ဂလာတိ ၂:၁-၂၁
၂ ထို့နောက် တစ်ဆယ့်လေးနှစ်လွန်ပြီးမှ ငါသည် တိတုကိုခေါ်၍ ဗာနဗနှင့်အတူ ဂျေရုဆလင်မြို့သို့တစ်ဖန် သွားလေ၏။
၂ သို့သော် ငါသည် ဗျာဒိတ်တော်အရ သွား၍ လူမျိုးခြားတို့တွင် ဟောပြောနေသော သတင်းကောင်းအကြောင်းကို ထင်ရှားသော ညီအစ်ကိုတို့ရှေ့ သီးသန့်တင်ပြခဲ့၏။ အကြောင်းမူကား ငါဆောင်ရွက်နေသောအမှု၊ ဆောင်ရွက်ပြီးသောအမှုတို့ကို အချည်းနှီး မဖြစ်စေလို၍တည်း။
၃ မည်သို့ပင်ဖြစ်စေ၊ ငါနှင့်အတူရှိသော တိတုသည် ဂရိလူမျိုးဖြစ်သော်လည်း အရေဖျားလှီးရန် အတင်းအကျပ်ပြုခြင်း မခံရ။
၄ ထိုကိစ္စသည် ညီအစ်ကိုအတုအယောင်တို့ကြောင့် ပေါ်လာ၏။ ထိုသူတို့သည် ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်း ရှိသူများအဖြစ် ငါတို့ရရှိထားသော လွတ်လပ်မှုကို လျှို့ဝှက်ထောက်လှမ်း၍ ငါတို့ကို ကျွန်ပြုရန် လျှိုဝင်လာကြ၏။
၅ ငါတို့မူကား သင်တို့၌ သတင်းကောင်းနှင့်ဆိုင်သော အမှန်တရားတည်နေရန် ထိုသူတို့ကို တစ်ခဏမျှပင် လက်အောက်မခံကြ။
၆ သို့သော် အရေးပါပုံရှိသော ထင်ရှားသူတို့နှင့် ပတ်သက်လျှင် သူတို့သည် ယခင်က မည်သို့သောသူများပင်ဖြစ်ပါစေ ငါ့အတွက် မထူးခြား။ အကြောင်းမူကား ဘုရားသခင်သည် လူ့အပြင်ပန်းသဏ္ဌာန်ကိုသာ ရှုမြင်တော်မူသည် မဟုတ်။ အမှန်မှာ ထိုသူတို့ထံမှ အဘယ်အသစ်သောအရာကိုမျှ ငါမရရှိခဲ့။
၇ သို့သော် ပေတရုသည် အရေဖျားလှီးခြင်းခံသော သူတို့အတွက် သတင်းကောင်းကို အပ်နှင်းခံရသကဲ့သို့ ငါသည်လည်း အရေဖျားလှီးခြင်း မခံသောသူတို့အတွက် သတင်းကောင်းကို အပ်နှင်းခံရကြောင်း သူတို့သိမြင်ကြ၏။
၈ အရေဖျားလှီးခြင်း ခံသူတို့အတွက် တမန်တော်အခွင့်အရာကို ပေတရုအား ပေးတော်မူသောအရှင်သည် ငါ့ကိုလည်း လူမျိုးခြားတို့အတွက် တမန်တော်အခွင့်အရာကို ပေးတော်မူ၏။
၉ အသင်းတော်၏ အမာခံပုဂ္ဂိုလ်များအဖြစ် အသိအမှတ်ပြုခံရသော ယာကုပ်၊ ကေဖ၊ ယောဟန်တို့သည် ငါခံရသော မဟာကရုဏာတော်ကို သိကြသောအခါ ငါနှင့် ဗာနဗတို့အား လုပ်ဖော်ဆောင်ဖက်များအဖြစ် လက်ဆွဲနှုတ်ဆက်ကြ၏။ ငါတို့သည် လူမျိုးခြားတို့ထံ သွား၍၊ သူတို့မူကား အရေဖျားလှီးခြင်း ခံသူတို့ထံ သွားကြ၏။
၁၀ သို့ရာတွင် ငါတို့သည် ဆင်းရဲသောသူတို့ကို သတိရရန်သာ လို၏။ ထိုသို့ပြုရန် ငါအလွန်အားထုတ်၏။
၁၁ အန္တိအုတ်မြို့သို့ ကေဖ ရောက်လာသောအခါ သူ၌ အပြစ်တင်စရာရှိသောကြောင့် ငါသည် သူ့ကို အတိအလင်း ကန့်ကွက်ပြောဆိုခဲ့၏။
၁၂ အကြောင်းမူကား ယာကုပ်ထံမှ လူအချို့ ရောက်မလာမီ သူသည် လူမျိုးခြားတို့နှင့်အတူ စားသောက်လေ့ရှိ၏။ သူတို့ ရောက်လာသောအခါ၌မူ အရေဖျားလှီးခြင်းခံသော သူတို့ကို ကြောက်သဖြင့် သူသည် လူမျိုးခြားတို့နှင့် မပေါင်းတော့ဘဲ ရှောင်ကြဉ်လေ၏။
၁၃ အခြားသော ဂျူးတို့သည်လည်း သူနှင့်အတူ ထိုသို့ဟန်ဆောင်ကြ၏။ ဗာနဗပင်လျှင် သူတို့နည်းတူ ဟန်ဆောင်လေ၏။
၁၄ သို့သော် သူတို့သည် သတင်းကောင်းနှင့်ဆိုင်သော အမှန်တရားအတိုင်း ဖြောင့်တန်းစွာ မလိုက်လျှောက်သည်ကို တွေ့ရှိသောအခါ သူတို့အားလုံးရှေ့တွင် ကေဖအား ငါက “သင်သည် ဂျူးဖြစ်လျက်ပင် ဂျူးကဲ့သို့မဟုတ်၊ လူမျိုးခြားတို့နည်းတူ နေထိုင်မည်ဆိုလျှင် လူမျိုးခြားတို့ကို ဂျူးတို့၏အကျင့်ဓလေ့အတိုင်း အဘယ်ကြောင့် အတင်းအကျပ် နေထိုင်စေလိုသနည်း” ဟုဆို၏။
၁၅ ငါတို့သည် လူမျိုးခြားတို့ထဲမှ အပြစ်သားများ မဟုတ်ဘဲ ဇာတိအရ ဂျူးလူမျိုး ဖြစ်ကြ၏။
၁၆ လူသည် ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ ခရစ်တော်ယေရှုကို ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်ကြောင်းကို ငါတို့သိကြ၏။ သို့ဖြစ်၍ ငါတို့လည်း ပညတ်တရားအားဖြင့် မဟုတ်ဘဲ ခရစ်တော်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရန် ခရစ်တော်ကို ယုံကြည်ကြပြီ။ အကြောင်းမူကား ပညတ်တရား၏ အကျင့်အားဖြင့် မည်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။
၁၇ ငါတို့သည် ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရန် ကြိုးစားလျက်ပင် အပြစ်သားများဖြစ်နေကြလျှင် ခရစ်တော်သည် အပြစ်ကျူးလွန်ရန် အားပေးသူဖြစ်မည်လော။ လုံးဝ မဖြစ်နိုင်ရာ။
၁၈ အကြောင်းမူကား တစ်ချိန်က ငါဖြိုချခဲ့သော အရာများကို ယခု ငါပြန်တည်ဆောက်မည်ဆိုလျှင် ငါသည် အပြစ်ကျူးလွန်သူ ဖြစ်၏။
၁၉ ငါမူကား ဘုရားသခင်အတွက် အသက်ရှင်ရမည်အကြောင်း ပညတ်တရား၌ သေဆုံးခဲ့၏။
၂၀ ငါသည် ခရစ်တော်နှင့်အတူ သစ်တိုင်မှာ ရိုက်ထားခြင်းခံခဲ့ရပြီ။ ယခု အသက်ရှင်နေသူသည် ငါမဟုတ်တော့။ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၍ ငါတို့သည် တစည်းတလုံးတည်း ရှိကြ၏။ ခန္ဓာကိုယ်၌ ယခု အသက်ရှင်နေခြင်းသည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ကိုယ်တော်သည် ငါ့ကိုချစ်၍ ငါ့အတွက် ကိုယ်ကိုစွန့်တော်မူ၏။
၂၁ ငါသည် ဘုရားသခင်၏ မဟာကရုဏာတော်ကို ငြင်းပယ်ခြင်းမပြု။ ဖြောင့်မတ်ခြင်းသည် ပညတ်တရားအားဖြင့်ဖြစ်လျှင် ခရစ်တော်သည် အကျိုးမဲ့ အသေခံတော်မူခြင်း ဖြစ်ပေလိမ့်မည်။