်တာ၊ နို့စို့ကလေးတွေကို သတ်တာ၊ လူသားစားတာတွေလိုမျိုးစတဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေကို မြင်ခဲ့ရတယ်။ ဒေသခံတွေကလည်း သူတို့ဟောတဲ့သတင်းတရားကို လက်မခံတာများတယ်။ မေရီနဲ့ သားအကြီးဂျွန်တို့ဟာ မသေရုံတစ်မယ် အပြင်းဖျားခဲ့တယ်။ ၁၈၄၃ ခုနှစ်မှာ သောမတ်စ်က ‘ကျွန်တော် သေချင်လောက်အောင် စိတ်ထိခိုက်ပြီး ကြံရာမရဖြစ်ခဲ့တယ်’ လို့ပြောခဲ့တယ်။ ယေဟောဝါဘုရားသခင်အပေါ်ထားတဲ့ သူတို့လင်မယားရဲ့ ယုံကြည်ခြင်းကြောင့် ဆက်ပြီးရပ်တည်နိုင်ခဲ့တာပါ။
အဲဒီအချိန်မှာ သောမတ်စ်က သူကျွမ်းကျင်တဲ့ လက်သမားပညာနဲ့ ဖီဂျီမှာ ပထမဆုံး ဥရောပပုံစံအိမ်တစ်လုံးကို ဆောက်တယ်။ အိမ်က လေဝင်လေထွက်ကောင်းပြီး လှလှပပဆောက်ထားတာကြောင့် ဒေသခံဖီဂျီတွေ အကြီးအကျယ် စိတ်ဝင်စားလာကြတယ်။ အိမ်ဆောက်လို့မပြီးသေးခင်မှာပဲ မေရီက ဒုတိယသား သောမတ်စ် ဝစ်တန် (၃) ဝီလျံကို မွေးဖွားခဲ့တယ်။ သူက ကျွန်တော်ရဲ့ ဘိုးဘေးအရင်းပါ။
၁၈၄၃ ခုနှစ်မှာ အဖေဖြစ်သူသောမတ်စ်က ယောဟန်ခရစ်ဝင်ကျမ်းကို ဖီဂျီဘာသာစကားနဲ့ ပြန်ဆိုတဲ့အလုပ်ကို ကူညီပေးခဲ့တယ်။ * ဒီအလုပ်က သူ့အတွက် လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အသေးစိတ်အချက်အလက်တွေကို မှတ်မိနိုင်စွမ်းရှိတဲ့ မနုဿဗေဒပညာရှင်ဖြစ်တယ်။ ၁၉ ရာစုက ဖီဂျီလူမျိုးတွေရဲ့ ဘဝပုံရိပ်အကြောင်းကို သူရေးခဲ့တဲ့စာအုပ် (Fiji and the Fijians 1858) မှာ အသေးစိတ်မှတ်တမ်းတင်ခဲ့တယ်။
ဖီဂျီနိုင်ငံမှာ ၁၃ နှစ်ကြာ ပင်ပင်ပန်းပန်းအလုပ်လုပ်ရတာကြောင့် သောမတ်စ်ရဲ့ ကျန်းမာရေးဆိုးရွားလာလို့ သူတို့မိသားစု ဩစတြေးလျနိုင်ငံကို ပြန်ရောက်လာကြတယ်။ နာမည်ကြီး တရားဟောဆရာအဖြစ် အချိန်အတော်ကြာ လုပ်ပြီးတဲ့နောက် ၁၈၉၁ ခုနှစ် ဗစ်တိုးရီးယားပြည်နယ် ဘဲလာရတ်မြို့မှာ သူသေဆုံးသွားတယ်။
အနောက်ပိုင်းမှာရှိတဲ့ “အဖိုးတန်ပစ္စည်း”
သောမတ်စ် ဝစ်တန် ဝီလျံနဲ့ ဇနီးဖီဘီ (၄) တို့ မိသားစုလေးက ဩစတြေးလျနိုင်ငံအနောက်ပိုင်း ပတ်သ်မြို့ကို ၁၈၈၃ ခုနှစ်မှာ ပြောင်းရွှေ့သွားကြတယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ ဒုတိယသားကြီး အာသာ ဘေခ်ဝဲလ် (၅) ဝီလျံဟာ အသက် ၉ နှစ်ရှိနေပြီ။ သူက ကျွန်တော်ရဲ့ ဘိုးဘေးအရင်းဖြစ်တယ်။
အာသာ ၂၂ နှစ်အရွယ်မှာ ပတ်သ်မြို့အရှေ့ဘက်၊ မိုင် ၃၇၀ အကွာမှာရှိတဲ့ ရွှေတွင်းရှိရာ ကဲလ်ဂူအီမြို့မှာ အလုပ်လုပ်ခဲ့တယ်။ အာသာဖတ်ခဲ့တဲ့ စာပေတွေထဲမှာ ယေဟောဝါသက်သေတွေကို အဲဒီအချိန်တုန်းကခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားတွေ ထုတ်ဝေထားတဲ့ စာအုပ်တွေပါတယ်။ နောက်ပိုင်း ဇိအုန်ကင်းမျှော်စင်ကို နှစ်စဉ်ကြေးယူပြီး ဖတ်ခဲ့တယ်။ သူဖတ်ခဲ့တဲ့ အကြောင်းအရာတွေကို တအားသဘောကျသွားလို့ သိရှိလာတဲ့ ကျမ်းစာအသိပညာအကြောင်း တခြားသူတွေကို စပြောပြတယ်၊ ကျမ်းစာလေ့လာမှုစည်းဝေးတွေလည်း ကျင်းပပေးတယ်။ အဲဒီကနေစပြီးတော့ ဒီနေ့ခေတ် ဩစတြေးလျနိုင်ငံအနောက်ပိုင်းက ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းဟာ တစ်စတစ်စ ကျယ်ပြန့်လာတယ်။
အာသာဟာ သူ့မိသားစုကိုလည်း လေ့လာခဲ့တဲ့အရာတွေ ပြန်ပြောပြတယ်။ အဖေသောမတ်စ် ဝစ်တန်ကလည်း ကျမ်းစာကျောင်းသားတွေနဲ့ အာသာပူးပေါင်းတာကို ထောက်မပေးရင်း မကြာခင်မှာပဲ ဆုံးပါးသွားရှာတယ်။ အာသာအမေ ဖီဘီနဲ့ ညီမလေးတွေဖြစ်တဲ့ ဗိုင်းအိုလက်နဲ့မေရီတို့လည်း ကျမ်းစာကျောင်းသားတွေ ဖြစ်လာကြတယ်။ ဗိုင်းအိုလက်ဟာ အချိန်ပြည့် ဧဝံဂေလိတရားဟောပြောသူ ဖြစ်လာတယ်။ သူက “ဩစတြေးလျနိုင်ငံအနောက်ပိုင်းကနေ မွေးထုတ်လိုက်တဲ့ အကောင်းဆုံး၊ စိတ်အားအထက်သန်ဆုံး ဟောပြောသူဖြစ်တယ်” လို့ အာသာ ပြောတယ်။ ဘက်လိုက်ပြီးပြောသလိုဖြစ်ပေမဲ့ ဗိုင်းအိုလက်ရဲ့ ဇွဲထက်သန်တဲ့ ပုံသက်သေကောင်းက ဝီလျံရဲ့ နောက်မျိုးဆက်တွေအပေါ် အတော်လေး ဩဇာလွှမ်းခဲ့ပါတယ်။
အာသာ အိမ်ထောင်ပြုပြီးတဲ့နောက် ဩစတြေးလျနိုင်ငံအနောက်ပိုင်း၊ အနောက်တောင်ဘက်မှာရှိတဲ့ ဒေါနီဘရွတ်လို့ခေါ်တဲ့ စိုက်ပျိုးရေးမြို့ကလေးဆီ ပြောင်းရွှေ့သွားကြတယ်။ အဲဒီမှာ ၁၉၁၄ ခုနှစ်နဲ့ဆက်စပ်တဲ့ ကျမ်းစာကြိုဟောချက်တွေအကြောင်း ဇွဲနပဲနဲ့လိုက်ဟောနေလို့ သူ့ကို “၁၉၁၄ ခုနှစ်ကို အရူးအမူးစွဲလမ်းနေတဲ့ အဘိုးကြီး” ဆိုပြီး လှောင်ပြောင်ခေါ်ကြတယ်။ * ပထမကမ္ဘာစစ်ဖြစ်လာတော့ လှောင်ပြောင်တာတွေ ရပ်သွားတယ်။ အာသာကတော့ သူ့ဆိုင်မှာစျေးလာဝယ်သူတွေကို ကျမ်းစာအကြောင်း အမြဲပြောပြတယ်။ အများသူငါတွေ့အောင် ကျမ်းစာ,စာပေတွေကို ပြတင်းပေါက်မှာ တင်ထားပေးတယ်။ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို မှန်ကန်ကြောင်း သက်သေပြနိုင်သူကို ငွေစတာလင်ပေါင် ၁၀၀ ပေးမယ်ဆိုတဲ့ ဆိုင်းဘုတ်တစ်ခုကိုလည်း ပြတင်းပေါက်မှာ ချိတ်ထားတယ်။ အဲဒီအယူဝါဒဟာ ကျမ်းစာနဲ့လည်းမကိုက်ညီဘူးလို့ အာသာမိသားစုက အခိုင်အမာ ယုံကြည်ထားတယ်။ သုံးပါးပေါင်းတစ်ဆူအယူဝါဒ မှန်ကြောင်း ဘယ်သူမှ သက်သေမပြနိုင်ကြဘူး။
ဒေါနီဘရွတ်မြို့မှာ ဝီလျံရဲ့အိမ်က ဝတ်ပြုစည်းဝေးပွဲနဲ့ ကျမ်းစာလေ့လာမှုအတွက် အဓိကနေရာဖြစ်လာတယ်။ နောက်ပိုင်း အဲဒီမြို့မှာပဲ ဝတ်ပြုရာခန်းမတစ်ခုကို အာသာ ဆောက်လုပ်ခဲ့တယ်။ ဒါက ဩစတြေးလျနိုင်ငံအနောက်ပိုင်းမှာ ပထမဦးဆုံးဆောက်တဲ့ ခန်းမပါ။ သူ့အသက် ၇၀ ကျော်အရွယ်မှာတောင် သပ်သပ်ရပ်ရပ်ဝတ်၊ ဒေါလ်လို့ခေါ်တဲ့
သူ့မြင်းအိုကြီးကိုစီးပြီး ဒေါနီဘရွတ်နယ်မြေတစ်လျောက် ကျမ်းစာအကြောင်း လိုက်ဟောတယ်။အေးဆေးတည်ငြိမ်ပေမဲ့ ဇွဲကောင်းတဲ့ အာသာရဲ့ ပုံသက်သေက သားသမီးတွေအပေါ် အများကြီး အကျိုးသက်ရောက်ခဲ့တယ်။ သူ့သမီး ဖလော်ရင့် (၆) ဟာ အိန္ဒိယမှာ သာသနာသွားပြုတယ်။ သူ့သားတွေဖြစ်တဲ့ အာသာ လင်ဒ်ဆေး (၇) နဲ့ သောမတ်စ်တို့က အဖေလိုပဲ သက်တမ်းကြာအကြီးအကဲတွေအဖြစ် အသင်းတော်မှာ အမှုဆောင်ကြတယ်။
လေဒီ ဝီလျံ ပန်သီး
ကျွန်တော်ရဲ့ ဘိုးဘေးတစ်ဦးဖြစ်တဲ့ အာသာ လင်ဒ်ဆေး ဝီလျံဟာ ကြင်နာတတ်တာကြောင့် လူချစ်လူခင်ပေါများတယ်။ သူက လူတွေကို အချိန်ပေးပြီး လေးလေးစားစား ဆက်ဆံတယ်။ အဲဒီအပြင် ပုဆိန်ကို ကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့ ထင်းပေါက်ချန်ပီယံတစ်ဦးဖြစ်တယ်။ ၁၂ နှစ်တာကာလအတွင်း ဒေသအလိုက်ကျင်းပတဲ့ ထင်းပေါက်ပြိုင်ပွဲမှာ ၁၈ ကြိမ်အနိုင်ရခဲ့တယ်။
၂ နှစ်သားလေး ရော်နယ် (၈) (ကျွန်တော့်အဘိုး) က အိမ်ဘေးနားမှာရှိတဲ့ ပန်းသီးပင်ကို ပုဆိန်နဲ့ခုတ်ထစ်တာကို အဖေဖြစ်သူအာသာ မကြိုက်ဘူး။ အဲဒီအပင်ကို ရော်နယ်ရဲ့အမေက ဂရုတစိုက် ပြန်ပြုစုပေးလိုက်တော့ အရသာထူးကဲတဲ့ ပန်းသီးတွေ သီးလာတယ်။ လေဒီ ဝီလျံလို့ နာမည်ပေးခဲ့တဲ့ ပန်းသီးဟာ နောက်ပိုင်းကျတော့ ကမ္ဘာပေါ်မှာလူကြိုက်အများဆုံး ခရစ္စပင့်ခ်ပန်းသီး အမျိုးအစားဝင် ဖြစ်လာတယ်။
ကျွန်တော့်အဘိုး ရော်နယ်ဟာ အကျိုးရှိတဲ့အလုပ်တွေကို လုပ်ခဲ့တယ်။ အဘိုးတို့ဇနီးမောင်နှံက ဩစတြေးလျနိုင်ငံနဲ့ စော်လမွန်ကျွန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ စေတနာ့ဝန်ထမ်းတွေအဖြစ် နှစ်ပေါင်းများစွာ ပါဝင်ခဲ့ကြတယ်။ အဘိုးက အခု အသက် ၈၀ နီးပါးရှိတာတောင် အသင်းတော်အကြီးအကဲအဖြစ် ထမ်းဆောင်နေတုန်း၊ ဩစတြေးလျနိုင်ငံအနောက်ပိုင်း ဝတ်ပြုရာခန်းမဆောက်လုပ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ဆက်ကူညီပေးနေတုန်းပဲ။
ကျွန်တော်ရထားတဲ့အမွေအနှစ်ကို တန်ဖိုးထား
မိဘတွေဖြစ်တဲ့ ဂျက်ဖရီ (၉) နဲ့ ဂျန်းနစ် (၁၀) ဝီလျံတို့က မိသားစုအမွေအနှစ်ကို ထိန်းသိမ်းတဲ့အနေနဲ့ ကျွန်တော် (၁၂) နဲ့ ညီမလေး ကက်သရင်း (၁၁) ကျမ်းစာစံနှုန်းတွေကို တန်ဖိုးထားလာအောင် ကြိုးစားသင်ပေးခဲ့တယ်။ ကျွန်တော်အသက် ၁၃ နှစ်ရောက်လာတော့ ယေဟောဝါဘုရားနဲ့ ရင်းနှီးလာတယ်။ ဝတ်ပြုစည်းဝေးပွဲတစ်ခုမှာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျွန် အီး ဘားရ်ရဲ့ ဟောပြောချက်ကို နားထောင်လိုက်ရတယ်။ “ယေဟောဝါဘုရားကိုသိပြီး ချစ်မြတ်နိုးနိုင်မယ့် တန်ဖိုးအရှိဆုံးအခွင့်ထူးကြီးကို လက်လွတ်ဆုံးရှုံးမခံပါနဲ့” ဆိုတဲ့ အကြောင်းနဲ့ လူငယ်ပရိသတ်ကို အားပေးခဲ့တယ်။ အဲဒီညမှာပဲ ယေဟောဝါဘုရားထံ ကျွန်တော့်အသက်တာကို အပ်နှံလိုက်တယ်။ နောက်နှစ်နှစ်အကြာမှာ ဘုရားအမှုတော်ကို စလုပ်ခဲ့တယ်။
အခုဆိုရင် ကျွန်တော့် ဇနီးခလော့ဝီ နဲ့အတူ ဩစတြေးလျနိုင်ငံတောင်ပိုင်း၊ အနောက်မြောက်ဘက်က ဝေးလံခေါင်ဖျားတဲ့ သတ္တုတွင်းမြို့လေး တွမ်ပရိုက်စ်မှာ ဘုရားအမှုတော်ကို အချိန်ပြည့်ထမ်းဆောင်နေပါတယ်။ စားဝတ်နေရေးအတွက် အချိန်ပိုင်းအလုပ်လုပ်တယ်။ ကျွန်တော့်မိဘ၊ ညီမလေး ကက်သရင်းနဲ့ သူ့ခင်ပွန်းအန်ဒရူးတို့ဟာ မြောက်ဘက် မိုင် ၂၆၀ အကွာက ပို့ဟက်လန်မြို့မှာ ဘုရားအမှုတော် ထမ်းဆောင်နေကြတယ်။ ကျွန်တော်နဲ့အဖေက အသင်းတော် အကြီးအကဲအဖြစ် အမှုဆောင်နေပါတယ်။
မျိုးဆက်ခုနစ်ဆက်မြောက်ဘိုးဘေးဖြစ်တဲ့ သောမတ်စ် ဝီလျံဟာ ယေဟောဝါဘုရားအမှုဆောင်ဖို့ စတင်ဆုံးဖြတ်ခဲ့တယ်။ ဘုရားသခင်ကိုယုံကြည်ခြင်း၊ ဘုရားအမှုဆောင်ခြင်း အမွေအနှစ်ကို ကျွန်တော့်လက်ထက်အထိ လက်ဆင့်ကမ်းပေးခဲ့တယ်။ အဲဒီအမွေအနှစ် ကျွန်တော်ရရှိထားတဲ့အတွက် ဘုရားကောင်းချီးခံစားရတယ်လို့ သေချာပေါက်ပြောနိုင်ပါပြီ။
^ နံပါတ်တွေက စာမျက်နှာ ၁၂ နဲ့ ၁၃ မှာပါတဲ့ဓာတ်ပုံတွေကို ညွှန်းပေးတယ်။
^ အရင်တုန်းက ဒီကျွန်းကို လဒ်ကမ်ဘာကျွန်းလို့ ခေါ်ပြီး ဖီဂျီနိုင်ငံအရှေ့ပိုင်း၊ လာအိုကျွန်းစုမှာ တည်ရှိတယ်။
^ ၁၈၄၇ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ ဖီဂျီဘာသာစကားနဲ့ ဓမ္မသစ်ကျမ်းအများစုကို သာသနာပြု ဂျွန်ဟန့်က ဘာသာပြန်ဆိုခဲ့တယ်။ အဲဒီဘာသာပြန်ကျမ်းတွေမှာ ဘုရားသခင့်နာမည် “ဂျေအိုဗာ (ယေဟောဝါ)” ကို ထည့်သွင်းထားတာက မှတ်သားစရာပါပဲ။
^ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲစာအုပ်ရဲ့ နောက်ဆက်တွဲမှာပါတဲ့ “၁၉၁၄ ခုနှစ်—ကျမ်းစာကြိုတင်ဟောကြားချက်မှာ ထူးခြားတဲ့နှစ်တစ်နှစ်” ဆိုတဲ့ အကြောင်းအရာကို ကြည့်ပါ။ www.pr418.com/mya ဝက်ဘ်ဆိုက်ကနေလည်း ကူးယူနိုင်ပါတယ်။