ဂလာတိ ၄:၁-၃၁

 ငါဆိုသည်ကား၊ အမွေခံသည် အမွေပစ္စည်းရှိသမျှကို ပိုင်ဆိုင်သော်လည်း အရွယ်မရောက်မီ ကာလပတ်လုံး ကျွန်နှင့် အလျှင်းမခြားနား။ ၂  သူသည် အဖသတ်မှတ်ထားချိန် မရောက်မချင်း အုပ်ထိန်းသူနှင့် ဘဏ္ဍာစိုးတို့၏ လက်အောက်တွင် ရှိ၏။ ၃  ထိုနည်းတူ ငါတို့သည် သူငယ်ဖြစ်စဉ်အခါ လောက၏ အခြေခံတရားများအောက်၌ ကျွန်ခံ ကြရ၏။ ၄  အချိန်စေ့သောအခါ ဘုရားသခင်သည် သားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးမှ မွေးဖွား၍ ပညတ်တရားအောက်၌ ရှိလေ၏။ ၅  သို့ဖြင့် ငါတို့သည် သားများအဖြစ် မွေးစားခံရမည်အကြောင်း သားတော်သည် ပညတ်တရားအောက်၌ ရှိသောသူတို့ကို ဝယ်ယူ၍ ကယ်လွှတ်တော်မူ၏။ ၆  ယခုသင်တို့သည် သားများဖြစ်သောကြောင့် “အဗ္ဗ၊ အဖ” ဟုကြွေးကြော်သည့်၊ သားတော်၌ရှိသည့် သန့်ရှင်းသောစွမ်းအားတော်ကို ငါတို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။ ၇  သို့ဖြစ်၍ သင်သည် ကျွန်မဟုတ်တော့ဘဲ သားဖြစ်လာပြီ။ သားဖြစ်လျှင် ဘုရားသခင်အားဖြင့် အမွေခံလည်းဖြစ်၏။ ၈  သို့သော်သင်တို့သည် ဘုရားသခင်ကို မသိသောအချိန်တွင် အမှန်စင်စစ်* ဘုရားမဟုတ်သူတို့ကို အစေခံကြ၏။ ၉  ယခုမူကား သင်တို့သည် ဘုရားသခင်ကို သိကျွမ်းလာကြပြီ။ အမှန်ဆိုရလျှင် ဘုရားသခင်သည် သင်တို့ကို သိကျွမ်းတော်မူပြီ။ သို့ဖြစ်လျက်နှင့် အကျိုးမရှိ၊ တန်ဖိုးမရှိသော အခြေခံတရားများဘက်သို့ ပြန်လှည့်၍ ကျွန်ခံလိုကြသည်မှာ မည်သို့နည်း။ ၁၀  သင်တို့သည် နေ့များ၊ လများ၊ အချိန်ရာသီများနှင့် နှစ်များကို အထူးအလေးထား စောင့်ထိန်းနေကြ၏။ ၁၁  သင်တို့အတွက် ငါ၏ ကြိုးစားအားထုတ်မှုသည် အချည်းနှီးဖြစ်မည်ကို စိုးရိမ်၏။ ၁၂  ညီအစ်ကိုတို့၊ ငါသည် သင်တို့နည်းတူ ဖြစ်ခဲ့ဖူးသဖြင့် ယခု ငါ့နည်းတူ ဖြစ်လာကြရန် တောင်းပန်ပါ၏။ သင်တို့သည် ငါ့အပေါ် အဘယ်အမှားမျှ မပြုကြ။ ၁၃  ငါသည် ဖျားနာသောကြောင့် သတင်းကောင်းကို သင်တို့အား ဦးဆုံးအကြိမ် ဟောပြောခွင့်ရသည်ကို သင်တို့သိကြ၏။ ၁၄  ငါ၏ဖျားနာခြင်းသည် သင်တို့အတွက် စမ်းသပ်မှုဖြစ်သည် မှန်သော်လည်း သင်တို့သည် ငါ့ကို မထီမဲ့မြင်ပြုခြင်း၊ ရွံရှာစွာ တံတွေးထွေးခြင်း မပြုကြဘဲ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့လည်းကောင်း၊ ခရစ်တော်ယေရှု ကဲ့သို့လည်းကောင်း ငါ့ကို လက်ခံကြ၏။ ၁၅  သို့ဖြစ်၍ သင်တို့ခံစားခဲ့ရသော ပျော်ရွှင်မှုသည် အဘယ်မှာနည်း။ အကြောင်းမူကား ဖြစ်နိုင်မည်ဆိုလျှင် သင်တို့သည် ကိုယ့်မျက်စိကိုပင် ထုတ်၍ ငါ့အားပေးကြမည်ဟု ငါသက်သေခံ၏။ ၁၆  ငါသည် သင်တို့ကို အမှန်အတိုင်း ပြောဆိုသဖြင့် သင်တို့၏ ရန်သူ ဖြစ်သွားပြီလော။ ၁၇  ထိုသူတို့သည် သင်တို့ကို ဇွဲနှင့် စည်းရုံးနေခြင်းမှာ စိတ်ရင်းမှန်ဖြင့်မဟုတ်။ သူတို့ဘက် သင်တို့လိုက်ပါပြီး ငါနှင့် အဆက်ပြတ်သွားစေလို၍ဖြစ်၏။ ၁၈  သို့သော် သင်တို့နှင့်အတူ ငါရှိချိန်၌သာမဟုတ်၊ အချိန်တိုင်းတွင် ကောင်းသောအမှုကို ထက်သန်စွာ လုပ်ဆောင်ခြင်းသည် ကောင်းမွန်ပါ၏။ ၁၉  ငါ၏ချစ်သားသမီးတို့၊ ခရစ်တော်သည် သင်တို့အထဲ၌ မတည်မချင်း ငါသည် သင်တို့အတွက် သားဖွားခြင်းဝေဒနာကို ခံစားနေရပြန်၏။ ၂၀  သို့သော် သင်တို့နှင့်ပတ်သက်၍ မည်သို့ပြုရမည်ကို မသိသောကြောင့် ငါသည် ယခုပင် သင်တို့နှင့်အတူရှိ၍ သင်တို့အား လေသံပြောင်းပြီး စကားပြောလို၏။ ၂၁  ပညတ်တရားအောက်၌ နေလိုသော သင်တို့သည် ပညတ်တရားကို ကိုယ်တိုင်နာယူကြ၏လော။ ၂၂  ဥပမာ၊ အာဗြဟံ၌ သားနှစ်ဦးရှိ၏။ တစ်ဦးသည် ကျွန်မနှင့်ရသောသားဖြစ်၍ အခြားတစ်ဦးမူ လွတ်လပ်သောမိန်းမနှင့်ရ သောသားဖြစ်၏ ဟုကျမ်းစာ၌ရေးထား၏။ ၂၃  ကျွန်မနှင့်ရသောသားသည် လူ့ဇာတိအတိုင်း ဖွားသောသားဖြစ်၏။ လွတ်လပ်သော မိန်းမနှင့် ရသောသားမူကား ကတိတော်အားဖြင့် ဖွားသောသား ဖြစ်၏။ ၂၄  ဤအရာများသည် ပုံဆောင်ချက်ဖြစ်၏။ အကြောင်းမူကား ဤအမျိုးသမီးများသည် ပဋိညာဉ်တရားနှစ်ခုကို ဆိုလို၏။ ဆိုင်းနိုင်းတောင်တွင်ဖွဲ့ခဲ့သော ပဋိညာဉ်တရားသည် ကျွန်ဖြစ်မည့် သားသမီးများကို ဖွားသော ဟာဂရဖြစ်၏။ ၂၅  ထိုဟာဂရသည် အာရပ်ပြည်ရှိ ဆိုင်းနိုင်းတောင်ကို ပုံဆောင်၍ ယနေ့ရှိသော ဂျေရုဆလင်မြို့နှင့်အလားတူ၏။ အကြောင်းမူကား သူသည် သားသမီးများနှင့်အတူ ကျွန်ခံနေရ၏။ ၂၆  အထက်ဂျေရုဆလင်မူကား လွတ်လပ်သူဖြစ်၍ ငါတို့၏မိခင် ဖြစ်၏။ ၂၇  “သားမဖွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကို မခံရသောမိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား စွန့်ပစ်ခံရသော မိန်းမသည် ခင်ပွန်းရှိသောမိန်းမထက် သာ၍များသော သားသမီးတို့ကို ဖွားမြင်ပြီ” ဟုကျမ်းစာတွင် ရေးထား၏။ ၂၈  ညီအစ်ကိုတို့၊ ငါတို့မူကား ဣဇာက်နည်းတူ ကတိတော်နှင့်ဆိုင်သော သားသမီးများဖြစ်ကြ၏။ ၂၉  လူ့ဇာတိအားဖြင့် မွေးဖွားသောသူသည် စွမ်းအားတော်အားဖြင့် မွေးဖွားသောသူကို ညှဉ်းဆဲသကဲ့သို့ ယခုလည်း ထိုနည်းတူပင်ဖြစ်၏။ ၃၀  သို့သော် ကျမ်းစာ၌ မည်သို့ဆိုသနည်း။ “ကျွန်မဖြစ်သူနှင့် သူ၏သားကို နှင်ထုတ်လော့။ အကြောင်းမူကား ကျွန်မ၏သားသည် လွတ်လပ်သော မိန်းမ၏သားနှင့်အတူ လုံးဝအမွေမခံရ” ဟုဆို၏။ ၃၁  ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏သားသမီး မဟုတ်ကြ။ လွတ်လပ်သော မိန်းမ၏သားသမီး ဖြစ်ကြ၏။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ဇာတိအားဖြင့်။”