ကောလောသဲ ၂:၁-၂၃
၂ အကြောင်းမူကား ငါသည် သင်တို့အတွက်လည်းကောင်း၊ လောဒိကိမြို့တွင် ရှိသောသူတို့အတွက်လည်းကောင်း၊ ငါ့မျက်နှာကို ကိုယ်တိုင် မမြင်ဖူးသောသူ ရှိသမျှတို့အတွက်လည်းကောင်း မည်မျှကြိုးစားအားထုတ်ကြောင်း သင်တို့အား သိစေလို၏။
၂ သူတို့သည် စိတ်သက်သာရာ ရစေရန်၊ ချစ်ခြင်းမေတ္တာအားဖြင့် သင့်မြတ်စွာ ပေါင်းသင်းနိုင်စေရန်၊ သူတို့သိနားလည်၍ အကြွင်းမဲ့ ယုံကြည်စိတ်ချခြင်းကြောင့် ကြွယ်ဝစေရန်၊ ဘုရားသခင်၏ မြင့်မြတ်သောလျှို့ဝှက်ချက်တည်းဟူသော ခရစ်တော်ကို သိကျွမ်းစေရန်ဖြစ်၏။
၃ ဉာဏ်ပညာ၊ အသိပညာတို့နှင့် ဆိုင်သော ဘဏ္ဍာရှိသမျှကို ကိုယ်တော်၌ အသေအချာ ဝှက်ထားတော်မူ၏။
၄ ဖြားယောင်းသောစကားဖြင့် သင်တို့ကို မည်သူမျှ မလှည့်ဖြားစေရန် ဤသို့ ငါပြောဆိုခြင်းဖြစ်၏။
၅ ငါသည် သင်တို့နှင့်အတူ လူကိုယ်တိုင် မရှိသော်လည်း စိတ်အားဖြင့် အတူရှိသောကြောင့် သင်တို့သည် စည်းစနစ်တကျရှိသည်ကိုလည်းကောင်း၊ ခရစ်တော်ကို သင်တို့ အခိုင်အမာယုံကြည်သည်ကိုလည်းကောင်း သိမြင်ရသဖြင့် ဝမ်းမြောက်ပါ၏။
၆ သို့ဖြစ်၍ သင်တို့သည် သခင်ခရစ်တော်ယေရှုကို လက်ခံကြပြီဖြစ်သောကြောင့် ကိုယ်တော်နှင့်အတူ စည်းလုံးညီညွတ်စွာ လျှောက်လှမ်းနေကြလော့။
၇ သင်တို့သည် သွန်သင်ခံရသည့်အတိုင်း ကိုယ်တော်၌ စွဲမြဲလျက်၊ တည်ဆောက်လျက်၊ ယုံကြည်ခြင်း၌ တည်မြဲလျက်နေကြလော့။ ကျေးဇူးတော်ကို ချီးမွမ်းသောအခါ ယုံကြည်ခြင်း ပြည့်လျှံလျက်နေပါစေ။
၈ ခရစ်တော်၏ သွန်သင်ချက်အတိုင်းမလိုက်၊ လောက၏ အခြေခံတရားကို လိုက်၍ လူ့ထုံးတမ်းစဉ်လာပေါ် အခြေပြုသော အတွေးအခေါ်နှင့် အကျိုးမဲ့ လှည့်ဖြားပြောဆိုခြင်းအားဖြင့် သင်တို့ကို သားကောင်အဖြစ် ဖမ်းယူမည့်သူတစ်ဦးဦး ရှိနိုင်သောကြောင့် သတိပြုကြလော့။
၉ အကြောင်းမူကား ဘုရားသခင်၏ ဂုဏ်ရည်တော်ရှိသမျှသည် ခရစ်တော်၌ ရုပ်လုံးပေါ်၏။
၁၀ ထို့ကြောင့် အစိုးရရှိသမျှ၊ အာဏာစက်ရှိသမျှတို့၏ ဦးခေါင်းဖြစ်သော ကိုယ်တော်အားဖြင့် သင်တို့သည် ပြည့်ဝစုံလင်ခြင်း ရှိကြ၏။
၁၁ သင်တို့သည် ခရစ်တော်နှင့်ဆိုင်သည့် အရေဖျားလှီးခြင်းတည်းဟူသော ဇာတိခန္ဓာကိုယ်ကို ဖယ်ရှားခြင်းအားဖြင့် လက်ဖြင့်မပြုလုပ်သည့် အရေဖျားလှီးခြင်းကို ခံကြ၏။
၁၂ သင်တို့သည် ကိုယ်တော်၏နှစ်ခြင်း၌ ကိုယ်တော်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြရ၏။ ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသခင်၏ တန်ခိုးတော် လုပ်ဆောင်မှုကို ယုံကြည်သောအားဖြင့် သင်တို့သည် ကိုယ်တော်နှင့်အတူ ထမြောက်ခြင်းကို ခံကြရ၏။
၁၃ ထို့ပြင် သင်တို့သည် အပြစ်ကျူးလွန်ခြင်း၌လည်းကောင်း၊ ကိုယ်ကာယ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌လည်းကောင်း သေလွန်သူများ ဖြစ်ခဲ့ကြသော်လည်း ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍ ငါတို့၏အပြစ်ကျူးလွန်မှုရှိသမျှကို သနားသဖြင့် ခွင့်လွှတ်တော်မူ၏။
၁၄ ငါတို့ကို အတိုက်အခံပြု၍ ဆန့်ကျင်သည့် နည်းဥပဒေသများပါသော ပဋိညာဉ်စာချုပ်ကို ဘုရားသခင်သည် ညှဉ်းဆဲရာသစ်တိုင်ပေါ် ရိုက်ထားတော်မူခြင်းအားဖြင့် ပယ်ဖျက်ခဲ့ပြီ။
၁၅ ကိုယ်တော်သည် အစိုးရများနှင့် အာဏာစက်များကို ဖယ်ရှားပြီးလျှင် သူတို့ကို လူထုရှေ့တွင် ဖော်ထုတ်ပြလျက် ညှဉ်းဆဲရာသစ်တိုင်အားဖြင့် အောင်ပွဲခံ၍ စီတန်းလှည့်လည်တော်မူ၏။
၁၆ ထို့ကြောင့် အဘယ်အရာ စားသောက်ရမည်၊ ပွဲခံရမည်၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ထိန်းရမည်ဟူ၍ သင်တို့ကို မည်သူမျှ မစီရင်ပါစေနှင့်။
၁၇ ထိုအရာများသည် နောင်ဖြစ်လာမည့် အရာများ၏အရိပ် ဖြစ်ကြ၏။ ခရစ်တော်မူကား အစစ်အမှန်* ဖြစ်တော်မူ၏။
၁၈ ဟန်ဆောင်နှိမ့်ချခြင်း၊ ကောင်းကင်တမန်ကိုးကွယ်ခြင်း၊ တွေ့မြင်သည့်အရာများကို “စွဲကိုင်” ၍ မိမိ၏ဇာတိစိတ်ကြောင့် အကြောင်းမဲ့ ဝင့်ဝါခြင်းတို့၌ ပျော်မွေ့သောသူ မည်သူမျှ သင်တို့၏ဆုကို မလုယူစေနှင့်။
၁၉ ထိုသူသည် ဦးခေါင်းတော်ကို မှီခိုခြင်း မရှိ။ ထိုဦးခေါင်းတော်အားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးသည် အဆစ်များ၊ အရွတ်များနှင့် လိုက်ဖက်စွာ ပေါင်းစပ်အားဖြည့်လျက် ဘုရားသခင် ကြီးထွားစေတော်မူသည့်အတိုင်း ကြီးထွားလာ၏။
၂၀ သင်တို့သည် လောက၏အခြေခံတရား၌ ခရစ်တော်နှင့်အတူ သေခဲ့ပြီးဖြစ်လျှင် လောကတွင် အသက်ရှင်နေသေးသကဲ့သို့ နည်းဥပဒေသများကို အဘယ်ကြောင့် လိုက်နာနေကြသနည်း။
၂၁ ထိုနည်းဥပဒေသများမှာ “မကိုင်နှင့်၊ မမြည်းစမ်းနှင့်၊ မထိနှင့်” ဟူ၍ဖြစ်၏။
၂၂ ထိုအရာများသည် လူ့အမိန့်များ၊ သွန်သင်ချက်များဖြစ်၍ လိုက်နာကျင့်သုံးပြီးလျှင် ပျက်စီးရမည့်အရာများ ဖြစ်ကြ၏။
၂၃ မိမိစိတ်ကြိုက် ကိုးကွယ်ခြင်း၊ ဟန်ဆောင်နှိမ့်ချခြင်း၊ ခန္ဓာကိုယ်ကို မညှာမတာ နှိပ်စက်ခြင်းအားဖြင့် ထိုအရာများ ဖော်ထုတ်ခံရ၏။ ထိုအရာများသည် ပညာရှိပုံရသော်လည်း လူ့ဇာတိအလိုဆန္ဒများကို နှိပ်ကွပ်ရာတွင် မည်သည့်အကျိုးမျှ မပေး။
အောက်ခြေမှတ်ချက်များ
^ သို့မဟုတ်၊ “အထည်ကိုယ်။” မူရင်း၊ “ခန္ဓာကိုယ်။”