တမန်တော် ၁၃:၁-၅၂
၁၃ အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟုခေါ်သော ရှုမောင်၊ ကုရေနေပြည်သား လုကိ၊ နယ်စားမင်းဟေရုဒ်၏ ပညာသင်ဖက် မာနင်နှင့် ရှောလုတို့တည်းဟူသော ပရောဖက်များ၊ ဆရာများရှိကြ၏။
၂ ထိုသူတို့သည် ယေဟောဝါဘုရား၏ အမှုတော်ကို ဆောင်ရွက်၍ အစာရှောင်လျက်နေကြစဉ် သန့်ရှင်းသော စွမ်းအားတော်က “ငါ၏အမှုတော်ကို ဆောင်ရွက်စေရန် ဗာနဗနှင့်ရှောလုတို့ကို သီးသန့်ရွေးထားကြလော့” ဟုဆင့်ဆို၏။
၃ ထို့နောက် အစာရှောင်၍ ဆုတောင်းပြီးလျှင် သူတို့အပေါ်၌ လက်ကိုတင်၍ စေလွှတ်လိုက်ကြ၏။
၄ သန့်ရှင်းသော စွမ်းအားတော် စေလွှတ်တော်မူသည့် ထိုသူတို့သည် သေလုကိမြို့သို့သွား၍ ထိုမြို့မှ ဆိုက်ပရပ်စ်ကျွန်းသို့ ရွက်လွှင့်ကြ၏။
၅ ရှာလမိမြို့၌ ရှိနေစဉ် ဂျူးတရားဇရပ်များတွင် ဘုရားသခင်၏တရားစကားတော်ကို ဟောပြောကြ၏။ ယောဟန်သည်လည်း ကူဖော်လောင်ဖက်အဖြစ် လိုက်ပါသွား၏။
၆ တစ်ကျွန်းလုံး အနှံ့သွားပြီး ပါဖုမြို့သို့ ရောက်လျှင် ဗာယေရှုဆိုသူ ဂျူးအမျိုးသား ပရောဖက်အတုအယောင်ဖြစ်သော မှော်ဆရာနှင့် ဆုံတွေ့ကြ၏။
၇ သူသည် နယ်စားမင်း သေရဂိပေါလုနှင့် အတူရှိ၏။ဉာဏ်ထက်မြက်သော ထိုနယ်စားမင်းသည် ဘုရားသခင်၏တရားစကားတော်ကို ကြားနာလိုစိတ်ပြင်းပြသဖြင့် ဗာနဗနှင့် ရှောလုတို့ကို ခေါ်ဖိတ်လေ၏။
၈ ထိုမှော်ဆရာ ဧလုမ(အနက်ကားမှော်ဆရာ) သည် နယ်စားမင်းကို ယုံကြည်ခြင်းလွဲမှားစေရန် တမန်တော်တို့ကို အတိုက်အခံပြုလေ၏။
၉ ထိုအခါ ပေါလုဟုလည်းခေါ်သော ရှောလုသည် သန့်ရှင်းသော စွမ်းအားတော်နှင့် ပြည့်လျက် ဧလုမကို စေ့စေ့ကြည့်၍၊
၁၀ “လှည့်ဖြားမှု၊ မကောင်းမှုအမျိုးမျိုးနှင့်ပြည့်စုံသော မာရ်နတ်၏သား၊ ဖြောင့်မတ်မှုရှိသမျှ၏ရန်သူ၊ သင်သည် ယေဟောဝါဘုရား၏ ဖြောင့်မှန်သောလမ်းများ ကွေ့ကောက်စေခြင်းကို မရပ်နိုင်သလော။
၁၁ ယေဟောဝါဘုရား၏ လက်တော်သည် သင့်အပေါ်သို့ ရောက်သည်ဖြစ်၍ သင်သည် ကာလအတန်ကြာ နေရောင်မမြင်ရဘဲ မျက်စိကွယ်ရလိမ့်မည်” ဟုဆို၏။ ထိုခဏချင်းတွင် သူ၏မျက်စိမှုန်လာ၍ အလင်းကွယ်သဖြင့် လက်ဆွဲပို့ပေးမည့်သူတို့ကို တဝဲလည်လည်ရှာနေ၏။
၁၂ ထိုအခါ နယ်စားမင်းသည် ထိုအခြင်းအရာကို မြင်လျှင် ယုံကြည်သူဖြစ်လာပြီး ယေဟောဝါဘုရား၏ သွန်သင်တော်မူခြင်းတရားကို အလွန်အံ့သြလေ၏။
၁၃ ပေါလုနှင့် အပေါင်းပါများသည် ပါဖုမြို့မှ ရွက်လွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ ရောက်ကြ၏။ ထိုအခါ ယောဟန်သည် သူတို့နှင့်ခွဲခွာ၍ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
၁၄ သူတို့မူကား ပေရဂေမြို့မှ ထွက်ခွာ၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ရောက်လျှင် ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ထိုင်ကြ၏။
၁၅ ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းတို့ကို လူထုရှေ့ဖတ်ရွတ်ပြီးချိန်တွင် တရားဇရပ်မှူးတို့က “ညီအစ်ကိုတို့၊ ဤသူတို့ကို အားပေးစကားပြောလိုလျှင် ပြောကြပါ” ဟုသူတို့အား ပြောကြားစေ၏။
၁၆ ထို့ကြောင့် ပေါလုသည်ထ၍ လက်ရိပ်ပြပြီးနောက် ဟောပြောသည်မှာ၊
“အစ္စရေးအမျိုးသားတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင်ကြလော့။
၁၇ အစ္စရေးအမျိုးသားတို့၏ ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍ အီဂျစ်ပြည်၌ ဧည့်သည်အဖြစ်နေကြစဉ် ချီးမြှောက်သဖြင့် ဆန့်တန်းသောလက်ရုံးတော်နှင့် ထိုပြည်မှ နုတ်ဆောင်တော်မူ၏။
၁၈ တောကန္တာရတွင် သူတို့၏အကျင့်ဓလေ့ကို အနှစ်လေးဆယ်ပတ်လုံး သည်းခံတော်မူ၏။
၁၉ ခါနာန်ပြည်၌ လူမျိုးခုနစ်မျိုးကို ဖျက်ဆီးပြီးလျှင် ထိုပြည်ကို အစ္စရေးလူမျိုးအား အမွေခွဲဝေ ပေးတော်မူ၏။
၂၀ ထိုဖြစ်ရပ် အထိ နှစ်ပေါင်းလေးရာ့ငါးဆယ်ကြာခဲ့၏။
“ထို့နောက် ပရောဖက်ရှမွေလ မပေါ်ထွန်းမီအထိ တရားသူကြီးများကို ပေးတော်မူ၏။
၂၁ သို့ပြီးမှ ရှင်ဘုရင်ကိုတောင်းကြသောအခါ ဘုရားသခင်သည် ဗင်ယာမိန်အမျိုးဖြစ်သော ကိရှ၏သား ရှောလုကိုအနှစ်လေးဆယ်ပတ်လုံး ပေးတော်မူ၏။
၂၂ သူ့ကိုပယ်ပြီးနောက် ဒါဝိဒ်ကို ဘုရင်အဖြစ် ချီးမြှောက်တော်မူ၏။ ဒါဝိဒ်နှင့်ပတ်သက်၍ သက်သေခံရာတွင် ‘ငါ့စိတ်နှလုံးနှင့် ညီညွတ်သောသူ၊ ငါအလိုရှိသမျှကို ဆောင်ရွက်မည့်သူ ယေရှဲ၏သား ဒါဝိဒ်ကို ငါတွေ့ပြီ’ ဟုမိန့်တော်မူ၏။
၂၃ ဘုရားသခင်သည် ကတိတော်အတိုင်း ထိုသူ၏အမျိုးအနွယ်မှ အစ္စရေးလူမျိုးအတွက် ကယ်တင်ရှင်ယေရှုကို ပေါ်ထွန်းစေတော်မူပြီ။
၂၄ ထိုအရှင်မပေါ်ထွန်းမီ ယောဟန်သည် အစ္စရေးလူအပေါင်းတို့အား နောင်တရခြင်းအထိမ်းအမှတ်ဖြစ်သော နှစ်ခြင်းတရားကို ဟောပြောနှင့်လေပြီ။
၂၅ ယောဟန်သည် အမှုတော်ဆောင်ရွက်နေစဉ်တွင် ‘ငါ့ကို မည်သူဖြစ်သည်ဟု သင်တို့ထင်မှတ်ကြသနည်း။ ငါသည် ထိုသူမဟုတ်။ ငါ့နောက်မှ လာသောသူ၏ဖိနပ်ကြိုးကိုပင် ငါမဖြေထိုက်’ ဟုပြောလေ့ရှိ၏။
၂၆ “အာဗြဟံ၏အမျိုးဖြစ်သော ညီအစ်ကိုတို့နှင့် ဘုရားသခင်ကိုကြောက်ရွံ့သော အခြားအမျိုးသားတို့၊ ဤကယ်တင်ခြင်း သတင်းတရားကို ငါတို့ထံပါးလိုက်တော်မူ၏။
၂၇ ဂျေရုဆလင်မြို့သူမြို့သားများနှင့် မင်းအရာရှိတို့သည် ထိုအရှင်ကိုမသိသောကြောင့် မိမိတို့၏စီရင်ချက်အားဖြင့် ဥပုသ်နေ့တိုင်း ဖတ်ရွတ်သော ပရောဖက်တို့၏ စကားများကို ပြည့်စုံစေကြ၏။
၂၈ သေထိုက်သောအပြစ် မတွေ့ကြသော်လည်း ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ တောင်းလျှောက်ကြ၏။
၂၉ ထိုအရှင်ကိုရည်မှတ်၍ ကျမ်းစာ၌ရေးထားသမျှကို ပြည့်စုံစေပြီးလျှင် အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းဂူ၌ ထားကြ၏။
၃၀ သို့ရာတွင် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှ ထမြောက်စေတော်မူ၏။
၃၁ ဂါလိလဲပြည်မှ ဂျေရုဆလင်မြို့သို့ ကိုယ်တော်နှင့်အတူလိုက်ပါ၍ လူတို့ကို ကိုယ်တော့်အကြောင်း သက်သေခံနေသူတို့အား ထိုအရှင်သည်နေ့ရက်များစွာ ကိုယ်ကိုထင်ရှားပြတော်မူ၏။
၃၂ “ငါတို့၏ဘိုးဘေးများအား ကတိထားတော်မူသည့် သတင်းကောင်းကို သင်တို့အား ငါတို့ဟောပြောကြ၏။
၃၃ ဒုတိယဆာလံ၌ ‘သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် ငါသည် သင်၏အဖ ဖြစ်လာပြီ’ ဟုရေးထားသည်နှင့်အညီ ဘုရားသခင်သည် ယေရှုကို ရှင်ပြန်ထမြောက်စေတော်မူ၍ ဘိုးဘေးများ၏သားသမီးများဖြစ်သော ငါတို့အတွက် ထိုကတိတော်ကို ပြည့်စုံစေတော်မူ၏။
၃၄ ထို့ပြင် ‘ဒါဝိဒ်အား ကတိထားတော်မူသည့် ယုံကြည်စိတ်ချရသော မေတ္တာကရုဏာကို သင်တို့အား ငါပြမည်’ ဟူသော မိန့်တော်မူချက်နှင့်အညီ ထိုအရှင်ကို သေခြင်းမှ ထမြောက်စေ၍ ပုပ်ပျက်ခြင်းသို့ နောက်တစ်ဖန် ပြန်ရောက်စေမည်မဟုတ်။
၃၅ ထို့ကြောင့် အခြားသောဆာလံ၌ ‘ကိုယ်တော်အပေါ် သစ္စာစောင့်သိသူ၏ ခန္ဓာကိုယ်ကိုလည်း ပုပ်ပျက်စေတော်မူမည်မဟုတ်’ ဟုမိန့်တော်မူ၏။
၃၆ ဒါဝိဒ်မူကား မိမိလူမျိုးဆက်ကာလတွင် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင် သေခြင်း၌အိပ်ပျော်၍ ဘိုးဘေးများနှင့်အတူ သင်္ဂြိုဟ်ခံရသဖြင့် ပုပ်ပျက်ခြင်းသို့ ရောက်လေ၏။
၃၇ ဘုရားသခင် ထမြောက်စေတော်မူသော အရှင်မူကား ပုပ်ပျက်ခြင်းသို့ မရောက်။
၃၈ “ထို့ကြောင့် ညီအစ်ကိုတို့၊ ထိုအရှင်အားဖြင့် အပြစ်ဖြေလွှတ်ခြင်းအကြောင်း သင်တို့အား ဟောကြားသည်ကို သိမှတ်ပါစေ။
၃၉ မောရှေ၏ပညတ်အရ ထိုအရှင်ကို ယုံကြည်သူတိုင်းသည် မလွတ်နိုင်သော အပြစ်ရှိသမျှနှင့် ကင်းလွတ်၍ ထိုအရှင်အားဖြင့် အပြစ်မရှိဟု သတ်မှတ်ခံကြရ၏။
၄၀ ပရောဖက်ကျမ်းများ၌ ဖော်ပြထားသည်အတိုင်း သင်တို့အပေါ် မဖြစ်စေရန်သတိပြု ကြလော့။
၄၁ ‘မထီမဲ့မြင်ပြုသောသူတို့၊ ကြည့်ရှုအံ့ဩ၍ ကွယ်ပျောက်သွားကြလော့။ အကြောင်းမူကား သင်တို့အား သူတစ်ပါး အသေးစိတ်ပြညွှန်သော်လည်း မယုံသောအမှုကို သင်တို့လက်ထက်၌ ငါပြု၏။’”
၄၂ ပေါလုနှင့် ဗာနဗတို့သည် တရားဇရပ်မှ ထွက်ခွာလာကြစဉ် လူတို့သည် နောက်လာမည့်ဥပုသ်နေ့တွင်လည်း ထိုအကြောင်းအရာများကို ဟောပြောပါရန် တောင်းပန်ကြ၏။
၄၃ တရားဇရပ်မှ လူစုကွဲပြီးနောက် ဂျူးတို့နှင့် ဘုရားသခင်ကို ကိုးကွယ်သော ဂျူးဘာသာဝင်တို့သည် ပေါလုနှင့် ဗာနဗတို့နောက်သို့ လိုက်ကြသည်ဖြစ်၍ ဘုရားသခင်၏ မဟာကရုဏာတော်၌ တည်မြဲတည်နေမည်အကြောင်း သူတို့ကို တိုက်တွန်းပြောဆိုကြ၏။
၄၄ နောက် ဥပုသ်နေ့၌ ယေဟောဝါဘုရား၏ တရားစကားတော်ကို နားထောင်ရန် တစ်မြို့လုံးနီးပါး စုဝေးကြ၏။
၄၅ ဂျူးတို့သည် လူအုပ်ကိုမြင်လျှင် မနာလိုစိတ်နှင့်ပြည့်လျက် ပေါလု၏စကားကို အတိုက်အခံပြု၍ စော်ကားကြလေ၏။
၄၆ ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာဖြင့် “ဘုရားသခင်၏တရားစကားတော်ကို သင်တို့အားရှေးဦးစွာ ဟောပြောရ၏။ သင်တို့သည် ထိုတရားကိုပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့် မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ သွားကြ၏။
၄၇ ‘မြေကြီးစွန်းတိုင်အောင် ကယ်တင်ရာအကြောင်းဖြစ်စေရန် လူမျိုးခြားတို့၏အလင်းအဖြစ် သင့်ကို ငါခန့်ထား၏’ ဟုယေဟောဝါဘုရားသည် ငါတို့အား မိန့်မှာတော်မူပြီ” ဟုဟောပြော၏။
၄၈ လူမျိုးခြားတို့သည် ထိုစကားကိုကြားလျှင် ဝမ်းမြောက်၍ ယေဟောဝါဘုရား၏ တရားစကားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ကို လိုလားသူ အားလုံးသည် ယုံကြည်သူများဖြစ်လာကြ၏။
၄၉ ယေဟောဝါဘုရား၏ တရားစကားတော်သည်လည်း ထိုပြည်တစ်ဝန်းလုံးတွင် ပျံ့နှံ့သွားလေ၏။
၅၀ ထိုအခါ ဂျူးတို့သည် ဘုရားသခင်ကိုကိုးကွယ်သော ဂုဏ်အသရေရှိအမျိုးသမီးများ၊ မြို့မျက်နှာဖုံး အမျိုးသားများကို နှိုးဆော်၍ ပေါလုနှင့် ဗာနဗတို့ကို ညှဉ်းဆဲစေပြီးလျှင် ထိုနယ်မှ နှင်ထုတ်လိုက်ကြ၏။
၅၁ သူတို့သည်လည်း ခြေဖဝါးမှ မြေမှုန့်ကို ခါချပြီးလျှင် ဣကောနိမြို့သို့ သွားကြ၏။
၅၂ တပည့်တော်တို့သည် ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသော စွမ်းအားတော်နှင့်လည်းကောင်း ပြည့်လျက်ရှိကြ၏။