မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ

ကျွန်ုပ်တို့လုပ်ငန်းအတွက် ထောက်ပံ့မှု ဘယ်လိုရသလဲ

ကျွန်ုပ်တို့လုပ်ငန်းအတွက် ထောက်ပံ့မှု ဘယ်လိုရသလဲ

နှစ်စဉ် သန်းနဲ့ချီပြီး ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ကျွန်ုပ်တို့ ပုံနှိပ်ထုတ်ဝေကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဌာနခွဲရုံးတွေကို ဆောက်လုပ်ပြီး ပုံနှိပ်စက်တွေ ထောင်ထားကြတယ်။ သောင်းနဲ့ချီတဲ့အသင်းတော်တွေက ရိုးရိုးလေးနဲ့လှပတဲ့ ဝတ်ပြုရာခန်းမတွေမှာ စည်းဝေးပြုလုပ်ကြတယ်။ ဒါတွေအားလုံးအတွက် ဘယ်သူတွေက ထောက်ပံ့နေသလဲ။

စေတနာအလျောက်ထည့်ဝင်တဲ့ အလှူငွေနဲ့ ကျွန်ုပ်တို့လုပ်ငန်း လည်ပတ်နေတာဖြစ်ပါတယ်။ (၂ ကောရိန္သု ၉:၇) ၁၈၇၉ ခုနှစ်၊ ဒီမဂ္ဂဇင်းကို ထုတ်ဝေတဲ့ ဒုတိယအကြိမ်မြောက် စာစောင်မှာ ခုလိုဖော်ပြထားတယ်– “‘ဇိအုန်ကင်းမျှော်စင်’ [အဲဒီအချိန်က ခေါ်ခဲ့တဲ့နာမည်] မဂ္ဂဇင်းကို ထုတ်ဝေဖို့ ယေဟောဝါဘုရားက ထောက်ပံ့ပေးနေတယ်လို့ ကျွန်ုပ်တို့ ခံယူထားကြတယ်။ အဲဒီလိုခံယူထားတဲ့အတွက် လူတွေဆီကနေ ထောက်ပံ့မှုကို ဘယ်တော့မှ တောင်းခံမှာမဟုတ်ဘူး။ အသနားခံမှာ မဟုတ်ဘူး။” အခုချိန်မှာလည်း ယေဟောဝါဘုရား ထောက်ပံ့ပေးနေတယ်လို့ ကျွန်ုပ်တို့ ယုံကြည်နေတုန်းပဲ။

တချို့က ဌာနခွဲရုံးကို အလှူငွေ တိုက်ရိုက်ပေးပို့ကြတယ်။ ဝတ်ပြုရာခန်းမတိုင်းမှာလည်း အလှူငွေပုံးတွေ ထားပေးထားတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က ဆယ်ဖို့တစ်ဖို့ယူတာ၊ အလှူငွေကောက်ခံတာ၊ ကျွန်ုပ်တို့လုပ်ငန်းနဲ့ စာပေစာတမ်းအတွက် အဖိုးအခယူတာတွေ ဘယ်တော့မှ မလုပ်ပါဘူး။ လူတွေကို ဟောပြောလို့၊ အသင်းတော်မှာ သွန်သင်ပေးလို့၊ ဝတ်ပြုရာခန်းမတွေကို ကူညီဆောက်ပေးလို့ ကျွန်ုပ်တို့ အခကြေးငွေ မရပါဘူး။ ယေရှုက “သင်တို့သည် အခမဲ့ရကြသည်ဖြစ်၍ အခမဲ့ပေးကမ်းကြလော့” လို့ပြောခဲ့တယ်။ (မဿဲ ၁၀:၈) ဌာနချုပ်နဲ့ ဌာနခွဲရုံးတွေမှာ အမှုဆောင်နေတဲ့သူတွေအပါအဝင် ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေလည်း လခမယူဘဲ အလုပ်လုပ်နေကြပါတယ်။

“ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းစဉ်အားလုံးက စေတနာအလျောက်ထည့်ဝင်ထားတဲ့ အလှူငွေတွေနဲ့ လည်ပတ်နေကြတယ်။ တစ်ဦးချင်းစီက ‘အလှူငွေ’ ဘယ်လောက်ထည့်မလဲ၊ ဘယ်နှစ်ခါ’ ထည့်မလဲဆိုတာ သူတို့ဘာသာသူတို့ ဆုံးဖြတ်ကြတာ။”—၂၀၁၁၊ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး

သဘာဝဘေးဒဏ် ကယ်ဆယ်ရေးအတွက်လည်း အလှူငွေကို အသုံးပြုကြတယ်။ ပထမရာစုခရစ်ယာန်တွေက ဒုက္ခရောက်နေတဲ့သူတွေကို စေတနာစိတ်နဲ့ ထောက်ပံ့ကူညီပေးခဲ့ကြတယ်။ (ရောမ ၁၅:၂၆) အလားတူပဲ၊ အခုခေတ်မှာလည်း ဒုက္ခရောက်နေသူတွေအတွက် စားဝတ်နေရေးကူညီပေးပြီး ဆေးဝါးကုသပေးတဲ့အပြင် ဝတ်ပြုရာနေရာတွေကို ဆောက်လုပ်ပေးနေပါတယ်။