တမန်တော် ၁၄:၁-၂၈
၁၄ ဣကောနိမြို့သို့ ရောက်လျှင် ပေါလုနှင့် ဗာနဗတို့သည် ဂျူးတရားဇရပ်သို့ဝင်၍ ကောင်းစွာဟောပြောသဖြင့် ဂျူးတို့နှင့် ဂရိလူ အမြောက်အမြားတို့သည် ယုံကြည်သူများ ဖြစ်လာကြ၏။
၂ သို့ရာတွင် မယုံကြည်သောဂျူးတို့သည် လူမျိုးခြားတို့ကို နှိုးဆော်၍ ညီအစ်ကိုတို့အပေါ်တွင် အမုန်းပွားစေကြ၏။
၃ ထို့ကြောင့် သူတို့သည် ထိုတွင် အတန်ကြာနေ၍ ယေဟောဝါဘုရား၏ အခွင့်အာဏာဖြင့် ရဲရင့်စွာဟောပြောကြ၏။ ကိုယ်တော်သည် အတိတ်နိမိတ်နှင့် လက္ခဏာများ ပြုနိုင်စွမ်းကို သူတို့အား ပေးသနားခြင်းဖြင့် မိမိ၏မဟာကရုဏာတော်နှင့်ဆိုင်သော သတင်းတရားကို သက်သေခံတော်မူ၏။
၄ သို့သော် မြို့သူမြို့သားအများတို့သည် ကွဲပြား၍ အချို့တို့သည် ဂျူးတို့ဘက်၊ အချို့တို့သည် တမန်တော်များဘက်တွင်နေကြ၏။
၅ ထိုအခါ မင်းအရာရှိများနှင့်တကွ လူမျိုးခြားတို့နှင့် ဂျူးတို့သည် ပေါလုနှင့် ဗာနဗတို့ကို အကြမ်းဖက်၍ ခဲနှင့်ပေါက်ရန် ကြံစည်ကြောင်း၊
၆ သူတို့ကြားသိသော် လုကောနိပြည်ရှိ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်ဒေသများသို့ ထွက်ပြေးပြီးလျှင်၊
၇ ထိုအရပ်တို့၌ သတင်းကောင်းကို ဟောပြောလျက်နေကြ၏။
၈ လုတ္တရမြို့တွင် အမိဝမ်းတွင်းကပင် ခြေဆွံ့သဖြင့် တစ်ခါမျှ လမ်းမလျှောက်ဖူးသူတစ်ဦးရှိ၏။
၉ ထိုသူသည် ထိုင်၍ ပေါလုဟောပြောသည်ကို နားထောင်နေ၏။ ပေါလုသည်လည်း ထိုသူကို စေ့စေ့ကြည့်၍ ကျန်းမာမည်အကြောင်း သူ၌ယုံကြည်ခြင်းရှိသည်ကို သိမြင်လျှင်၊
၁၀ “ထ၍ မတ်တတ်ရပ်လော့” ဟုကျယ်သောအသံနှင့်ဆိုသဖြင့် ထိုသူသည် ထခုန်၍လှမ်းသွားလေ၏။
၁၁ လူအုပ်သည် ပေါလုပြုသောအမှုကိုမြင်လျှင် “နတ်ဘုရားများသည် လူ့အယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ ဆင်းလာပြီ” ဟုလုကောနိဘာသာစကားဖြင့် ဟစ်အော်ကြ၏။
၁၂ ထို့နောက် ဗာနဗကို ဇုသဟူ၍လည်းကောင်း၊ ဦးဆောင်၍ဟောပြောသော ပေါလုကိုမူ ဟေရမေဟူ၍လည်းကောင်း ခေါ်ကြ၏။
၁၃ ဇုသနတ်ဘုရား၏ဗိမာန်သည် မြို့တံခါးအပြင်နားတွင်ရှိရာ ဇုသ၏ယဇ်ပုရောဟိတ်သည် နွားများနှင့် ပန်းကုံးများကို မြို့တံခါးနားသို့ ယူခဲ့၍ လူအုပ်နှင့်တကွ ယဇ်ပူဇော်ပသလို၏။
၁၄ သို့ရာတွင် တမန်တော် ဗာနဗနှင့် ပေါလုတို့သည် ထိုသတင်းကိုကြားလျှင် အဝတ်ကိုဆုတ်၍ လူအုပ်ထဲသို့ ပြေးဝင်ကာ ကြွေးကြော်လျက်၊
၁၅ “အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့ကဲ့သို့ပင် သာမန်လူများသာဖြစ်ကြ၏။ သင်တို့သည် ထိုအချည်းနှီးသောအရာများကိုပယ်၍ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် ထိုအရာများတွင် ရှိလေသမျှကို ဖန်ဆင်းတော်မူသောအရှင်၊ အသက်ရှင်တော်မူသော ဘုရားသခင်ထံသို့ ပြောင်းလဲစေရန် သတင်းကောင်းကို ငါတို့ ဟောပြောကြ၏။
၁၆ လွန်ခဲ့သောကာလများ၌ လူမျိုးအပေါင်းတို့ကို ကိုယ့်လမ်းကိုယ် လျှောက်ခွင့်ပေးထားတော်မူ၏။
၁၇ သို့သော်လည်း သင်တို့အပေါ် ကောင်းမှုပြုလျက် အစားအစာကို အလျှံပယ်ပေး၍ သင်တို့၏စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံစေရန် မိုးကောင်းကင်မှ မိုးရွာစေ၍ အသီးအနှံတို့ကို သီးစေတတ်သောဥတုကို ပေးတော်မူသောအားဖြင့် ကိုယ်တော်ရှိတော်မူကြောင်း သက်သေမခံဘဲနေတော်မမူ” ဟုပြောဆိုကြ၏။
၁၈ ထိုသို့ပြောဆို၍ သူတို့ထံပူဇော်ပသလိုသော လူအုပ်ကို မနည်းတားမြစ်ရ၏။
၁၉ သို့သော် ဂျူးတို့သည် အန္တိအုတ်မြို့နှင့် ဣကောနိမြို့တို့မှ ရောက်လာ၍ လူအုပ်ကို သွေးဆောင်ကြ၏။ ထို့နောက် ပေါလုကိုခဲနှင့်ပေါက်၍ သေပြီဟု စိတ်ထင်ဖြင့် မြို့ပြင်သို့ ဆွဲထုတ်သွားကြ၏။
၂၀ တပည့်တော်တို့ ဝိုင်းအုံနေစဉ် ပေါလုသည် ထ၍ မြို့ထဲသို့ဝင်ပြန်၏။ နောက်တစ်နေ့၌ ဗာနဗနှင့်အတူ ဒေရဗေမြို့သို့ ထွက်သွားလေ၏။
၂၁ ထိုမြို့တွင် သတင်းကောင်းကိုဟောပြော၍ လူအတော်များများကို တပည့်တော်ဖြစ်စေပြီးမှ လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့သို့ ပြန်သွားပြီးလျှင်၊
၂၂ “ငါတို့သည် ဆင်းရဲဒုက္ခများစွာခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ကြရမည်” ဟုဆိုလျက် တပည့်တော်တို့ကို မြဲမြံခိုင်ခံ့စေရန် ယုံကြည်ခြင်း၌ တည်မြဲတည်နေမည်အကြောင်း အားပေးတိုက်တွန်းကြ၏။
၂၃ အသင်းတော်အသီးသီး၌လည်း အသက်ကြီးသူတို့ကို ခန့်အပ်၍ အစာရှောင်လျက် ဆုတောင်းပြီးနောက် ထိုသူတို့ယုံကြည်သော ယေဟောဝါဘုရားထံ အပ်နှံလိုက်ကြ၏။
၂၄ ပေါလုနှင့် ဗာနဗတို့သည် ပိသိဒိပြည်ကို ဖြတ်လျှောက်သွား၍ ပံဖုလိပြည်သို့ ရောက်သော်၊
၂၅ ပေရဂေမြို့တွင် တရားစကားတော်ကို ဟောပြောပြီးလျှင် အတ္တလိမြို့သို့ ဆင်းသွားကြ၏။
၂၆ ထိုမြို့မှ အန္တိအုတ်မြို့သို့ ရွက်လွှင့်ကြ၏။ ထိုတွင် မိမိတို့ဆောင်ရွက်ပြီးသောအမှုအတွက် ဘုရားသခင်၏မဟာကရုဏာတော်ကို ခံစားရကြ၏။
၂၇ အန္တိအုတ်မြို့သို့ရောက်၍ အသင်းတော်ကို စုဝေးစေပြီးသောအခါ ဘုရားသခင်သည် မိမိတို့အားဖြင့် ပြုတော်မူသမျှကိုလည်းကောင်း၊ လူမျိုးခြားတို့အတွက် ယုံကြည်ခြင်းတံခါး ဖွင့်တော်မူကြောင်းကိုလည်းကောင်း ပြောကြ၏။
၂၈ ထို့နောက် တပည့်တော်တို့နှင့်အတူ ကာလအတန်ကြာ နေကြ၏။