တမန်တော် ၁၁:၁-၃၀
၁၁ လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏ တရားစကားတော်ကို ခံယူကြောင်း ယုဒပြည်ရှိ တမန်တော်တို့နှင့် ညီအစ်ကိုတို့သည် ကြားသိကြ၏။
၂ ထို့ကြောင့် ဂျေရုဆလင်မြို့သို့ ပေတရုတက်လာသောအခါ အရေဖျားလှီးခြင်းကို ထောက်ခံသောသူတို့က ဆန့်ကျင်ဘက်ပြု၍၊
၃ သင်သည် အရေဖျားလှီးခြင်းကို မခံသောသူများ၏အိမ်သို့ဝင်၍ စားသောက်သည်ဟု ဆိုကြ၏။
၄ ထိုအခါ ပေတရုသည် ဖြစ်ပျက်သမျှကို အစချီ၍ ရှင်းပြသည်မှာ၊
၅ “ငါသည် ယုပ္ပေမြို့၌ ဆုတောင်းနေစဉ် ရူပါရုံတစ်ခုတွင် ကောင်းကင်မှကျလာသည့် စတုရန်းပုံပိတ်ထည်ကြီးကဲ့သို့သောတန်ဆာသည် ငါ့ထံ ရောက်လာသည်ကိုမြင်ရ၏။
၆ ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင် မြေ၌ကျက်စားသော ခြေလေးချောင်းသတ္တဝါမျိုး၊ သားရဲမျိုး၊ တွားသွားသတ္တဝါမျိုး၊ မိုးကောင်းကင်ငှက်မျိုးတို့ကို မြင်လေ၏။
၇ ထိုအခါ ‘ပေတရု၊ ထ၍သတ်စားလော့’ ဟုငါ့အား ပြောသောစကားသံကိုလည်း ကြားရ၏။
၈ ငါကလည်း ‘မဖြစ်နိုင်ပါသခင်၊ ညစ်ညူးသောအရာ၊ မစင်ကြယ်သောအရာကို ကျွန်ုပ်၏ခံတွင်းထဲသို့ တစ်ခါမျှ မထည့်ဖူးပါ’ ဟုပြောဆို၏။
၉ ကောင်းကင်မှ စကားသံက ‘ဘုရားသခင် စင်ကြယ်စေပြီးသောအရာကို ညစ်ညူးသည်ဟု မပြောနှင့်’ ဟူ၍ ဒုတိယအကြိမ်လာပြန်၏။
၁၀ ထိုသို့ သုံးကြိမ်တိုင်အောင် ဖြစ်ပျက်ပြီးလျှင် ထိုအရာရှိသမျှကို ကောင်းကင်သို့ ဆွဲယူပြန်လေ၏။
၁၁ ထိုခဏချင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့ လာကြသော လူသုံးဦးသည် ငါတို့ရှိသောအိမ်၌ ရပ်နေသည်ကို တွေ့၏။
၁၂ စွမ်းအားတော်သည် ငါ့အား တွေးတောခြင်းမရှိဘဲ သူတို့နှင့်အတူလိုက်သွားရန် ဆင့်ဆို၏။ ဤညီအစ်ကိုခြောက်ဦးသည်လည်း ငါနှင့်အတူလိုက်၍ ဖိတ်ခေါ်သူ၏အိမ်သို့ ဝင်ကြ၏။
၁၃ “ငါတို့အား ထိုသူပြောပြသည်မှာ ကောင်းကင်တမန်သည် သူ၏အိမ်၌ ရပ်ပြီးလျှင် ‘ယုပ္ပေမြို့သို့ လူကိုစေလွှတ်၍ ပေတရုအမည်ရှိသော ရှိမုန်ကို ခေါ်ဖိတ်လော့။
၁၄ ထိုသူသည် သင်နှင့် သင့်အိမ်သူအိမ်သား ရှိသမျှတို့အား ကယ်တင်ခြင်းရစေမည့် တရားစကားတော်ကို ဟောပြောလိမ့်မည်’ ဟုမြွက်ဆို၏။
၁၅ ငါသည် ဟောပြောစပြုစဉ် သန့်ရှင်းသော စွမ်းအားတော်သည် ရှေးဦးစွာ ငါတို့အပေါ်သို့ သက်ရောက်သည့်နည်းတူ ထိုသူတို့အပေါ်သို့လည်း သက်ရောက်လေ၏။
၁၆ ‘ယောဟန်သည် ရေဖြင့် နှစ်ခြင်းပေး၏။ သို့သော် သင်တို့သည် သန့်ရှင်းသော စွမ်းအားတော်ဖြင့် နှစ်ခြင်းခံကြလိမ့်မည်’ ဟုသခင်မိန့်တော်မူလေ့ရှိသည်ကို ထိုအခါ ငါပြန်သတိရ၏။
၁၇ သခင်ယေရှုခရစ်ကို ယုံကြည်သော ငါတို့အား ဘုရားသခင်သည် ထိုဆုကျေးဇူးကို ပေးတော်မူသည့်နည်းတူ ထိုသူတို့အားလည်း ပေးတော်မူလျှင် ငါသည် မည်သူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်မည်နည်း။”
၁၈ ထိုအကြောင်းအရာများကို ထိုသူတို့သည် ကြားလျှင် သဘောတူလျက် “သို့ဖြစ်လျှင်၊ ဘုရားသခင်သည် လူမျိုးခြားတို့ကိုလည်း အသက်ရှင်ခွင့်ရရန် နောင်တတရားကို ပေးတော်မူပြီ” ဟုဆို၍ ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြ၏။
၁၉ ထိုအခါ သတေဖန်နှင့်စပ်လျဉ်း၍ ပေါ်ပေါက်သော ညှဉ်းဆဲခြင်းကြောင့် အရပ်ရပ်သို့ ကွဲလွင့်သွားသောသူတို့သည် ဖိုနီးရှားပြည်၊ ဆိုက်ပရပ်စ်ကျွန်း၊ အန္တိအုတ်မြို့အထိသွား၍ ဂျူးများကိုသာ တရားစကားတော်ကို ဟောပြောကြ၏။
၂၀ ထိုသူတို့ထဲတွင် ဆိုက်ပရပ်စ်ကျွန်းသား၊ ကုရေနေပြည်သားအချို့လည်းပါ၏။ သူတို့သည် အန္တိအုတ်မြို့သို့ ရောက်လာပြီးလျှင် သခင်ယေရှုနှင့်ဆိုင်သော သတင်းကောင်းကို ဂရိစကားပြောသောလူတို့အား ဟောပြောကြ၏။
၂၁ ယေဟောဝါဘုရား၏ လက်တော်သည် ထိုသူတို့နှင့်အတူ ရှိတော်မူသဖြင့် လူအမြောက်အမြားသည် ယုံကြည်လာ၍ သခင်ယေရှုထံတော်သို့ ပြောင်းလဲကြ၏။
၂၂ ထိုအကြောင်းကို ဂျေရုဆလင်မြို့ရှိ အသင်းတော်သည် ကြားလျှင် အန္တိအုတ်မြို့အထိ ဗာနဗကို စေလွှတ်လိုက်၏။
၂၃ သူသည် ရောက်လာ၍ ဘုရားသခင်၏ မဟာကရုဏာတော်ကို မြင်သောအခါ ဝမ်းမြောက်လျက် တည်ကြည်သောစိတ်နှင့် သခင်ကို မှီဝဲဆည်းကပ်နေကြရန် ထိုသူအပေါင်းတို့ကို အားပေးတိုက်တွန်းလေ၏။
၂၄ အကြောင်းမူကား ဗာနဗသည် သူတော်ကောင်းဖြစ်၍ သန့်ရှင်းသော စွမ်းအားတော်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း ပြည့်ဝ၏။ လူအုပ်သည်လည်း သခင်အား ယုံကြည်လာကြ၏။
၂၅ ထို့ကြောင့် ဗာနဗသည် ရှောလုကို စေ့စေ့ရှာရန် တာရှုမြို့သို့သွား၍၊
၂၆ သူ့ကို တွေ့လျှင် အန္တိအုတ်မြို့သို့ ခေါ်ခဲ့၏။ သူတို့သည် တစ်နှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စုဝေး၍ လူအုပ်ကို သွန်သင်ပေးကြ၏။ တပည့်တော်တို့သည်လည်း ဘုရားသခင့် လမ်းညွှန်ချက်ကြောင့် ခရစ်ယာန်ဟု ခေါ်ဝေါ်ခြင်းကို အန္တိအုတ်မြို့၌ ဦးစွာခံရကြ၏။
၂၇ ထိုနေ့ရက်ကာလ၌ ပရောဖက်တို့သည် ဂျေရုဆလင်မြို့မှ အန္တိအုတ်မြို့သို့ လာကြ၏။
၂၈ ထိုသူတို့အဝင် အာဂဗုအမည်ရှိသူသည် ထ၍ မြေတစ်ပြင်လုံး၌ ကြီးစွာသောငတ်မွတ်ခြင်းဘေး ကျရောက်လိမ့်မည်ဟု စွမ်းအားတော်အားဖြင့် ဖော်ပြ၏။ ကလောဒိမင်းလက်ထက်၌ ထိုငတ်မွတ်ခြင်းဘေး အမှန်ပင် ကျရောက်ခဲ့၏။
၂၉ ထိုအခါ တပည့်တော်တို့သည် ယုဒပြည်၌နေသော ညီအစ်ကိုတို့ထံ အသီးအသီး တတ်နိုင်သရွေ့ ကယ်ဆယ်ရေးအထောက်အပံ့ ပေးပို့ရန် ဆုံးဖြတ်ကြ၏။
၃၀ ထိုဆုံးဖြတ်ချက်အတိုင်း ဗာနဗနှင့် ရှောလုတို့လက်ဖြင့် အသက်ကြီးသူတို့ထံ ပေးပို့လိုက်ကြ၏။