ဒါဟာ နားလည်မှု လွဲမှားရုံလေးပဲလား
စက်ရုံရဲ့ မီးခိုးခေါင်းတိုင်ကနေ မီးခိုးတလူလူတက်နေတာကို ကလေးမလေးတစ်ယောက် မြင်လိုက်တယ်။ မီးခိုးတွေက တိမ်စိုင်တိမ်ခဲတွေနဲ့ တူနေတော့ ဒီစက်ရုံဟာ မိုးတိမ်ထုတ်လုပ်တဲ့ စက်ရုံပဲလို့ သူတွေးလိုက်မိတယ်။ ကလေးတစ်ယောက်ရဲ့ ဒီလို နားလည်မှု လွဲမှားရုံလေးဟာ ရယ်စရာပဲ။ ဒါပေမဲ့ အရေးကြီးတဲ့ကိစ္စတွေကို နားလည်မှုလွဲရင်တော့ ကိုယ့်ရဲ့အသက်တာကို အများကြီးထိခိုက်နိုင်တယ်။ ဥပမာ၊ ဆေးညွှန်းမှားဖတ်မိရင် ဆိုးရွားတဲ့အကျိုးဆက်တွေ ကြုံနိုင်တယ်။
ယုံကြည်ချက်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ နားလည်မှုလွဲတာက ပိုလို့တောင် ဆိုးရွားနိုင်တယ်။ ဥပမာ၊ လူတချို့က ယေရှုရဲ့ သွန်သင်ချက်တွေကို နားလည်မှု လွဲခဲ့ကြတယ်။ (ယောဟန် ၆:၄၈–၆၈) သူတို့ ဆက်သင်ယူမယ့်အစား ယေရှုသွန်သင်ပေးတဲ့အရာ မှန်သမျှကို ငြင်းပယ်လိုက်ကြတယ်။ တကယ့်ဆုံးၡုံးမှုကြီးပါပဲ။
သင်ကော လမ်းညွှန်မှုတွေရဖို့ ကျမ်းစာကိုဖတ်သလား။ ဖတ်တယ်ဆိုရင် တကယ့်ကို ချီးကျူးပါတယ်။ ဒါပေမဲ့ ဖတ်တဲ့အရာတချို့ကို နားလည်မှုလွဲနိုင်တဲ့ အန္တရာယ်ရှိသလား။ လူများစွာ အဲဒီလိုကြုံကြတယ်။ လူအများစု နားလည်မှုလွဲနေတဲ့ အမှားသုံးခုကို သုံးသပ်ကြည့်ကြစို့။
-
တချို့သူတွေက ‘ဘုရားသခင်ကို ကြောက်ရွံ့ခြင်း’ ဆိုတဲ့ ကျမ်းစကားကို နားလည်မှုလွဲကြတယ်။ ဘုရားသခင်ကို အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့တာကို ဆိုလိုတယ်လို့ သူတို့ယူဆကြတယ်။ (ဒေသနာ ၁၂:၁၃) ဒါပေမဲ့ ဘုရားသခင်က အဲဒီလို အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ပြီး ဝတ်ပြုကိုးကွယ်တာကို အလိုမရှိပါဘူး။ “မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်” လို့ ဘုရားသခင်ကိုယ်တိုင် ပြောထားတယ်။ (ဟေရှာယ ၄၁:၁၀) ဘုရားသခင်ကို ကြောက်ရွံ့တယ်ဆိုတာက ရိုးရိုးလေးပြောရရင် ဘုရားသခင်ကို ကြည်ညိုကိုင်းရှိုင်းပြီး ရိုသေလေးစားတာကို ဆိုလိုတယ်။
-
တချို့သူတွေကျတော့ “ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ . . . ဖွားချိန်နှင့် သေချိန်လည်းရှိ၏” ဆိုတဲ့ ကျမ်းစကားတွေကို နားလည်မှုလွဲကြတယ်။ ဘုရားသခင်က လူတစ်ယောက် သေရမယ့်အချိန်ကို သတ်မှတ်တယ်လို့ သူတို့ယူဆကြတယ်။ (ဒေသနာ ၃:၁၊ ၂) တကယ်တော့ ဒီကျမ်းချက်က လူ့ဘဝရဲ့ သေခြင်း၊ ရှင်ခြင်းအကြောင်း ပြောနေတာဖြစ်ပြီး သေခြင်းကို လူတိုင်းကြုံတွေ့ရတဲ့အကြောင်း ကောက်ချက်ချရုံပါပဲ။ ဒါ့အပြင် ကိုယ့်ဆုံးဖြတ်ချက်က ဘဝသက်တမ်းကို တိုစေ၊ ရှည်စေနိုင်တယ်လို့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ “ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်တာကို ရှည်စေတတ်၏” လို့ဖတ်ရတယ်။ (သုတ္တံ ၁၀:၂၇။ ဆာလံ ၉၀:၁၀။ ဟေရှာယ ၅၅:၃) ဒါက ဘယ်လိုနည်းနဲ့ ဖြစ်နိုင်သလဲ။ ဥပမာ၊ ဘုရားသခင့် နှုတ်ထွက်စကားကို လေးစားတဲ့စိတ်က အရက်သောက်တာ၊ ကိုယ်ကျင့်တရားပျက်ပြားတာလိုမျိုး ကျန်းမာရေးထိခိုက်စေတဲ့ အကျင့်တွေကိုရှောင်ဖို့ လှုံ့ဆော်ပေးတယ်။—၁ ကောရိန္သု ၆:၉၊ ၁၀။
-
တချို့ကျပြန်တော့ ကောင်းကင်နဲ့မြေကြီးဟာ ‘မီးရှို့ရန်သိုထားခံရ’ တယ်ဆိုတဲ့ ကျမ်းစကားကို စာသားအတိုင်း အဓိပ္ပာယ်ကောက်ပြီး ကမ္ဘာမြေကို ဘုရားသခင် ဖျက်ဆီးလိမ့်မယ်လို့ ယူမှတ်ကြတယ်။ (၂ ပေတရု ၃:၇) ဒါပေမဲ့ ဘုရားသခင်က ကမ္ဘာမြေကို ဖျက်ဆီးဖို့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူးလို့ ကတိပေးထားတယ်။ ဘုရားသခင်က ‘မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေဖို့ တည်ထားတယ်။’ (ဆာလံ ၁၀၄:၅။ ဟေရှာယ ၄၅:၁၈) ဒါကြောင့် ကမ္ဘာမြေကြီးကို မဟုတ်ဘဲ အကျင့်ပျက်ခြစားနေတဲ့ ဒီလောကစနစ်ကို မီးနဲ့ဖျက်ဆီးသလို အပြီးသတ် ဖယ်ရှားပစ်မှာ ဖြစ်တယ်။ ကောင်းကင်ကို စာသားအတိုင်းယူမယ်ဆိုရင် မိုးကောင်းကင်၊ ကြယ်အတိပြီးတဲ့ စကြဝဠာ ဒါမှမဟုတ် ဘုရားသခင် စံမြန်းတဲ့နေရာ ဖြစ်တယ်။ ဒါတွေ ဖျက်ဆီးခံရမှာ မဟုတ်ဘူး။
ကျမ်းစာကို နားလည်မှုလွဲကြတာ ဘာကြောင့်လဲ
လူများစွာဟာ သူတို့ဖတ်တဲ့ ကျမ်းချက်တွေရဲ့ အဓိပ္ပာယ်ကို နားလည်မှုလွဲတတ်ကြမှန်း ဒီဥပမာတွေကနေ သိရတယ်။ ဘုရားက ဘာလို့ အဲဒီလိုဖြစ်ခွင့်ပြုရတာလဲ။ တချို့သူတွေက ‘ဘုရားသခင်ဟာ ဉာဏ်ပညာအရှိဆုံးအရှင်၊ အရာခပ်သိမ်းကို သိနိုင်တဲ့အရှင်ဆိုရင် လူတိုင်း အလွယ်တကူနားလည်အောင် ရေးထားတဲ့ ကျမ်းစာကို ပေးသင့်တာပေါ့။ ဘာဖြစ်လို့ အဲဒီလိုမပေးတာပါလိမ့်’ လို့ ပြောကြတယ်။ ကျမ်းစာကို နားလည်မှုလွဲရတဲ့ အကြောင်းရင်းသုံးခုကို သုံးသပ်ကြည့်ကြစို့။
-
၁။ နှိမ့်ချသူ၊ သင်ယူလိုစိတ်ရှိသူတွေပဲ နားလည်ဖို့ ကျမ်းစာကို ရေးသားထားတယ်။ ယေရှုက သူ့ဖခင်ကို “ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို ပညာရှိသောသူနှင့် ဉာဏ်ကောင်းသောသူတို့ မသိစေရန် ဝှက်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကိုယ်တော်အား ချီးမွမ်းပါ၏” ဆိုပြီး ပြောခဲ့တယ်။ (လုကာ ၁၀:၂၁) သဘောထားအမှန်ရှိသူတွေပဲ ကျမ်းစကားတွေရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ ကျမ်းစာကို ရေးသားထားတယ်။ “ပညာရှိသောသူနှင့် ဉာဏ်ကောင်းသောသူတို့” မှာဖြစ်တတ်တဲ့ မာနကြီးတဲ့သဘောထားမျိုးရှိသူတွေဟာ ကျမ်းစာကို နားလည်မှုလွဲလေ့ရှိတယ်။ ဒါပေမဲ့ နှိမ့်ချပြီး သင်ယူလိုစိတ်ရှိတဲ့ ‘သူငယ်တွေ’ ရဲ့ သဘောထားမျိုးရှိသူတွေကတော့ ကျမ်းစကားတွေရဲ့ အဓိပ္ပာယ်ကို ပိုနားလည်ခွင့်ရကြတယ်။ ကျမ်းစာကို ဘုရားသခင်ရေးသားထားပုံဟာ တကယ့်ကို ပညာသားပါတယ်။
-
၂။ ဖတ်ရှုပြီး နားလည်နိုင်ဖို့ ဘုရားသခင့်အကူအညီကို စိတ်ရင်းမှန်နဲ့ လိုချင်သူတွေအတွက် ကျမ်းစာကို ရေးသားထားတယ်။ ယေရှုက သူသွန်သင်တဲ့ အကြောင်းအရာတွေကို လူတွေ အပြည့်အဝနားလည်နိုင်ဖို့ အကူအညီလိုအပ်တယ်လို့ ပြောခဲ့တယ်။ ဒီအကူအညီကို ဘယ်လိုရနိုင်မလဲ။ “ခမည်းတော်သည် ငါ၏နာမ၌ စေလွှတ်တော်မူသော ကူညီမစသူဖြစ်သည့် သန့်ရှင်းသော စွမ်းအားတော်သည် သင်တို့အား ခပ်သိမ်းသောအရာများကို သွန်သင်တော်မူမည်” လို့ ယေရှုပြောခဲ့တယ်။ (ယောဟန် ၁၄:၂၆) ဘုရားသခင်က လူတွေ ကျမ်းစာဖတ်တဲ့အခါ နားလည်နိုင်ဖို့ ကူညီပေးတဲ့အနေနဲ့ သန့်ရှင်းသောစွမ်းအားတော်ကို ပေးတယ်။ ဒါပေမဲ့ ကိုယ်တော့်အကူအညီကို အားမကိုးသူတွေကိုတော့ စွမ်းအားတော်မပေးတဲ့အတွက် ကျမ်းစာဟာ သူတို့အမြင်မှာ နားလည်ရခက်နေတယ်။ ကျမ်းစာအကြောင်း ပိုနားလည်ချင်သူတွေကို ကူညီပေးဖို့ သန့်ရှင်းသောစွမ်းအားတော်က ကျမ်းစာအသိပညာပိုရှိတဲ့ ခရစ်ယာန်တွေကို လှုံ့ဆော်ပေးတယ်။—တမန်တော် ၈:၂၆-၃၅။
-
၃။ တချို့ကျမ်းစကားတွေကို လူ့သမိုင်းမှာ သင့်တော်တဲ့အချိန်ရောက်မှပဲ နားလည်ရတယ်။ ဥပမာ၊ ကြိုဟောသူဒံယေလဟာ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းစကားတွေကို ရေးသားဖို့ မိန့်မှာခံရတယ်။ ကောင်းကင်တမန်က “သင်ဒံယေလမူကား အမှုကုန်ရသည်ကာလတိုင်အောင် ဤစကားတော်တို့ကို ပိတ်၍ စာစောင်ကို တံဆိပ်ခတ်ထားလော့” လို့ပြောခဲ့တယ်။ ရာစုနှစ်များတစ်လျှောက် လူများစွာဟာ ဒံယေလကျမ်းကို ဖတ်ပေမဲ့ အဓိပ္ပာယ်နားမလည်ခဲ့ဘူး။ ဒံယေလကိုယ်တိုင်တောင် သူရေးခဲ့တဲ့ တချို့အကြောင်းအရာတွေကို နားမလည်ခဲ့ဘူး။ ‘ထိုစကားကို ငါကြား၍ နားမလည်’ လို့ သူရိုးရိုးသားသား ဝန်ခံခဲ့တယ်။ လူတွေဟာ ဒံယေလရေးသားခဲ့တဲ့ ကြိုဟောချက်တွေကို ဘုရားသခင်ရွေးချယ်တဲ့ သင့်တော်တဲ့အချိန်ရောက်မှပဲ မှန်မှန်ကန်ကန် နားလည်ပါလိမ့်မယ်။ ကောင်းကင်တမန်က “ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍ တံဆိပ်ခတ်ထားလျက်ရှိ၏” လို့ပြောခဲ့တယ်။ ဘုရားသခင့်သတင်းစကားတွေကို ဘယ်သူတွေ နားလည်ကြမလဲ။ “မတရားသောသူတို့သည် မတရားသဖြင့်ပြု၍ တစ်ယောက်မျှနားမလည်ရ။ ပညာရှိသောသူတို့မူကား [ထိုးထွင်းဉာဏ်ရှိသူတို့၊ ကဘ] နားလည်ကြလိမ့်မည်။” (ဒံယေလ ၁၂:၄၊ ၈–၁၀) ဒါကြောင့် ဘုရားသခင်က တချို့ကျမ်းစကားတွေရဲ့ အဓိပ္ပာယ်ကို သင့်တော်တဲ့အချိန်မရောက်မချင်း မဖော်ပြဘူး။
အချိန်မတိုင်သေးတဲ့အတွက် ယေဟောဝါသက်သေတွေ ကျမ်းစာကို နားလည်မှုလွဲခဲ့တာမျိုး ရှိသလား။ ရှိပါတယ်။ ဒါပေမဲ့ ကိစ္စရပ်တွေကို ဘုရားသခင် ရှင်းရှင်းလင်းလင်း ဖော်ပြပေးတဲ့အချိန် ရောက်လာတဲ့အခါမှာတော့ ယေဟောဝါသက်သေတွေဟာ နားလည်မှုတွေကို ပြုပြင်ပြောင်းလဲဖို့ အသင့်ရှိခဲ့တယ်။ ဒီလိုနည်းနဲ့ ခရစ်တော်ရဲ့ တမန်တော်တွေကို အတုယူနေတယ်လို့ ယုံကြည်ကြတယ်။ တမန်တော်တွေဟာ သူတို့ရဲ့ အတွေးအခေါ်ကို ယေရှုတည့်မတ်ပေးတဲ့အခါတိုင်း နှိမ့်ချစွာ ပြုပြင်ပြောင်းလဲခဲ့ကြတယ်။—တမန်တော် ၁:၆၊ ၇။
မိုးတိမ်တွေနဲ့ပတ်သက်ပြီး ကလေးမလေးရဲ့ စိတ်ကူးယဉ်ဆန်တဲ့အတွေးဟာ နားလည်မှု လွဲမှားရုံလေးပါပဲ။ ဒါပေမဲ့ ကျမ်းစာသွန်သင်ချက်တွေကတော့ သင့်အတွက် အရေးကြီးပါတယ်။ ကျမ်းစကားတွေဟာ သိပ်အရေးကြီးတာမို့ ကျမ်းစာဖတ်တဲ့အခါ ကိုယ့်ဘာသာကိုယ် နားလည်ဖို့ မကြိုးစားသင့်ဘူး။ ဒါကြောင့် ဖတ်ရှုတဲ့အရာကို နားလည်နိုင်ဖို့ အကူအညီရယူပါ။ နှိမ့်ချတဲ့စိတ်နဲ့ ကျမ်းစာလေ့လာနေသူတွေ၊ ကျမ်းစာကို နားလည်ဖို့ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ကို အားကိုးသူတွေ၊ ကျမ်းစာကို ဘုရားသခင်နားလည်စေချင်တဲ့အချိန်၊ လူ့သမိုင်းရဲ့ အထူးခြားဆုံးအချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေမှန်း အခိုင်အမာယုံကြည်သူတွေကို ရှာဖွေပါ။ ယေဟောဝါသက်သေတွေကို မေးမြန်းဖို့၊ သူတို့ရဲ့ jw.org ဝက်ဘ်ဆိုက်မှာ အသေအချာ သုတေသနလုပ်ပြီး တင်ပေးထားတဲ့ အကြောင်းအရာတွေကို ဖတ်ကြည့်ဖို့ မတွန့်ဆုတ်ပါနဲ့။ “အသိပညာရရှိရန် တိုးလျှိုးတောင်းပန်လော့။ . . . ဘုရားသခင်၏ အကြောင်းတော်ကို သိမြင်နိုင်လိမ့်မည်” လို့ ကျမ်းစာမှာ ကတိပြုထားပါတယ်။—သုတ္တံ ၂:၃–၅၊ ခမ။