မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရေခြုံဟန်ဆောင်မှု ပပျောက်သွားမှာလား

အရေခြုံဟန်ဆောင်မှု ပပျောက်သွားမှာလား

ပနာရိုတာဟာ မြေထဲပင်လယ်ထဲက ကျွန်းတစ်ကျွန်းမှာ ကြီးပြင်းလာသူဖြစ်တယ်။ ဆယ်ကျော်သက်အရွယ်မှာ နိုင်ငံရေးကို တော်တော်လေး စိတ်ဝင်စားတော့ သူ့ရွာက နိုင်ငံရေးပါတီမှာ အတွင်းရေးမှူး ဝင်လုပ်တယ်။ တစ်အိမ်တက်ဆင်းသွားပြီး ပါတီရန်ပုံငွေရအောင် အများကြီး ကြိုးစားပေးတယ်။ ပါတီဝင်အချင်းချင်း ရဲဘော်ရဲဘက်လို့သာ ခေါ်ကြပေမဲ့ ဘက်လိုက်တာ၊ ရည်မှန်းချက်ကြီးတာ၊ ပဋိပက္ခနဲ့ မနာလိုမှုတွေက ပါတီအတွင်းမှာလှိုက်စားနေလို့ သူ စိတ်ကုန်လာတယ်။

ဒယ်နရယ်ဟာ အိုင်ယာလန်နိုင်ငံက ဘာသာတရားကိုင်းရှိုင်းတဲ့ မိသားစုမှာကြီးပြင်းလာသူပါ။ ဒါပေမဲ့ ဘုန်းတော်ကြီးတွေ အရေခြုံဟန်ဆောင်တာတွေကို သူကောင်းကောင်း မှတ်မိနေတုန်းပဲ။ သူ အပြစ်လုပ်ရင် ငရဲကျမယ်လို့ ပြောပြီး သူတို့ကျတော့ အရက်အကြီးအကျယ်သောက်၊ လောင်းကစားလုပ်၊ အလှူငွေခိုးကြတယ်။

ဂျက်ဖရီဆိုသူဟာ ဗြိတိန်နဲ့အမေရိကန်အခြေစိုက် နိုင်ငံတကာ သင်္ဘောလုပ်ငန်းမှာ အရောင်းမြှင့်တင်ရေးသမားအဖြစ် အကြာကြီးလုပ်ခဲ့တယ်။ ဖောက်သည်တွေ၊ ပြိုင်ဘက်တွေက အစိုးရကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းတဲ့အခါ လိမ်ညာကြတာ သူ တွေ့တယ်။ သူတို့က စာချုပ်ချုပ်နိုင်ဖို့ ဘာကိုမဆို ဟန်ဆောင်လိမ်ညာ ပြောကြတယ်။

အဲဒီလိုအဖြစ်အပျက်တွေက အဆန်းမဟုတ်တော့ပါဘူး။ အရေခြုံဟန်ဆောင်မှုကို နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေးလောကမှာ တွေ့မြင်နေကျပဲ။ အင်္ဂလိပ်စကား “အရေခြုံဟန်ဆောင်” ဆိုတဲ့စကားလုံးဟာ မျက်နှာဖုံးစွပ် ဟောပြောသူ၊ ဇာတ်မင်းသားအတွက်ခေါ်တဲ့ ဂရိစကားလုံးကနေ ဆင်းသက်လာတာဖြစ်တယ်။ နောက်ပိုင်းမှာ ဒီစကားလုံးကို ဟန်ဆောင်သူ၊ ကိုယ်လိုချင်တာရဖို့ လှည့်စားသူ ဘယ်သူ့အတွက်မဆို ရည်ညွှန်းဖို့ အသုံးပြုလာတယ်။

အရေခြုံဟန်ဆောင်မှုကြောင့် နာကြည်းစိတ်၊ မုန်းတီးစိတ်၊ အမျက်ဒေါသတွေ ဖြစ်ပေါ်လာတယ်။ လိမ်ညာခံရသူတွေက “အရေခြုံဟန်ဆောင်မှုတွေ ပပျောက်သွားမှာလား” လို့ စိတ်ပျက်လက်ပျက် ပြောကြတယ်။ ဟန်ဆောင်မှုအားလုံး ပျောက်သွားမယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။

အရေခြုံဟန်ဆောင်မှုကို ဘုရားသခင်နဲ့ယေရှုတို့ ရှုမြင်ပုံ

ဦးဆုံးအရေခြုံဟန်ဆောင်ခဲ့သူဟာ လူသားမဟုတ်ဘဲ နာမ်ဝိညာဉ်သားဖြစ်တယ်လို့ ကျမ်းစာက ဖော်ပြတယ်။လူ့သမိုင်းအစမှာ နာမ်ဝိညာဉ်သား မာရ်နတ်ဟာ မြွေမျက်နှာဖုံးကိုစွပ်၊ ကောင်းကျိုးလိုလားသူအဖြစ် ဟန်ဆောင်ပြီး ပထမဆုံးလူမိန်းမဧဝကို လိမ်ညာခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၅) အဲဒီအချိန်ကစပြီး လူအများစုဟာ တခြားသူတွေကို လှည့်စားဖို့၊ ကိုယ့်အကျိုးရဖို့ ဟန်ဆောင်လိမ်ညာလာကြတယ်။

ရှေးခေတ်အစ္စရေးလူမျိုးဟာ ဘုရားသခင် အတန်တန် သတိပေးထားတဲ့ကြားထဲကနေ တခြားဘုရားတွေကို သွားကိုးကွယ်ပြီး အရေခြုံဟန်ဆောင်ခဲ့တယ်။ ကြိုဟောသူ ဟေရှာယကနေတစ်ဆင့် ယေဟောဝါဘုရားက “ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏” လို့ မိန့်ဆိုခဲ့တယ်။ (ဟေရှာယ ၂၉:၁၃) အစ္စရေးတွေ နောင်တမရတဲ့အတွက် သူတို့ရဲ့ဝတ်ပြုရေးဗဟို ဂျေရုဆလင်မြို့နဲ့ ဝတ်ပြုရာနေရာကို ဖျက်ဆီးဖို့ တိုင်းတစ်ပါးအာဏာရှင်တွေလက်ထဲ ဘုရား အပ်လိုက်တယ်။ ဗာဗုလုန်အင်ပါယာက ဘီစီ ၆၀၇ မှာ တစ်ခါ၊ ရောမစစ်တပ်က စီအီး ၇၀ မှာ တစ်ခါ နှစ်ကြိမ် ဖျက်ဆီးခဲ့တယ်။ အရေခြုံဟန်ဆောင်မှုကို ဘုရားသခင် အကြာကြီး သည်းခံမှာမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။

ဒါပေမဲ့ ရိုးသားပြီး စိတ်ရင်းမှန်ရှိသူတွေကို ဘုရားသခင်နဲ့ ယေရှု အလွန်တန်ဖိုးထားတယ်။ ဥပမာ၊ ယေရှု စပြီးဓမ္မအမှုဆောင်ချိန်မှာ နာသနေလဆိုသူ လာတာကိုတွေ့တော့ ကိုယ်တော်က “လှည့်စားခြင်းနှင့်ကင်းသော အစ္စရေးလူကောင်းကို ကြည့်ကြလော့” လို့ ဆိုခဲ့တယ်။ (ယောဟန် ၁:၄၇) ဗာသောလမဲလို့လူသိများတဲ့ နာသနေလဟာ ယေရှုရဲ့ တမန်တော် ၁၂ဦး ဝင်ဖြစ်လာတယ်။—လုကာ ၆:၁၃-၁၆

ယေရှုဟာ တပည့်တွေ ဘုရားသခင်စဉ်းစားသလို စဉ်းစားတတ်ဖို့ အချိန်ယူပြီး သွန်သင်ပေးတယ်။ တပည့်တွေဟာ အရေခြုံဟန်ဆောင်မှု ကင်းရမယ်။ သတိပေးတဲ့အနေနဲ့ အဲဒီခေတ်က ဘာသာရေးခေါင်းဆောင်တွေ အရေခြုံဟန်ဆောင်တာကို ယေရှု ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့တယ်။ သူတို့ရဲ့ အကျင့်တချို့ကို သုံးသပ်ကြည့်ရအောင်။

ဟန်ဆောင် “ဖြောင့်မတ်” ကြ– ‘သင်တို့၏ဖြောင့်မတ်ခြင်းကို လူအများမြင်သာစေရန် လူမြင်ကွင်းတွင် ကြောင်သူတော်တို့နည်းတူ မပြမည်အကြောင်း သတိပြုကြလော့’ ဆိုပြီး ပရိသတ်ကို ယေရှုပြောခဲ့တယ်။ ပေးကမ်းစွန့်ကြဲတဲ့အခါမှာလည်း “မထင်ရှားစေနှင့်” လို့ ပြောခဲ့တယ်။ လူမြင်ကောင်းအောင် ဆုတောင်းတာမျိုးမလုပ်ဘဲ သီးသန့် ဆုတောင်းဖို့လည်း ပြောခဲ့တယ်။ ဒါမှသာ သူတို့ရဲ့ဝတ်ပြုရေးက ဟန်ဆောင်မှုကင်းတဲ့၊ ဘုရားနှစ်သက်လက်ခံနိုင်တဲ့ ဝတ်ပြုမှုဖြစ်မယ်။—မဿဲ ၆:၁-၆

အပြစ်တင်ဝေဖန်လွယ်ကြ– ယေရှုက “အချင်းကြောင်သူတော်၊ သင်၏မျက်စိထဲက သစ်တုံးကိုဦးစွာ ထုတ်ပစ်လော့။ သို့မှသာ သင့်ညီအစ်ကို၏မျက်စိထဲက ငြောင့်ငယ်ကိုကောင်းစွာမြင်၍ ထုတ်ယူနိုင်လိမ့်မည်” လို့ ပြောခဲ့တယ်။ (မဿဲ ၇:၅ခမ) ကိုယ်က အပြစ်တွေလုပ်နေလျက်နဲ့ သူများရဲ့အမှားကို ပြစ်တင်ဝေဖန်တာဟာ ကိုယ့်မှာဘာအပြစ်မှမရှိတဲ့ပုံ ဖမ်းနေတာဖြစ်တယ်။ တကယ်တော့ “လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ ဘုန်းတော်ကို မမီကြ” ဘူး။—ရောမ ၃:၂၃

စိတ်ရင်းကောင်းမရှိကြ– တစ်ကြိမ်မှာ ဖာရိရှဲရဲ့တပည့်တွေနဲ့ ဟေရုဒ်ရဲ့အဖွဲ့သားတွေက ယေရှုဆီလာပြီး အခွန်နဲ့ပတ်သက်တဲ့မေးခွန်း မေးတယ်။ သူတို့က ယေရှုကို “ဆရာ၊ သင်သည် ဖြောင့်မတ်မှန်ကန်သောသူဖြစ်၍ ဘုရားသခင်၏နည်းလမ်းတော်ကို အမှန်အတိုင်း သွန်သင်တတ်သူ ဖြစ်ပါ၏” လို့ မြှောက်ပင့်ပြောပြီး “ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော၊ မဆက်အပ်သလော” လို့ ပရိယာယ်ဆင် မေးမြန်းကြတယ်။ အဲဒီအခါ ယေရှုက “အချင်းကြောင်သူတော်တို့၊ ငါ့ကို အဘယ်ကြောင့် အကဲစမ်းကြသနည်း” လို့ ပြန်ပြောတယ်။ သူတို့က အဖြေမှန်သိချင်လို့မဟုတ်ဘဲ ယေရှုကို “ပရိယာယ်ဆင်၍ မေးမြန်း” ကြလို့ သူတို့ကို ကြောင်သူတော်၊ အရေခြုံသူလို့ ခေါ်ခဲ့တာဖြစ်တယ်။—မဿဲ ၂၂:၁၅-၂၂ခမ။

ခရစ်ယာန်စစ်တွေမှာ “သန့်စင်သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း” ရှိကြ။ —၁ တိမောသေ ၁:၅

စီအီး ၃၃၊ ပင်တေကုတ္တေပွဲနေ့၊ ခရစ်ယာန်အသင်းတော်ကို တည်ထောင်ခဲ့ချိန်မှာ အသင်းသူ/သားတွေဟာ အမှန်အတိုင်းပြောပြီး ရိုးသားကြတယ်။ ခရစ်ယာန်စစ်တွေဟာ အရေခြုံဟန်ဆောင်ချင်စိတ်တွေ ပျောက်သွားအောင် ကြိုးစားကြတယ်။ ဥပမာ၊ ယေရှုရဲ့ တမန်တော် ၁၂ဦး ထဲကတစ်ဦးဖြစ်တဲ့ ပေတရုဟာ ခရစ်ယာန်ချင်းတွေကို “ဟန်ဆောင်မှုမရှိဘဲ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်းနှင့်တကွ အမှန်တရားကို နာခံ” ကြဖို့ အားပေးခဲ့တယ်။ (၁ ပေတရု ၁:၂၂) ယေရှုတပည့်ဖြစ်တဲ့ တမန်တော် ပေါလုလည်း ခရစ်ယာန်ချင်းတွေကို “သန့်စင်သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း” ရှိဖို့ တိုက်တွန်းခဲ့တယ်။—၁ တိမောသေ ၁:၅ခမ။

ဘုရားသခင့်စကားတော်ရဲ့ အစွမ်းတန်ခိုး

ယေရှုနဲ့တပည့်တွေ သွန်သင်ပေးခဲ့တဲ့ ကျမ်းစာထဲကအချက်တွေဟာ ပထမရာစုတုန်းကလိုပဲ အခုအချိန်အထိလည်း လက်တွေ့ကျတုန်းပါပဲ။ ဒါနဲ့ပတ်သက်ပြီး တမန်တော်ပေါလုက “ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏။ မည်သည့်သန်လျက်ထက်မဆို ထက်၍ လူ့အပြင်ပန်းနှင့် အတွင်းသဘောကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ခွဲခြား၍ ထွင်းဖောက်တတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း ပိုင်းခြားသိမြင်တတ်၏” လို့ ရေးခဲ့တယ်။ (ဟေဗြဲ ၄:၁၂) ကျမ်းစာသွန်သင်ချက်တွေကို သိရှိလာပြီး အဲဒီအတိုင်း ကြိုးစားနေထိုင်တာနဲ့အမျှ အရေခြုံဟန်ဆောင်သူတွေ မဟုတ်တော့ဘဲ စိတ်ရင်းမှန်သူတွေ၊ ရိုးသားသူတွေ ဖြစ်လာကြတယ်။ ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့သုံးဦးအကြောင်း သုံးသပ်ကြည့်ပါ။

“မေတ္တာစစ်နဲ့ အချင်းချင်း အပြန်အလှန်ရိုင်းပင်းကူညီမှုကို ကျွန်မတွေ့ခဲ့။” —ပနာရိုတာ

ပနာရိုတာဆိုရင် ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုစည်းဝေးလိုက်တက်ပြီးနောက် သူ့ဘဝ ပြောင်းလဲသွားတယ်။ စည်းဝေးမှာ လူတွေအထင်ကြီးအောင် ဘုရားတရား ကြည်ညိုဟန်ဆောင်တာတွေ သူ မတွေ့ရဘူး။ “နိုင်ငံရေးလုပ်ခဲ့ချိန် တစ်လျှောက်လုံး မတွေ့ခဲ့ရတဲ့ မေတ္တာစစ်နဲ့ အချင်းချင်း အပြန်အလှန်ရိုင်းပင်းကူညီမှုကို အခု ကျွန်မတွေ့ရပြီ” လို့ သူ ပြောပြတယ်။

ပနာရိုတာဟာ ကျမ်းစာစလေ့လာပြီး နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတယ်။ အဲဒါ အနှစ် ၃၀ ရှိပြီ။ အခု၊ သူ ဒီလိုပြောတယ် “တစ်အိမ်တက်ဆင်းသွားပြီး နိုင်ငံရေးပါတီအတွက် ကြိုးစားတုန်းက ဘဝအဓိပ္ပာယ်အမှန်ကိုမတွေ့ဘဲ ဘုရားသခင့်နိုင်ငံတော်အကြောင်း စဟောပြောချိန်ကျမှ တွေ့ခဲ့ရတာ။ တရားမျှတတဲ့ကမ္ဘာကို ဘုရားနိုင်ငံတော်ကပဲ ဖြစ်အောင်လုပ်ပေးနိုင်မှာ။”

“ညီအစ်ကိုညီအစ်မတွေရှေ့မှာ မဟုတ်တာကို ဟုတ်သလိုဟန်ဆောင်ပြီး မနေချင်ဘူး။” —ဒယ်နရယ်

ဒယ်နရယ်ဟာ အသင်းတော်မှာ တိုးတက်လာပြီး အခွင့်ထူးတချို့ ရခဲ့တယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာ အမှားတစ်ခုလုပ်မိလို့ စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ သူ ဒီလိုပြောပြတယ် “အရင်တုန်းက ချာ့ခ်ျမှာ တွေ့ခဲ့ရတဲ့ အရေခြုံဟန်ဆောင်တာတွေကို ပြန်သတိရလို့ ကျွန်တော် ဟန်မဆောင်ချင်ဘူး။ ဒါနဲ့ ကျွန်တော်ရထားတဲ့ အသင်းတော်တာဝန်တွေကို ပြန်အပ်လိုက်တယ်။ ညီအစ်ကိုညီအစ်မတွေရှေ့မှာ မဟုတ်တာကို ဟုတ်သလိုဟန်ဆောင်ပြီး မနေချင်ဘူး။”

ဝမ်းသာစရာက၊ အချိန်နည်းနည်းကြာပြီးနောက် ဒယ်နရယ်ဟာ အသင်းတော်တာဝန်တွေကို စိတ်သန့်သန့်နဲ့ ပြန်လက်ခံပြီး အမှုထမ်းနိုင်ခဲ့တယ်။ အဲဒီလိုရိုးသားတဲ့သဘောထားကို ဟန်မဆောင်ဘဲ ဘုရားအမှုထမ်းတဲ့သူတွေမှာပဲ တွေ့ရတယ်။ သူတို့ဟာ ညီအစ်ကိုတွေရဲ့မျက်စိထဲက “ငြောင့်ငယ်ကို” ထုတ်ဖို့ မကြိုးစားခင် ကိုယ့်မျက်စိထဲက “သစ်တုံးကို ဦးစွာထုတ်ပစ်” တတ်လာကြတယ်။

“အရောင်းမြှင့်တင်ရေးသမားအဖြစ် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတာမျိုးတွေ မလုပ်တော့ဘူး။ . . . ကျွန်တော့်အသိစိတ် ပြောင်းလဲသွားပြီ။”—ဂျက်ဖရီ

စီးပွားရေးလောကမှာ ကျင်လည်ခဲ့တဲ့ ဂျက်ဖရီက “သမ္မာကျမ်းစာအကြောင်း ပိုနားလည်လာတော့ စာချုပ်ချုပ်နိုင်ဖို့ ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောတာမျိုးတွေ မလုပ်တော့ဘူး။ သုတ္တံကျမ်း ၁၁:၁ လို ကျမ်းချက်တွေက ကျွန်တော့်ရဲ့အသိစိတ်ကို ပြုပြင်ပေးတယ်။ အဲဒီမှာ ‘မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဖွယ်’ ဖြစ်တယ်လို့ ဆိုထားတယ်။” ဂျက်ဖရီဟာ အခွန်နဲ့ပတ်သက်ပြီး ယေရှုကို ဟန်ဆောင်မေးခွန်းထုတ်သူတွေနဲ့မတူဘဲ ခရစ်ယာန်ချင်းတွေနဲ့ရော ခရစ်ယာန်မဟုတ်သူတွေနဲ့ပါ ရိုးရိုးသားသား ဆက်ဆံတတ်လာတယ်။

ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့ ယေဟောဝါသက်သေတွေဟာ သမ္မာကျမ်းစာသွန်ချက်တွေကို ကြိုးစားကျင့်သုံးကြတယ်။ သူတို့ဟာ “စစ်မှန်သော ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းတို့နှင့်အညီ ဘုရားသခင်၏ အလိုတော်အတိုင်း ဖန်ဆင်းခံရသော စရိုက်သစ်ကို ဝတ်ဆင်” ဖို့ အစွမ်းကုန်ကြိုးစားကြတယ်။ (ဧဖက် ၄:၂၄) ယေဟောဝါသက်သေတွေဟာ ဘယ်သူတွေလဲ၊ သူတို့ ဘာကိုယုံကြည်သလဲ၊ ဘုရားပြုလုပ်ပေးမယ့် သာယာလှပတဲ့ကမ္ဘာသစ်အကြောင်းသိနိုင်ဖို့ သူတို့ ကူညီပေးပုံကို ဆန်းစစ်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။ ကမ္ဘာသစ်ဟာ “ဖြောင့်မတ်ခြင်းတည်နေရာ” ဖြစ်ပြီး အဲဒီမှာ အရေခြုံဟန်ဆောင်တာတွေ လုံးဝမရှိတော့ပါဘူး။—၂ ပေတရု ၃:၁၃