တမန်တော် ၁၇:၁-၃၄
၁၇ ထို့နောက် သူတို့သည် အံဖိပေါလိမြို့၊ အာပေါလောနိမြို့တို့ကို ဖြတ်လျှောက်သွား၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့တွင် ဂျူးတရားဇရပ်ရှိ၏။
၂ ပေါလုသည် ထုံးစံရှိသည်အတိုင်း တရားဇရပ်သို့ ဝင်ပြီးလျှင် ဥပုသ်နေ့သုံးနေ့တိုင်တိုင် ကျမ်းစာကိုအခြေခံ၍ ထိုသူတို့နှင့် ကျိုးကြောင်းဆင်ခြင်ဆွေးနွေးလေ၏။
၃ ခရစ်တော်သည် ဆင်းရဲဒုက္ခခံရမည်၊ သေခြင်းမှ ထမြောက်ရမည်ဟူသော အကြောင်းများကို အကိုးအကားများဖြင့် ရှင်းလင်းထောက်ပြပြီးလျှင် “ငါဟောပြောသော ဤယေရှုသည် ခရစ်တော်ဖြစ်သည်” ဟုဆိုလေ၏။
၄ ထို့ကြောင့် အချို့တို့သည် ယုံကြည်သူများဖြစ်လာ၍ ပေါလု၊ သိလတို့နှင့် ပေါင်းဖော်ကြ၏။ ဘုရားသခင်ကို ကိုးကွယ်သော ဂရိလူများစွာတို့နှင့် ထင်ရှားသော အမျိုးသမီးအများတို့သည်လည်း ယုံကြည်လာကြ၏။
၅ သို့သော် ဂျူးတို့သည် မနာလိုဖြစ်ကြသဖြင့် ဈေးထဲမှ လူဆိုးလူပျင်းအချို့တို့နှင့် အုပ်ဖွဲ့ပြီး မြို့၌ အုတ်အုတ်သဲသဲပြုကြ၏။ ထို့နောက် ယာသုန်၏အိမ်ကို ဝင်စီး၍ ပေါလုနှင့် သိလတို့ကို လူများရှေ့သို့ ဆွဲထုတ်ရန် ကြံစည်ကြ၏။
၆ သူတို့ကို မတွေ့သောအခါ ယာသုန်နှင့် ညီအစ်ကိုအချို့ကို မြို့အရာရှိတို့ထံ ဆွဲခေါ်လာ၍ အော်ဟစ်ပြောဆိုကြသည်မှာ၊“လူနေရာ မြေတစ်ပြင်လုံးကို မှောက်လှန်သော ဤသူတို့သည် ဤအရပ်ထိတိုင် ရောက်လာကြပါပြီ။
၇ ယာသုန်သည်လည်း သူတို့ကိုလက်ခံ၍ ဧည့်ဝတ်ပြုပါပြီ။ ဤသူအပေါင်းတို့က ယေရှုဆိုသော အခြားဘုရင်တစ်ပါးရှိသည်ဟုဆိုလျက် ကဲသာ*၏အမိန့်တော်ကို ဆန့်ကျင်ကြပါသည်။”
၈ မြို့အရာရှိမှစ၍ လူအုပ်တို့သည် ထိုအကြောင်းကိုကြား၍ စိတ်ပူပန်ကြ၏။
၉ ထို့နောက် ယာသုန်မှစ၍ အခြားသူတို့ထံမှ အာမခံငွေ အလုံအလောက်ရပြီးလျှင် သူတို့ကို လွှတ်လိုက်လေ၏။
၁၀ ညီအစ်ကိုတို့သည် မိုးချုပ်သည်နှင့် ပေါလုနှင့် သိလတို့ကို ဗေရိမြို့သို့ လွှတ်လိုက်ကြ၏။ သူတို့သည် ထိုမြို့သို့ရောက်လျှင် ဂျူးတရားဇရပ်သို့ ဝင်ကြ၏။
၁၁ ဗေရိမြို့ရှိ ဂျူးတို့သည် သက်သာလောနိတ်မြို့သားတို့ထက် စိတ်ထားမြင့်မြတ်သဖြင့် အလွန်ကြည်ဖြူလိုလားသောစိတ်နှင့် တရားစကားတော်ကို ခံယူ၍ ကြားနာရသည့်အရာများမှန်မမှန် သိမြင်ရန် နေ့စဉ်နေ့တိုင်း ကျမ်းစာကို စေ့စေ့ဆန်းစစ်ကြ၏။
၁၂ ထို့ကြောင့် လူအများတို့သည် ယုံကြည်သူများ ဖြစ်လာ၏။ ဂုဏ်အသရေရှိသော ဂရိအမျိုးသမီး၊ အမျိုးသားအများတို့သည်လည်း ယုံကြည်လာကြ၏။
၁၃ ပေါလုသည် ဗေရိမြို့၌လည်း ဘုရားသခင်၏ တရားစကားတော်ကို ဟောပြောနေကြောင်း သက်သာလောနိတ်မြို့မှ ဂျူးများကြားသိလျှင် ဗေရိမြို့သို့ လာပြန်၍ လူတို့ကို ဆူပူအောင် လှုံ့ဆော်ကြ၏။
၁၄ ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်ထိတိုင် ချက်ချင်း ပို့ဆောင်ကြ၏။ သိလနှင့် တိမောသေတို့မူကား နေရစ်ကြ၏။
၁၅ ပေါလုကို အေသင်မြို့အရောက် ပို့ဆောင်သူတို့သည် သိလနှင့် တိမောသေတို့အား အမြန်လိုက်လာစေရန် မှာကြားခံရပြီးနောက် ထွက်ခွာသွားကြ၏။
၁၆ ပေါလုသည် အေသင်မြို့၌ သိလနှင့် တိမောသေတို့ကို စောင့်ဆိုင်းနေစဉ် ထိုမြို့သည် ရုပ်တုများနှင့် ပြည့်နေသည်ကိုမြင်လျှင် စိတ်*အနှောင့်အယှက် ဖြစ်လေ၏။
၁၇ ထို့ကြောင့် တရားဇရပ်၌ ဂျူးမှစ၍ ဘုရားသခင်ကို ကိုးကွယ်သော အခြားသူတို့နှင့်လည်းကောင်း၊ လူအများစုဝေးရာ ဈေး၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်လည်းကောင်း ကျိုးကြောင်းဆင်ခြင် ဆွေးနွေးလေ၏။
၁၈ ထိုအခါ ဧပိကုရုနှင့် သတောအိတ် အတွေးအခေါ် ပညာရှင်အချို့တို့သည် ပေါလုနှင့် အချေအတင် ဆွေးနွေးကြ၏။ အချို့က “ဤစကားအိုးသည် အဘယ်အရာကို ပြောလိုသနည်း” ဟုဆို၏။ အချို့ကလည်း “ဤသူသည် တိုင်းတစ်ပါး နတ်ဘုရားတို့အကြောင်းကို ဟောပြောနေပုံရသည်” ဟုဆို၏။ ပေါလုသည် ယေရှု၏အကြောင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အကြောင်းတည်းဟူသော သတင်းကောင်းကို ဟောပြောသောကြောင့် ထိုသို့ဆိုရခြင်းဖြစ်၏။
၁၉ ထိုအခါ သူတို့သည် ပေါလုကို အာရေတောင်သို့ ဖမ်းခေါ်သွားပြီးလျှင် “သင်ဟောပြောသော သွန်သင်ချက်အသစ် အကြောင်းကို ငါတို့ပို၍ သိနားလည်နိုင်မည်လော။
၂၀ သင်သည် ငါတို့အတွက် ထူးဆန်းသော အကြောင်းအရာများကို ပြောကြား၏။ ထိုအရာများသည် မည်သို့သောအရာ ဖြစ်ကြောင်းကို ငါတို့သိချင်ပါသည်” ဟုဆိုကြ၏။
၂၁ အေသင်မြို့သူမြို့သား အပေါင်းနှင့် တိုင်းတစ်ပါး ဧည့်သည်များတို့သည် အကြောင်းအရာအသစ် တစ်ခုခုကို ပြောဆိုကြားနာခြင်းမှတစ်ပါး အခြားသောအမှုဖြင့် အချိန်ကုန် မခံတတ်ကြ။
၂၂ ထိုအခါ ပေါလုသည် အာရေတောင်တွင်ရပ်လျက် ဤသို့ပြောဆို၏။
“အေသင်မြို့သားတို့၊ သင်တို့သည် အခြားသူတို့ထက် နတ်ဘုရားများကို အထူးကြည်ညိုသူများဖြစ်ကြောင်း အရာခပ်သိမ်းကို ထောက်၍ ငါသိမြင်၏။
၂၃ လမ်း၌ လျှောက်သွား၍ သင်တို့ကြည်ညိုကိုးကွယ်ရာများကို ကြည့်ရှုစဉ် ‘ငါတို့မသိသော ဘုရားသခင်အဖို့’ ဟူ၍ ကမ္ပည်းထိုးထားသော ယဇ်ပလ္လင်တစ်ခုကိုလည်း တွေ့ပါ၏။ သို့ဖြစ်၍ သင်တို့မသိဘဲ ဆည်းကပ်ကိုးကွယ်သော ဘုရားသခင်အကြောင်းကို ငါပြောပြပါမည်။
၂၄ လောကနှင့် လောက၌ရှိသမျှကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးပိုင်သရှင်ဖြစ်တော်မူ၍ လက်ဖြင့်လုပ်သော ဗိမာန်များတွင် စံမြန်းတော်မမူ။
၂၅ ဘုရားသခင်သည် လူအပေါင်းတို့ကို အသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ အရာခပ်သိမ်းကို ပေးတော်မူသောကြောင့် တစ်စုံတစ်ခု လိုအပ်နေဘိသကဲ့သို့ လူတို့လက်ဖြင့် ပြုစုခြင်းကို ခံတော်မမူ။
၂၆ ဘုရားသခင်သည် လူတစ်ဦးတည်းမှ လူအမျိုးမျိုးကိုဖန်ဆင်းတော်မူ၍ မြေတစ်ပြင်လုံးတွင် နေထိုင်စေတော်မူ၏။ သူတို့အတွက် အချိန်ကာလကိုလည်းကောင်း၊ နေရာဒေသကိုလည်းကောင်း ပိုင်းခြား သတ်မှတ်ပေးတော်မူ၏။
၂၇ အကြောင်းမူကား လူတို့သည် ဘုရားသခင်ကိုရှာစမ်းသဖြင့် တွေ့နိုင်မည်အကြောင်းတည်း။ အမှန်စင်စစ် ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။
၂၈ ငါတို့သည် ကိုယ်တော်ကြောင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြပါ၏။ ထိုသို့နှင့်အညီ သင်တို့တွင် လင်္ကာဆရာအချို့က ‘ငါတို့သည်လည်း ဘုရားအနွယ်တော်ဖြစ်သည်’ ဟုစပ်ဆိုကြ၏။
၂၉ “ထို့ကြောင့် ငါတို့သည် ဘုရားသခင်၏အနွယ်တော် ဖြစ်ကြသည့်အတိုင်း ဘုရားသခင်သည် လူတို့ကြံဖန်ထုလုပ်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုတို့နှင့် တူတော်မူသည်ဟု ငါတို့ မထင်မမှတ်သင့်။
၃၀ ဘုရားသခင်သည် မသိနားမလည်သော အချိန်ကာလများကို မမှတ်သော်လည်း ယခုမူ နေရာခပ်သိမ်းမှ လူအပေါင်းတို့ နောင်တရကြရန် မိန့်တော်မူ၏။
၃၁ အကြောင်းမူကား ခန့်ထားတော်မူသောသူအားဖြင့် လူနေရာမြေကြီးကို ဖြောင့်မတ်ခြင်းနှင့်အညီ တရားစီရင်မည့်နေ့ရက်ကို သတ်မှတ်တော်မူပြီ။ ထိုအရှင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသောအားဖြင့် ထိုသို့ခန့်အပ်ကြောင်းကို လူအပေါင်းတို့အား ယုံကြည်စိတ်ချစေလေပြီ။”
၃၂ အချို့သည် လူသေတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားလျှင် ကဲ့ရဲ့ကြ၏။ အချို့ကမူ “ဤအကြောင်းကို နောက်တစ်ဖန်နားထောင်ဦးမည်” ဟုဆိုကြ၏။
၃၃ သို့နှင့် ပေါလုသည် ထိုသူတို့အလယ်မှ ထွက်သွားလေ၏။
၃၄ အချို့မူကား ပေါလုနှင့်ပူးပေါင်း၍ ယုံကြည်သူများ ဖြစ်လာကြ၏။ ထိုသူတို့တွင် အာရေတောင် တရားသူကြီးဖြစ်သော ဒယောနုသိနှင့် ဒမာရိအမည်ရှိသော အမျိုးသမီးတစ်ဦးမှစ၍ အခြားသောသူများလည်း ပါဝင်ကြ၏။