တမန်တော် ၁၅:၁-၄၁
၁၅ ယုဒပြည်မှ ရောက်လာသူ အချို့က “သင်တို့သည် မောရှေ၏ တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင် ကယ်တင်ခြင်းသို့ မရောက်နိုင်” ဟု ညီအစ်ကိုများကို သွန်သင်ကြ၏။
၂ ပေါလု၊ ဗာနဗတို့သည် ထိုသူတို့နှင့် အကြီးအကျယ် စိတ်ဝမ်းကွဲပြားလျက် ငြင်းခုံကြ၏။ ထို့ကြောင့် ထို ပြဿနာနှင့်စပ်လျဉ်း၍ ပေါလုနှင့် ဗာနဗကို အခြားသော ညီအစ်ကိုအချို့နှင့်အတူ ဂျေရုဆလင်မြို့ရှိ တမန်တော်များ၊ အသက်ကြီးသူများထံ သွားစေရန် စီစဉ်ပေးကြ၏။
၃ အသင်းတော်က လိုက်လံပို့ဆောင်ပေးသဖြင့် ပေါလုနှင့် ဗာနဗတို့သည် ဖိုနီးရှားပြည်နှင့် ရှမာရိပြည် တစ်လျှောက်သွား၍ လူမျိုးခြားတို့ ဘာသာပြောင်းဝင်လာခြင်းအကြောင်းကို အသေးစိတ်ပြောပြသောကြောင့် ညီအစ်ကိုအပေါင်းတို့သည် အလွန်ဝမ်းမြောက်ကြ၏။
၄ ဂျေရုဆလင်မြို့သို့ ရောက်လျှင် အသင်းတော်နှင့်တကွ တမန်တော်များ၊ အသက်ကြီးသူများသည် ပေါလုနှင့် ဗာနဗတို့ကို လက်ခံကြိုဆိုကြ၏။ ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသော အရာများကို ပြန်ပြောကြ၏။
၅ သို့သော် ဖာရိရှဲဂိုဏ်းဝင် ယုံကြည်သူအချို့သည် ထလျက် “ထိုသူတို့အား အရေဖျားလှီးပေးရမည်၊ မောရှေ၏တရားကို စောင့်ရှောက်ရန် မှာထားရမည်” ဟုဆိုကြ၏။
၆ ထိုအခါ တမန်တော်များနှင့် အသက်ကြီးသူများသည် ထိုအမှုကို သုံးသပ်ရန် စုဝေးကြ၏။
၇ အချေအတင် ဆွေးနွေးငြင်းခုံကြသောအခါ ပေတရုသည် ထလျက် “ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေးဦးစွာ သင်တို့တွင် ငါ့ကိုရွေးကောက်တော်မူ၍ ငါဟောပြောသောအားဖြင့် လူမျိုးခြားတို့သည် သတင်းကောင်းကို ကြားနာ၍ ယုံကြည်မည်အကြောင်း စီရင်တော်မူသည်ကို သင်တို့သိကြ၏။
၈ စိတ်နှလုံးကို သိမြင်တော်မူသော ဘုရားသခင်သည် ငါတို့ကို သန့်ရှင်းသော စွမ်းအားတော် ပေးသည့်နည်းတူ သူတို့ကိုလည်းပေးခြင်းဖြင့် သူတို့ကို နှစ်သက်လက်ခံကြောင်း သက်သေခံတော်မူ၏။
၉ ယုံကြည်ခြင်းအားဖြင့် သူတို့၏စိတ်နှလုံးကို စင်ကြယ်စေ၍ ငါတို့ကို သူတို့နှင့် ခွဲခြားတော်မမူ။
၁၀ ထို့ကြောင့် ငါတို့နှင့် ဘိုးဘေးများ မထမ်းနိုင်သောထမ်းပိုးကို တပည့်တော်တို့၏ လည်ပင်းပေါ်တွင် တင်စေရန် အဘယ်ကြောင့် ဘုရားသခင်ကို အကဲစမ်းကြသနည်း။
၁၁ ငါတို့မူကား ထိုသူတို့နည်းတူ သခင်ယေရှု၏ မဟာကရုဏာတော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ကို ယုံကြည်ကြသည်” ဟုဆို၏။
၁၂ ထိုအခါ ဗာနဗနှင့်ပေါလုတို့သည် မိမိတို့အားဖြင့် လူမျိုးခြားတို့တွင် ဘုရားသခင်ပြုတော်မူသော အတိတ်နိမိတ်နှင့် လက္ခဏာများကို ပြောကြားသောအခါ စုဝေးနေသူအပေါင်းတို့သည် ဆိတ်ဆိတ်နေ၍ နားထောင်ကြ၏။
၁၃ ထိုသူတို့ပြောပြီးနောက် ယာကုပ်က “ညီအစ်ကိုတို့၊ နားထောင်ကြလော့။
၁၄ ဘုရားသခင်သည် မိမိ၏နာမတော်အတွက် လူမျိုးခြားတို့ထဲမှ လူတစ်မျိုးကို နုတ်ယူရန် ထိုသူတို့ထံ ဦးဆုံးအကြိမ် အာရုံလှည့်လာတော်မူကြောင်း ရှုမောင်*အသေးစိတ်ပြောပြခဲ့ပြီ။
၁၅ ထိုအကြောင်းအရာသည် ပရောဖက်ကျမ်းစကားများနှင့် ညီ၏။ ထိုတွင် ရေးထားသည်ကား၊
၁၆ ‘ထို့နောက် ငါပြန်လာ၍ ပြိုလဲလျက်ရှိသော ဒါဝိဒ်၏တဲကို ပြန်တည်ဆောက်မည်။ ထိုတဲ၏ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင် ပြန်လည်တည့်မတ်စေမည်။
၁၇ ငါ၏နာမဖြင့် သမုတ်သော လူမျိုးခြားအပေါင်းနှင့်အတူ ကျန်ကြွင်းသောသူတို့သည် ယေဟောဝါဘုရားကို အားထုတ်ရှာဖွေမည့် အကြောင်းဖြစ်၏ဟု ဤအမှုကို စီရင်တော်မူသော ယေဟောဝါဘုရားမိန့်တော်မူ၏။
၁၈ ထိုအရာများကို ရှေးအချိန်မှစ၍ သိစေတော်မူပြီ။’
၁၉ ထို့ကြောင့် လူမျိုးခြားတို့ထဲမှ ဘုရားသခင့်ထံတော်သို့ ဘာသာပြောင်းဝင်လာသူတို့ကို မနှောင့်ယှက်သင့်ဟု ငါသဘောရ၏။
၂၀ သို့သော် ရုပ်တုများကြောင့် ညစ်ညူးရာများ၊ မတရားမေထုန်ပြုခြင်း၊* လည်ညှစ်သတ်သောတိရစ္ဆာန်များ၊ သွေးစသည်တို့ကို ကြဉ်ရှောင်ရန် သူတို့ကိုစာရေးမှာလိုက်သင့်၏။
၂၁ အကြောင်းမူကား ရှေးကာလမှစ၍ အမြို့မြို့ရှိ တရားဇရပ်များတွင် မောရှေ၏ပညတ်ကျမ်းကို ဥပုသ်နေ့တိုင်း ဖတ်ရွတ်ဟောပြောလေ့ရှိသည်” ဟုဆိုလေ၏။
၂၂ ထိုအခါ တမန်တော်များ၊ အသက်ကြီးသူများမှစ၍ အသင်းတော်တစ်ခုလုံးသည် ပေါလု၊ ဗာနဗတို့နှင့်အတူ ညီအစ်ကိုတို့တွင် ဦးဆောင်သူများဖြစ်သည့် ဗာရှဗဟုခေါ်သော ယုဒနှင့် သိလတို့ကို အသင်းတော်မှ ရွေးကောက်၍ အန္တိအုတ်မြို့သို့ စေလွှတ်ရန် သဘောတူကြ၏။
၂၃ သူတို့လက်ဖြင့် ပို့လိုက်သောစာမှာ ဤသို့ဖြစ်၏။
“ညီအစ်ကိုများဖြစ်သော တမန်တော်များနှင့် အသက်ကြီးသူတို့သည် အန္တိအုတ်မြို့မှစ၍ ဆီးရီးယားပြည်၊ ကိလိကိပြည်တို့၌ရှိသည့် လူမျိုးခြားဖြစ်သော ညီအစ်ကိုတို့ကို နှုတ်ခွန်းဆက်သလိုက်ပါ၏။
၂၄ ငါတို့ထဲမှအချို့သည် ညွှန်ကြားချက် တစ်စုံတစ်ရာမရဘဲ သင်တို့ထံလာ၍ စကားများဖြင့် နှောင့်ယှက်မှောက်လှန်ကြောင်းကို ငါတို့ကြား၍၊
၂၅ ငါတို့ချစ်သော ဗာနဗနှင့် ပေါလုတို့ကို ရွေးချယ်ထားသူတို့နှင့်အတူ သင်တို့ထံသို့ စေလွှတ်ရန် ငါတို့သည် တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ကြပြီ။
၂၆ သူတို့သည် ငါတို့၏သခင် ယေရှုခရစ်၏နာမအတွက် အသက်*ကိုစွန့်ဝံ့သူများ ဖြစ်ကြ၏။
၂၇ ဤအကြောင်းအရာကို သင်တို့အား နှုတ်ဖြင့်ပြောရန် ယုဒနှင့် သိလတို့ကို စေလွှတ်လိုက်ပါ၏။
၂၈ အကြောင်းမူကား လိုက်နာအပ်သော ဤအရာများမှတစ်ပါး အခြားသောဝန်ကို သင်တို့အပေါ် ထပ်မတင်ရန် သန့်ရှင်းသောစွမ်းအားတော်နှင့် ငါတို့သည် သဘောတူကြ၏။
၂၉ ရုပ်တုရှေ့ ပူဇော်ထားရာများ၊ သွေး၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၊ မတရားမေထုန်ပြုခြင်း စသည်တို့ကို ကြဉ်ရှောင်လျက်နေရမည်။ ထိုအရာများကို သတိနှင့်ကြဉ်ရှောင်လျှင် ကောင်းစားလိမ့်မည်။ ကျန်းမာကြပါစေ။”
၃၀ ထိုသူတို့သည် စေလွှတ်ခံရသည့်အတိုင်း အန္တိအုတ်မြို့သို့သွား၍ လူအမြောက်အမြားကို စုဝေးစေပြီးလျှင် စာကိုအပ်ပေးကြ၏။
၃၁ စာကိုဖတ်ပြီးသောအခါစာ၌ပါသောအားပေးစကားကြောင့်ဝမ်းမြောက်ကြ၏။
၃၂ ယုဒနှင့် သိလတို့ကိုယ်တိုင်လည်း ပရောဖက်များဖြစ်သောကြောင့် ညီအစ်ကိုတို့ကို အားပေးစကားများစွာပြော၍ ခိုင်ခံ့မြဲမြံစေကြ၏။
၃၃ ထိုသူတို့သည် အတန်ကြာနေပြီးမှ စေလွှတ်သောသူတို့ထံ ငြိမ်ဝပ်စွာပြန်ရန် ညီအစ်ကို တို့သည် ပို့ဆောင်ကြ၏။
၃၄ —
၃၅ ပေါလုနှင့် ဗာနဗတို့မူကား အန္တိအုတ်မြို့၌နေလျက် အခြားသောသူတို့နှင့်အတူ ယေဟောဝါဘုရား၏ တရားစကားတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောသွန်သင်ကြ၏။
၃၆ ရက်အနည်းငယ်ကြာပြီးနောက် ပေါလုက “ယေဟောဝါဘုရား၏ တရားစကားတော်ကို ငါတို့ဟောပြောခဲ့သော မြို့များမှ ညီအစ်ကိုတို့၏အခြေအနေကို သိရှိရန် သူတို့ထံ ပြန်သွား၍ လည်ပတ်ကြစို့” ဟုဗာနဗအား ဆို၏။
၃၇ ဗာနဗသည် မာကုဟုခေါ်သော ယောဟန်ကို ခေါ်သွားမည်ဟု အကြံရှိ၏။
၃၈ ပေါလုမူကား ပံဖုလိပြည်၌ သူတို့နှင့် ခွဲခွာ၍ အမှုတော်ဆောင်ရာသို့ မလိုက်ပါသည့် ထိုသူကို မခေါ်သင့်ဟု ယူဆ၏။
၃၉ ထိုအကြောင်းကြောင့် အကြီးအကျယ် အငြင်းပွားသဖြင့် လမ်းခွဲကြ၏။ ဗာနဗသည် မာကုကိုခေါ်ပြီးလျှင် ဆိုက်ပရပ်စ်ကျွန်းသို့ ရွက်လွှင့်လေ၏။
၄၀ ညီအစ်ကိုတို့သည် ပေါလုကို ယေဟောဝါဘုရား၏ မဟာကရုဏာတော်သို့ အပ်နှံပြီးနောက် ပေါလုသည် သိလကို ရွေးချယ်ပြီးလျှင် ထွက်သွားလေ၏။
၄၁ သူသည် အသင်းတော်တို့ကို ခိုင်ခံ့မြဲမြံစေလျက် ဆီးရီးယားပြည်၊ ကိလိကိပြည်တို့ကို လျှောက်သွားလေ၏။