ဂလာတိ ၆:၁-၁၈
၆ ညီအစ်ကိုတို့၊ လူသည် သတိမထားမိဘဲ ခြေလှမ်းမှားမိလျှင်ပင် ဘုရားရေးရာ အရည်အသွေးများရှိသော သင်တို့သည် ကိုယ်ကို မပြတ်သတိပြုလျက် ထိုသို့သောသူကို နူးညံ့သိမ်မွေ့သောစိတ်နှင့် တည့်မတ်ပေးကြလော့။ အကြောင်းမူကား သင်တို့လည်း သွေးဆောင်ခံရမည်ဟု စိုးရိမ်စရာရှိ၏။
၂ အချင်းချင်း၏ဝန်များကို ထမ်းရွက်လျက် နေကြလော့။ ခရစ်တော်၏တရားကို ပြည့်စုံစေကြလော့။
၃ မည်သူမဆို ဘာမျှမဟုတ်ဘဲလျက် ငါသည် အရေးပါသူဖြစ်သည်ဟု ထင်မှတ်လျှင် ထိုသူသည် မိမိကိုယ်ကို လှည့်ဖြားသောသူ ဖြစ်၏။
၄ လူတိုင်း ကိုယ်ပြုသောအမှုကို ဆန်းစစ်ပါစေ။ သို့ပြုလျှင် သူတစ်ပါးနှင့် ကိုယ်ကိုမနှိုင်းယှဉ်ဘဲ ကိုယ့်အမှု၌သာ အားရရွှင်လန်းစရာအကြောင်း ရှိလိမ့်မည်။
၅ အကြောင်းမူကား လူအသီးသီးသည် မိမိတို့၏ဝန်ကို ထမ်းရွက်ကြရမည်။
၆ ထို့ပြင် မည်သူမဆို တရားစကားတော်ကို နှုတ်တိုက်သွန်သင်ခံရလျှင် နှုတ်တိုက်သွန်သင်ပေးသူအား ကောင်းသောအရာရှိသမျှကို မျှဝေပေးပါစေ။
၇ လှည့်ဖြားခြင်းကို မခံကြနှင့်။ ဘုရားသခင်သည် ပြက်ရယ်ပြုခြင်းကို ခံတော်မူသည် မဟုတ်။ အကြောင်းမူကား လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။
၈ လူ့ဇာတိသဘောအတွက် မျိုးစေ့ကြဲသူသည် လူ့ဇာတိအားဖြင့် ပုပ်ပျက်ခြင်းကို ရိတ်သိမ်းရလိမ့်မည်။ စွမ်းအားတော်အတွက် မျိုးစေ့ကြဲသူမူကား ဘုရားသခင့်စွမ်းအားတော်အားဖြင့် ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
၉ ထို့ကြောင့် ငါတို့သည် လက်မလျှော့ဘဲ ကောင်းသောအမှုကို ပြုနေကြစို့။ အကြောင်းမူကား နွမ်းလျခြင်း မရှိဘဲနေလျှင် အချိန်တန်သော် ရိတ်သိမ်းကြရလိမ့်မည်။
၁၀ သို့ဖြစ်၍ ငါတို့သည် အခွင့်အခါသင့်နေသရွေ့ လူတိုင်းကို ကောင်းမှုပြုကြစို့။ အထူးသဖြင့် ယုံကြည်ခြင်း၌ ဆွေမျိုးတော်သူတို့ကို ကောင်းမှုပြုကြစို့။
၁၁ စာလုံးကြီးများဖြင့် သင်တို့ထံ ငါ့လက်နှင့် ရေးလိုက်သည်ကို သင်တို့သိမြင်ကြ၏။
၁၂ သူတစ်ပါး၏ နှစ်သက်သဘောကျမှုကို ရလိုသူအားလုံးသည် ခရစ်တော်ယေရှု၏ ညှဉ်းဆဲရာသစ်တိုင်ကြောင့် ကိုယ်တိုင်ညှဉ်းဆဲခြင်း မခံရမည်အကြောင်း သင်တို့ကို အရေဖျားလှီးရန် အတင်းအကျပ် ပြုကြ၏။
၁၃ အရေဖျားလှီးခြင်းခံသော ထိုသူတို့ပင် ပညတ်တရားကို ကိုယ်တိုင်မကျင့်ကြ။ သို့သော် သူတို့သည် သင်တို့၏ အပြင်ပန်းသဏ္ဌာန်ကို အကြောင်းပြုလျက် ဝါကြွားလို၍ သင်တို့ကို အရေဖျားလှီးခြင်း ခံစေလိုကြ၏။
၁၄ ငါသည် ငါတို့သခင် ယေရှုခရစ်၏ ညှဉ်းဆဲရာသစ်တိုင်မှလွဲ၍ အဘယ်အရာ၌မျှ မဝါကြွားရပါစေနှင့်။ ကိုယ်တော်အားဖြင့် ဤလောကသည် ငါ့အမြင်တွင် သစ်တိုင်တင်ခံရ၏။ ငါသည်လည်း လောကအမြင်တွင် သစ်တိုင်တင်ခံရပြီ။
၁၅ အကြောင်းမူကား အရေဖျားလှီးခြင်းခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ အရေးပါသည်မဟုတ်။ အသစ်သောဖန်ဆင်းရာသာ အရေးပါ၏။
၁၆ ဤကျင့်ဝတ်အတိုင်း စနစ်တကျ လိုက်လျှောက်သူ အားလုံးနှင့် ဘုရားသခင်၏ အစ္စရေးလူမျိုးအပေါ်တွင် ငြိမ်သက်ခြင်း၊ သနားကြင်နာခြင်းတို့ ရှိပါစေ။
၁၇ ယခုမှစ၍ မည်သူမျှ ငါ့ကို မနှောင့်ယှက်ပါစေနှင့်။ အကြောင်းမူကား ငါ၏ကိုယ်တွင် ယေရှု၏ကျွန်ဟူ၍ တံဆိပ်ခတ်ထား၏။
၁၈ ညီအစ်ကိုတို့၊ ငါတို့၏သခင် ယေရှုခရစ်၏ မဟာကရုဏာသည် သင်တို့၏စိတ်နှလုံး၌ ရှိပါစေ။ အာမင်။