ကောလောသဲ ၃:၁-၂၅
၃ သို့ဖြစ်၍ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ပြီးဖြစ်လျှင် ဘုရားသခင်၏ လက်ယာတော်ဘက် ခရစ်တော်ထိုင်ရာအရပ်ဖြစ်သော အထက်အရပ်ရှိအရာများကို ရှာလျက်နေကြလော့။
၂ မြေကြီးပေါ်ရှိအရာများကို မစွဲလမ်းဘဲ အထက်အရပ်ရှိအရာများကို စွဲလမ်းနေကြလော့။
၃ အကြောင်းမူကား သင်တို့သည် သေဆုံးခဲ့ကြပြီဖြစ်၍ သင်တို့၏အသက်သည် ဘုရားသခင်နှင့် တစည်းတလုံးတည်းရှိသော ခရစ်တော်နှင့်အတူ ဖုံးကွယ်ထားခြင်း ခံရ၏။
၄ ငါတို့၏အသက်တည်းဟူသော ခရစ်တော်သည် ထင်ရှားသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းထင်ရှားကြလိမ့်မည်။
၅ ထို့ကြောင့် မတရားမေထုန်ပြုခြင်း၊* မသန့်ရှင်းခြင်း၊* သွေးသားဆန္ဒပြင်းပြခြင်း၊ မကောင်းသော တောင့်တခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဖြစ်သော တပ်မက်ခြင်းနှင့်ဆိုင်သည့် မြေကြီးပေါ်ရှိ သင်တို့၏ကိုယ်အင်္ဂါများကို သေစေကြလော့။
၆ ထိုအရာများကြောင့် ဘုရားသခင်၏အမျက်တော် သင့်ရောက်လိမ့်မည်။
၇ သင်တို့သည်လည်း တစ်ချိန်က ထိုအရာများကို ပြုမူကျင့်ကြံ၍ နေထိုင်ခဲ့ကြ၏။
၈ ယခုမူကား အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မိုက်မဲခြင်း၊ ဆဲဆိုခြင်း၊ သင်တို့၏နှုတ်မှ ညစ်ညမ်းသောစကားပြောဆိုခြင်း ရှိသမျှတို့ကို ဖယ်ရှားကြလော့။
၉ အချင်းချင်း လိမ်လည်ပြောဆိုခြင်း မပြုကြနှင့်။ ပင်ကိုစရိုက်ဟောင်းနှင့်တကွ ယင်း၏အကျင့်အကြံများကို ချွတ်ပယ်၍၊
၁၀ ဖန်ဆင်းတော်မူသောအရှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ တိကျမှန်ကန်သော အသိပညာဖြင့် အသစ်ပြုပြင်သော စရိုက်သစ်ကို ဝတ်ဆင်ကြလော့။
၁၁ ထိုသို့ဝတ်ဆင်ထားလျှင် ဂျူးလူမျိုး၊ ဂရိလူမျိုးဟူ၍လည်းကောင်း၊ အရေဖျားလှီးခြင်းခံသူ၊ မခံသူဟူ၍လည်းကောင်း၊ တိုင်းတစ်ပါးသား၊ သကုသိလူဟူ၍လည်းကောင်း၊ ကျွန်၊ လွတ်လပ်သူဟူ၍လည်းကောင်း မရှိတော့ချေ။ ခရစ်တော်မူကား အရာခပ်သိမ်းဖြစ်၍၊ အလုံးစုံတို့၌ ရှိတော်မူ၏။
၁၂ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်း၍ချစ်မြတ်နိုးခံရသူများအနေနှင့် သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့။
၁၃ တစ်ဦးနှင့်တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။ ယေဟောဝါဘုရားသည်သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်တော်မူသကဲ့သို့သင်တို့လည်း ထိုနည်းတူပြုကြလော့။
၁၄ ထိုအရာများအပြင် ချစ်ခြင်းမေတ္တာကိုလည်းဝတ်ဆင်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုးဖြစ်၏။
၁၅ ထို့ပြင် သင်တို့၏စိတ်နှလုံးတွင် ခရစ်တော်၏ ငြိမ်သက်ခြင်း စိုးမိုးပါစေ။ အကြောင်းမူကား သင်တို့သည် ခန္ဓာကိုယ်တစ်ကိုယ်တည်း၌ ထိုငြိမ်သက်ခြင်းသို့ ခေါ်တော်မူခြင်း ခံရသည်ဖြစ်၍ ကျေးဇူးသိတတ်ကြလော့။
၁၆ ခရစ်တော်၏တရားစကားတော်သည် ခပ်သိမ်းသောဉာဏ်ပညာဖြင့် သင်တို့တွင် ကြွယ်ဝစွာ တည်ရှိပါစေ။ ဆာလံသီချင်းများ၊ ဘုရားသခင်အား ချီးမွမ်းသည့် သီချင်းများ၊ စိတ်နူးညွတ်စေသော ဓမ္မသီချင်းများဖြင့် အချင်းချင်း သတိပေးဆုံးမ၍ ယေဟောဝါဘုရားကို သင်တို့၏စိတ်နှလုံးထဲမှ သီဆိုချီးမွမ်းကြလော့။
၁၇ သင်တို့ပြောဆိုပြုမူလေသမျှကို သခင်ယေရှု၏နာမ၌ ပြုကြလော့။ ကိုယ်တော်မှတစ်ဆင့် ခမည်းတော် ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
၁၈ ဇနီးဖြစ်သူတို့၊ ခရစ်ယာန်တို့အတွက် သင့်မြတ်လျော်ကန်သည်နှင့်အညီ သင်တို့၏ ခင်ပွန်းကို လက်အောက်ခံကြလော့။
၁၉ ခင်ပွန်းဖြစ်သူတို့၊ သင်တို့၏ဇနီးကို ဆက်၍ချစ်ကြလော့။ သူတို့ကို ခါးသီးစွာ အမျက်မထွက်ကြနှင့်။
၂၀ သားသမီးဖြစ်သူတို့၊ အရာရာ၌ မိဘတို့ကို နာခံကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းကို သခင်နှစ်သက်တော်မူ၏။
၂၁ အဖဖြစ်သူတို့၊ သားသမီးများ ဒေါသထွက်ရန် မပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် စိတ်ပျက်အားငယ်ကြလိမ့်မည်။
၂၂ ကျွန်ဖြစ်သူတို့၊ သင်တို့၏ လူသားသခင်များကို အရာရာ၌ နာခံကြလော့။ မျက်နှာလို မျက်နှာရ လုပ်တတ်သူများကဲ့သို့ လူမြင်ကောင်းသည့် လုပ်ရပ်များအားဖြင့် မဟုတ်ဘဲ စိတ်ရင်းမှန်ဖြင့်လည်းကောင်း၊ ယေဟောဝါဘုရားကို ကြောက်ရွံ့သောသဘောဖြင့်လည်းကောင်း နာခံကြလော့။
၂၃ သင်တို့ပြုလေသမျှကို လူ၏အမှုကဲ့သို့ မဟုတ်ဘဲ ယေဟောဝါဘုရား၏ အမှုတော်ကဲ့သို့ စိတ်နှလုံးအကြွင်းမဲ့* ဆောင်ရွက်ကြလော့။
၂၄ အကြောင်းမူကား သင်တို့သည် ယေဟောဝါဘုရားထံမှ အမွေတော်တည်းဟူသော အကျိုးကျေးဇူးရမည်ကို သိကြ၏။ သခင်ဖြစ်သော ခရစ်တော်ကို အစေခံကြလော့။
၂၅ မကောင်းမှုပြုသောသူသည် မကောင်းမှုပြုသည့်အတိုင်း အကျိုးအပြစ်ကို ပြန်လည်ခံစားရလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် မျက်နှာလိုက်တော်မူခြင်း မရှိသောကြောင့်တည်း။
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ ၄ ရှု။
^ သို့မဟုတ်၊ “ညစ်ညမ်းခြင်း၊ ယုတ်ညံ့ခြင်း၊ တဏှာရာဂအားကြီးခြင်း။”
^ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။