မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | စိုးရိမ်ပူပန်မှုတွေ ဘယ်လိုပြေပျောက်နိုင်မလဲ

ငွေကြေးအတွက် စိုးရိမ်ပူပန်ခြင်း

ငွေကြေးအတွက် စိုးရိမ်ပူပန်ခြင်း

“ကျွန်တော်တို့နိုင်ငံမှာ ကုန်စျေးနှုန်းတွေက အဆမတန်ထိုးတက်သွားတော့ စားသောက်ကုန်တွေ ရှားပါးလာပြီး စျေးကြီးကုန်တယ်။ စားစရာအတွက် အကြာကြီးတန်းစီရပေမဲ့ ကျွန်တော့်အလှည့်ရောက်ခါနီးပြီဆိုရင် ကုန်သွားတယ်။ ငတ်ပြတ်လွန်းလို့ လူတွေဟာ အရိုးပေါ်အရေတင်လာပြီး တချို့ဆို လမ်းပေါ်မှာ အားပြတ်ပြီး လဲကျသွားတယ်။ အခြေခံလိုအပ်ရာတွေရဲ့ စျေးနှုန်းက ကြောက်ခမန်းလိလိ ထိုးတက်သွားတယ်။ နောက်ဆုံးမှာတော့ ပြည်တွင်းငွေတွေတောင် တန်ဖိုးမရှိတော့လို့ ကျွန်တော်ရဲ့ ဘဏ်ငွေတွေရော၊ အာမခံကြေးရော၊ ပင်စင်လစာပါ ဘာတန်ဖိုးမှ မရှိတော့ဘူး” လို့ ကလေးနှစ်ယောက်ဖခင် ပေါလ် ပြောပြတယ်။

ပေါလ်

ပေါလ်ဟာ သူ့မိသားစု ဆက်အသက်ရှင်ရပ်တည်နိုင်အောင် “လက်တွေ့ကျဉာဏ်ပညာ” ကို ကျင့်သုံးခဲ့ပါတယ်။ (သုတ္တံ ၃:၂၁ကဘ) “ကျွန်တော်က လျှပ်စစ်ကန်ထရိုက်တာ တစ်ယောက်ပါ။ ဒါပေမဲ့ လုပ်ခနည်းနည်းလေးပဲရရင်တောင် သမ္မာအာဇီဝကျတဲ့ ဘယ်အလုပ်ကိုမဆိုလုပ်တယ်။ တချို့က လုပ်ခအတွက် အစားအစာတွေ၊ အိမ်သုံးပစ္စည်းတွေပေးကြတယ်။ တချို့က ဆပ်ပြာလေးတောင့်ပေးတယ်ဆိုရင် နှစ်တောင့်ကိုသုံးတယ်၊ နှစ်တောင့်ကိုတော့ ပြန်ရောင်းတယ်။ ဒီလိုနဲ့ ကြက်ပေါက်စ အကောင် ၄၀ ဝယ်နိုင်ခဲ့တယ်။ ကြက်လေးတွေကြီးလာတော့ ရောင်းလိုက်ပြီး ကြက်ပေါက်စ အကောင် ၃၀၀ ပြန်ဝယ်လိုက်တယ်။ နောက်တော့ ကြက်အကောင် ၅၀ ကို ပြောင်းမှုန့် ပိဿာ ၃၀ ကျော်ပါတဲ့ အိတ် ၂ အိတ်နဲ့ လဲလိုက်တယ်။ အဲဒီပြောင်းမှုန့်ကို ကျွန်တော့်မိသားစုနဲ့ ဆွေမျိုးသားချင်း၊ အိမ်နီးနားချင်းတွေ အကြာကြီးစားရတယ်။”

လူတစ်ဦးလုပ်နိုင်တဲ့ လက်တွေ့အကျဆုံးအရာက ဘုရားအပေါ် ယုံကြည်ကိုးစားခြင်းဆိုတာကိုလည်း ပေါလ် သိလာခဲ့တယ်။ ဘုရားသခင် မိန့်မှာချက်အတိုင်းလုပ်ဆောင်ရင် ကျွန်ုပ်တို့ကို ကိုယ်တော် ကူညီပေးမှာသေချာတယ်။ ဘဝလိုအပ်ရာတွေနဲ့ပတ်သက်ပြီး ယေရှု အခုလိုပြောခဲ့ပါတယ်– ‘စိုးရိမ်ကြောင့်ကြခြင်း မရှိကြနှင့်တော့။ ထိုအရာများကို သင်တို့လိုအပ်ကြောင်း သင်တို့၏အဖ သိတော်မူ၏။’—လုကာ ၁၂:၂၉-၃၁

ဒါပေမဲ့ ဘုရားသခင်ရဲ့ မဟာရန်သူကြီး စာတန်မာရ်နတ်က လူအများစုကို ဘဝမှာ ရုပ်ပစ္စည်းသာအဓိကဆိုတဲ့ စိတ်ထားရှိလာအောင် နောက်ကွယ်ကနေ လှည့်ဖြားနေတယ်။ လူတွေဟာ အခြေခံလိုအပ်ရာနဲ့ လိုချင်ရာတွေအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေကြတယ်။ သူတို့ လိုချင်တဲ့အရာတွေရဖို့ စိုးရိမ်တကြီး ကြိုးစားရှာကြတယ်။ “ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်” သွားတဲ့အထိ လူတော်တော်များများက ပြန်မဆပ်နိုင်တော့ဘဲ အကြွေးလည်ပင်းနစ်သွားကြတယ်။—သုတ္တံ ၂၂:၇

တချို့ဆိုရင် ဆုံးဖြတ်ချက်အမှားတွေ ချမိသွားတယ်။ “ကျွန်တော့်အိမ်နီးနားချင်းတွေဆို သူတို့ရဲ့မိသားစုတွေ၊ မိတ်ဆွေတွေကိုထားပစ်ခဲ့ပြီး ပိုက်ဆံများများရှာဖို့ နိုင်ငံခြားကို ထွက်သွားကြတယ်။ တချို့က နိုင်ငံခြားကို တရား၀င်သွားတာမဟုတ်ဘူး။ ရောက်သွားတော့လည်း အလုပ်မရကြဘူး။ ဒါကြောင့် သူတို့က ရဲတွေတွေ့မှာကို တစ်ချိန်လုံး စိုးထိတ်နေပြီး လမ်းဘေးမှာ ဖြစ်သလိုအိပ်ရကြတယ်။ ဒီလိုအခြေအနေမျိုးရောက်မှ ဘုရားသခင် ဘယ်လိုကူညီပေးမလဲ။ ဒါပေမဲ့ ကျွန်တော်တို့မိသားစုကတော့ ငွေကြေးအခက်အခဲတွေကို ဘုရားအကူအညီနဲ့ ဖြေရှင်းခဲ့ကြတယ်” လို့ ပေါလ် ရှင်းပြတယ်။

ယေရှုရဲ့အကြံပေးချက်ကို လိုက်လျှောက်ခြင်း

ပေါလ် ခုလိုဆက်ပြောတယ်– “‘နက်ဖြန်နေ့အဖို့ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိစိုးရိမ်စရာနှင့်မိမိ ရှိလိမ့်မည်။ ယနေ့ရှိသော မကောင်းမသင့်သောအရာတို့သည် ယနေ့အဖို့ လောက်ပေ၏’ လို့ယေရှုပြောခဲ့တယ်။ ဒါကြောင့် ‘အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ’ ဆိုပြီး ဘုရားသခင်ဆီ ကျွန်တော် နေ့တိုင်း ဆုတောင်းတယ်။ ယေရှု ကတိပေးထားတဲ့အတိုင်း ဘုရား ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်ရာတွေကိုတော့ အမြဲတမ်းရမှာမဟုတ်ဘူး။ တစ်ခါတုန်းကဆိုရင် ဘာရောင်းနေမှန်း မသိဘဲနဲ့ ကျွန်တော် တန်းစီစောင့်တယ်။ စောင့်နေရင်းနဲ့ အရှေ့ရောက်လာတော့ ဒိန်ချဉ်ရောင်းနေမှန်း သိလိုက်တယ်။ ကျွန်တော်မှ ဒိန်ချဉ်မကြိုက်တာ။ ဒါပေမဲ့ စားစရာဘာမှမရှိတော့ အဲဒီညမှာ ဒိန်ချဉ်ပဲ စားလိုက်ကြတယ်။ ခုလိုအချိန်မျိုးမှာ ကျွန်တော်တို့ မိသားစု ဗိုက်ဟောင်းလောင်းနဲ့ အိပ်ရာဝင်ရတဲ့ည တစ်ခါမှမရှိခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ။” *

“ငါသည် သင့်ကို မစွန့်၊ သင့်ကို အလျှင်းပစ်၍မထား” ဘူးလို့ ဘုရားကတိပေးထား။—ဟေဗြဲ ၁၃:၅

“အရင်တုန်းကလောက် ငွေရေးကြေးရေး မကျပ်တည်းတော့ပါဘူး။ ဘုရားကို ယုံကြည်ကိုးစားမယ်ဆိုရင် အလွန်အမင်း မစိုးရိမ်တော့ဘူးဆိုတာ ကျွန်တော်တို့ အတွေ့အကြုံအရ သိလိုက်ရတယ်။ ယေဟောဝါဘုရား * မိန့်မှာထားသမျှအတိုင်း ဦးစားထားလုပ်ဆောင်နေသရွေ့ ကျွန်တော်တို့ကို ကိုယ်တော် အမြဲကူညီပေးနေမှာ။ ကျမ်းစာမှာပါတဲ့ ဒီအချက် မှန်ကန်ကြောင်း ကျွန်တော်တို့ သိရှိခဲ့တယ်– ‘ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိ၏။’ (ဆာလံ ၃၄:၈) ဒါကြောင့် စီးပွားရေးပြဿနာတွေ ထပ်ရင်ဆိုင်ရရင်လည်း ကျွန်တော်တို့ မစိုးရိမ်တော့ပါဘူး။

ဘုရားသခင်အပေါ်သစ္စာရှိသူတွေ တစ်နေ့စာတစ်နေ့ရဖို့ ကိုယ်တော်ကူညီပေး

“လူသားတွေ ဆက်အသက်ရှင်နိုင်ဖို့ အလုပ်အကိုင်၊ ငွေကြေးမဟုတ်ဘဲ အစားအစာဖြစ်မှန်း ကျွန်တော် ကောင်းကောင်း သဘောပေါက်သွားပါပြီ။ ‘ပြည်တော်၌ များစွာသောစပါးရှိ’ လာမယ်ဆိုတဲ့ ဘုရားကတိ ပြည့်စုံလာမယ့်အချိန်ကို ကျွန်တော်တို့ စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်။ ဒီအတောအတွင်း ‘စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေ’ ပါ။ ‘သင်တို့၏ဘဝပုံစံတွင် ငွေတပ်မက်ခြင်းကင်း၍ ရှိသမျှနှင့် ရောင့်ရဲလော့။ အကြောင်းမူကား ကိုယ်တော်က “ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား” ဟုမိန့်တော်မူ၏။ ထို့ကြောင့် “ယေဟောဝါဘုရားသည် ငါ့ကို ကူညီမစသောအရှင်ဖြစ်၍ ငါမကြောက်” ဟုငါတို့ရဲရင့်စွာ ပြောဆိုနိုင်ကြ၏’ လို့ ကျမ်းစာမှာ အားပေးထားတဲ့အတွက် ကျွန်တော်တို့ ခွန်အားရလာပါတယ်။” *

ပေါလ်တို့မိသားစုလိုပါပဲ၊ ‘ဘုရားသခင်နဲ့အတူ လျှောက်လှမ်း’ နိုင်အောင် စစ်မှန်တဲ့ယုံကြည်ခြင်းရှိဖို့ လိုပါတယ်။ (ကမ္ဘာဦး ၆:၉) စီးပွားရေးပြဿနာကို လောလောဆယ် ကြုံရသည်ဖြစ်စေ၊ မကြုံရသည်ဖြစ်စေ ပေါလ်ရဲ့ ယုံကြည်ခြင်းရှိမှုနဲ့ လက်တွေ့ကျဉာဏ်ပညာ လိုက်လျှောက်မှုတို့ကနေ အရေးကြီးသင်ခန်းစာတွေ ကျွန်ုပ်တို့ ရရှိကြတယ်မဟုတ်လား။

ဒါပေမဲ့ မိသားစုပြဿနာတွေအတွက် စိုးရိမ်ပူပန်နေတယ်ဆိုရင်ကော။

^ စာပိုဒ်၊ 10 ယေဟောဝါဆိုတာ ကျမ်းစာမှာဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ နာမည်ဖြစ်ပါတယ်။