တမန်တော် ၁၆:၁-၄၀
၁၆ ထို့နောက် ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့လည်း ရောက်လာ၏။ လုတ္တရမြို့၌ တိမောသေဆိုသူ တပည့်တော်တစ်ဦးရှိ၏။ သူ၏အမိကား ယုံကြည်သူ ဂျူးအမျိုးသမီးဖြစ်၍အဖကား ဂရိအမျိုးသားဖြစ်၏။
၂ တိမောသေသည် လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသူဖြစ်၏။
၃ ပေါလုသည် ထိုသူကိုခေါ်သွားလို၏။ သူ၏အဖသည် ဂရိလူမျိုးဖြစ်ကြောင်း ထိုအရပ်များရှိဂျူးအပေါင်းတို့ သိသည်ကိုထောက်၍ သူ့ကိုခေါ်ပြီးလျှင် အရေဖျားလှီးပေးလေ၏။
၄ သူတို့သည် မြို့များကို ဖြတ်၍သွားစဉ် ဂျေရုဆလင်မြို့ရှိ တမန်တော်တို့နှင့် အသက်ကြီးသူတို့၏ စီရင်ဆုံးဖြတ်ချက်တို့ကို ကျင့်စောင့်စေရန် ပေးအပ်ကြ၏။
၅ ထို့ကြောင့် အသင်းတော်တို့သည် ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံလာလျက် ယုံကြည်သူအရေအတွက် တစ်နေ့ထက်တစ်နေ့ တိုးများလာ၏။
၆ အာရှနယ်၌ တရားစကားတော်ကို မဟောပြောရန် သန့်ရှင်းသော စွမ်းအားတော်သည် တားမြစ်သောကြောင့် သူတို့သည် ဖြုဂိပြည်၊ ဂလာတိပြည်ကို ဖြတ်လျှောက်သွားပြီးမှ၊
၇ မုသိပြည်အနားသို့ ရောက်၍ ဗိသုနိပြည်သို့ သွားမည်ပြုကြသော်လည်း ယေရှုသည် စွမ်းအားတော်အားဖြင့် ခွင့်ပြုတော်မမူချေ။
၈ သို့ဖြစ်၍ မုသိပြည်ကို ဖြတ်ကျော်၍ တရောမြို့သို့ ရောက်ကြ၏။
၉ ညအခါ ပေါလုမြင်ရသော ရူပါရုံတွင် မက်ဆီဒိုးနီးယား အမျိုးသားတစ်ဦးသည် ရပ်လျက် “မက်ဆီဒိုးနီးယားပြည်သို့ ကူးလာ၍ ငါတို့ကို ကူညီပါ” ဟုတောင်းပန် ပြောဆိုလေ၏။
၁၀ ပေါလုသည် ထိုရူပါရုံကို မြင်သည်နှင့် မက်ဆီဒိုးနီးယားပြည်သားတို့ကို သတင်းကောင်း ဟောပြောရန် ငါတို့အား ဘုရားသခင် ဆင့်ခေါ်သည်ဟု ကောက်ချက်ချပြီးလျှင် ထိုပြည်သို့သွားရန် ချက်ချင်းရှာကြံလေ၏။
၁၁ ထို့ကြောင့် တရောမြို့မှ သာမောသရက်ကျွန်းသို့ တည့်တည့် သင်္ဘောလွှင့်ကြရာ နောက်တစ်နေ့တွင် နာပေါလိမြို့သို့ ရောက်ကြ၏။
၁၂ ထိုမြို့မှ ထွက်ပြန်လျှင် ရောမလက်အောက်ခံမြို့ဖြစ်သည့် မက်ဆီဒိုးနီးယားပြည်၏မြို့တော် ဖိလိပ္ပိမြို့သို့ ရောက်၍ ထိုမြို့တွင် ရက်အနည်းငယ် ဆက်၍နေကြ၏။
၁၃ ဥပုသ်နေ့၌ ငါတို့သည် မြို့တံခါးအပြင်သို့ ထွက်ပြီးမှ ဆုတောင်းရာအရပ်ရှိမည်ဟု စိတ်ထင်ဖြင့် မြစ်ကမ်းနားသို့ သွား၍ ထိုင်ပြီးလျှင် စုဝေးရောက်ရှိနေသော အမျိုးသမီးတို့ကို ဟောပြောကြ၏။
၁၄ ထိုအခါ ခရမ်းရောင်အထည်အလိပ်ကို ရောင်းသော သွာတိရမြို့သူ လုဒိအမည်ရှိသည့် ဘုရားသခင်ကိုကိုးကွယ်သော အမျိုးသမီးတစ်ဦးသည် ကြားနာလျက်နေ၏။ ပေါလုဟောပြောရာများကို နာယူလက်ခံရန် ယေဟောဝါဘုရားသည် သူ၏စိတ်နှလုံးကို အပြည့်အဝ ဖွင့်တော်မူ၏။
၁၅ ထိုအမျိုးသမီးသည် အိမ်သူအိမ်သားတို့နှင့်တကွနှစ်ခြင်းခံပြီးမှ “ကျွန်မသည် ယေဟောဝါဘုရားအပေါ် သစ္စာရှိသည်ဟု သင်တို့ထင်မှတ်လျှင် ကျွန်မအိမ်သို့ဝင်၍ တည်းခိုကြပါ” ဟုတောင်းပန်လျက် ငါတို့ကို အတင်းသွေးဆောင်လေ၏။
၁၆ ထို့နောက် ငါတို့သည် ဆုတောင်းရာအရပ်သို့ သွားစဉ် ဗေဒင်ဟောနိုင်သော နတ်ဝင်သည် အစေခံမလေးသည် ငါတို့ကို ဆီးကြိုလေ၏။ သူသည် ရှေ့ဖြစ်ဟော၍ မိမိသခင်တို့အတွက် စီးပွားများစွာ ဖြစ်စေတတ်၏။
၁၇ ထိုမိန်းကလေးသည် ပေါလုနှင့် ငါတို့နောက်သို့ တကောက်ကောက်လိုက်လျက် “ဤသူတို့ကား ကယ်တင်ခြင်းလမ်းကို သင်တို့အား ဟောပြောသော အမြင့်ဆုံးဘုရားသခင်၏ ကျွန်များ ဖြစ်ကြသည်” ဟုဟစ်အော်လေ့ရှိ၏။
၁၈ ရက်ပေါင်းများစွာ ထိုသို့ပြုလျက်နေ၏။ နောက်ဆုံး ပေါလုသည် စိတ်အနှောင့်အယှက်ဖြစ်လာ၍ လှည့်ကြည့်ပြီးလျှင် “သူ၏အထဲမှ ထွက်လော့။ ယေရှုခရစ်၏နာမကို အမှီပြု၍ ငါအမိန့်ရှိ၏” ဟုဆိုသော် ထိုနတ်သည် ချက်ချင်း ထွက်သွား၏။
၁၉ သူ၏သခင်တို့သည် မျှော်လင့်ထားသော စီးပွားပျက်သွားကြောင်း သိမြင်လျှင် ပေါလုနှင့် သိလတို့ကို ဖမ်းဆီး၍ မင်းအရာရှိများရှိရာ ရင်ပြင်သို့ ဆွဲခေါ်သွားကြ၏။
၂၀ စစ်ကဲမင်းတို့ထံ ရောက်သောအခါ သူတို့က “ဤသူတို့သည် ဂျူးများဖြစ်လျက် ကျွန်ုပ်တို့မြို့ကို အလွန်နှောင့်ယှက်နေ၏။
၂၁ ရောမနိုင်ငံသားများဖြစ်သော ကျွန်ုပ်တို့ မခံယူ၊ မကျင့်သုံးအပ်သော ထုံးတမ်းများကို သူတို့ ဟောပြောနေကြပါသည်” ဟုဆိုကြ၏။
၂၂ ထိုအခါ လူအုပ်သည် သူတို့တစ်ဖက်၌ ထကြွကြ၏။ စစ်ကဲမင်းတို့သည်လည်း သူတို့၏အဝတ်များကို ဆွဲချွတ်ပြီးလျှင် ကြိမ်ဒဏ်ပေးရန် အမိန့်ချမှတ်ကြ၏။
၂၃ အချက်ပေါင်းများစွာ ရိုက်ပြီးနောက် သေချာစွာ စောင့်ကြပ်စေဟု ထောင်မှူးကိုမှာ၍ ထောင်ချလိုက်ကြ၏။
၂၄ ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်းထောင်ထဲတွင် သူတို့ကိုလှောင်၍ ထိတ်ခတ်ထားလေ၏။
၂၅ သန်းခေါင်အချိန်ခန့်၌ ပေါလုနှင့် သိလတို့သည် ဆုတောင်း၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ အကျဉ်းသားများသည်လည်း နားထောင်လျက်နေကြစဉ်၊
၂၆ ရုတ်တရက် ငလျင်ကြီးလှုပ်သဖြင့် ထောင်တိုက်မြစ်တို့သည် လှုပ်လေ၏။ တံခါးရှိသမျှတို့သည် ချက်ချင်းပွင့်၍ လူအပေါင်းတို့သည် အနှောင်အဖွဲ့မှ လွတ်ကြ၏။
၂၇ ထောင်မှူးသည် အိပ်ရာမှနိုး၍ ထောင်တံခါးများ ပွင့်နေသည်ကိုမြင်လျှင် အကျဉ်းသားများ ထွက်ပြေးကြပြီဟု ထင်မှတ်သဖြင့် ဓားကိုဆွဲထုတ်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေမည် ပြုလေ၏။
၂၈ ထိုအခါ ပေါလုက “ကိုယ်ကိုဘေးမပြုနှင့်၊ ငါတို့အားလုံးရှိကြ၏” ဟုကျယ်သောအသံဖြင့် အော်ပြောလေ၏။
၂၉ ထောင်မှူးသည် မီးကိုယူလာစေပြီးမှ အထဲသို့ပြေးဝင်၍ တုန်လှုပ်လျက် ပေါလုနှင့် သိလတို့၏ခြေရင်းတွင် ပျပ်ဝပ်လေ၏။
၃၀ သူတို့ကို ထောင်ပြင်သို့ ထုတ်ပြီးလျှင် “သခင်တို့၊ ကျွန်ုပ်သည် ကယ်တင်ခြင်းရရန် မည်သို့ပြုရပါမည်နည်း” ဟုမေးလျှောက်လေ၏။
၃၁ ထိုသူတို့ကလည်း “သခင်ယေရှုကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်း ရလိမ့်မည်” ဟုပြောဆို၏။
၃၂ ထို့နောက် ထိုသူမှစ၍ သူ၏အိမ်၌ ရှိသမျှသောသူတို့အား ယေဟောဝါဘုရား၏ တရားစကားတော်ကို ဟောကြ၏။
၃၃ ထိုညအချိန်၌ပင် ထောင်မှူးသည် ပေါလုနှင့် သိလတို့ကိုခေါ်၍ ဒဏ်ရာများကို ဆေးကြောပေးပြီးလျှင် မိမိ၏အိမ်သူအိမ်သား အားလုံးနှင့်အတူ ချက်ချင်း နှစ်ခြင်းခံလေ၏။
၃၄ ထို့နောက် ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်သွားပြီးလျှင် စားပွဲကိုခင်း၍ ကျွေးမွေးလေ၏။ ဘုရားသခင်ကို ယုံကြည်လာပြီဖြစ်၍ အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ အလွန်ဝမ်းမြောက်လေ၏။
၃၅ မိုးလင်းသောအခါ စစ်ကဲမင်းများသည် ရုံးလုလင်တို့ကို စေလွှတ်၍ “ထိုသူတို့ကို လွှတ်စေ” ဟုမှာလိုက်ကြ၏။
၃၆ ထိုအခါ ထောင်မှူးသည် ပေါလုအား “ကိုယ်တော်တို့ကို လွှတ်စေဟု စစ်ကဲမင်းတို့က လူစေလွှတ်၍ မှာကြားကြပါပြီ။ ထို့ကြောင့် ယခုထွက်၍ ငြိမ်ဝပ်စွာ ကြွသွားကြပါ” ဟုလျှောက်လေ၏။
၃၇ သို့သော် ပေါလုက“ရောမနိုင်ငံသားများဖြစ်သော ငါတို့ကို စစ်ကြောစီရင်ခြင်းမရှိဘဲ လူအများရှေ့တွင် ရိုက်နှက်၍ ထောင်ချပြီးမှ ယခု တိတ်ဆိတ်စွာ လွှတ်လိုက်ကြမည်လော။ ထိုသို့မပြုသင့်။ သူတို့ကိုယ်တိုင်လာ၍ ငါတို့ကို ခေါ်ထုတ်ကြပါစေ” ဟုသူတို့ကို ပြောဆို၏။
၃၈ ထို့ကြောင့် မင်းလုလင်တို့သည် ထိုစကားကို စစ်ကဲမင်းများအား ကြားလျှောက်ကြ၏။ ထိုသူတို့သည် ရောမနိုင်ငံသားများဖြစ်ကြောင်း ကြားသိသောအခါ စစ်ကဲမင်းတို့သည် ကြောက်ရွံ့ကြ၏။
၃၉ သို့ဖြစ်၍ သူတို့သည်လာ၍ ပေါလုနှင့် သိလတို့ကို ဖျောင်းဖျလျက် ထောင်မှထုတ်ပြီးလျှင် ထိုမြို့မှထွက်သွားပါရန် တောင်းပန်ကြ၏။
၄၀ သို့သော် သူတို့သည် ထောင်မှထွက်၍ လုဒိအိမ်သို့ သွားကြ၏။ ထို့နောက် ညီအစ်ကိုတို့နှင့် တွေ့ဆုံကာ အားပေးတိုက်တွန်းပြီးနောက် ထွက်ခွာသွားကြ၏။