တမန်တော် ၁၉:၁-၄၁

၁၉  အာပေါလုသည် ကောရိန္သုမြို့၌ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများသို့ သွားပြီးလျှင် ဧဖက်မြို့သို့ ရောက်လာရာ တပည့်တော်အချို့ကို တွေ့လေ၏။ ၂  ပေါလုက “သင်တို့သည် ယုံကြည်သူများ ဖြစ်လာသောအခါ သန့်ရှင်းသော စွမ်းအားတော်ကို ခံရကြပြီလော” ဟုမေးလျှင်၊ သူတို့က “သန့်ရှင်းသော စွမ်းအားတော်အကြောင်းကို ကျွန်ုပ်တို့ မကြားဖူးပါ” ဟုပြောဆိုကြ၏။ ၃  ပေါလုကလည်း “သို့ဖြစ်လျှင်၊ သင်တို့သည် အဘယ်မည်သောနှစ်ခြင်းကို ခံခဲ့ကြသနည်း” ဟုမေးသော်၊ “ယောဟန်၏နှစ်ခြင်း” ဟုဖြေဆိုကြ၏။ ၄  ပေါလုကလည်း “ယောဟန်က ငါ့နောက်မှ ကြွလာသောသူတည်းဟူသော ယေရှုကို ယုံကြည်ရမည်ဟု လူတို့အား ဟောပြောလျက် နောင်တရခြင်း အထိမ်းအမှတ်အဖြစ် နှစ်ခြင်းပေးလေ၏” ဟု ဆို၏။ ၅  ထိုစကားကို ကြားလျှင် ထိုသူတို့သည် သခင်ယေရှု၏နာမ၌ နှစ်ခြင်းခံကြ၏။ ၆  ပေါလုသည် သူတို့အပေါ် လက်ကိုတင်သောအခါ သန့်ရှင်းသော စွမ်းအားတော် သက်ရောက်သဖြင့် ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားများကို ပြော၍ ပရောဖက်ပြုကြ၏။ ၇  အရေအတွက်ကား အမျိုးသားတစ်ဆယ့်နှစ်ဦးခန့်ရှိ၏။ ၈  ထို့နောက် ပေါလုသည် တရားဇရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ရဲရင့်စွာဟောပြောလျက် သွေးဆောင်လေ၏။ ၉  အချို့သောသူတို့သည် စိတ်ခိုင်မာ၍ မယုံကြည်ဘဲ လူအများရှေ့တွင် သခင်၏လမ်းစဉ်အကြောင်း ပုတ်ခတ်ရှုတ်ချသောအခါ ပေါလုသည် သူတို့ထံမှ ထွက်ခွာ၍ တပည့်တော်တို့ကိုလည်း မိမိနှင့်အတူ ခေါ်ဆောင်သွားကာ တုရန္နု၏ကျောင်းခန်းမတွင် နေ့စဉ်ဟောပြောလျက်နေ၏။ ၁၀  နှစ်နှစ်ပတ်လုံး ထိုသို့ဟောပြောသောအားဖြင့် အာရှနယ်ရှိ ဂျူးနှင့် ဂရိလူရှိသမျှတို့သည် သခင်၏တရားစကားတော်ကို ကြားကြရ၏။ ၁၁  ဘုရားသခင်သည် ပေါလုလက်ဖြင့် ထူးခြားသောတန်ခိုးများကို ပြလျက်နေတော်မူ၏။ ၁၂  ပေါလု၏ပဝါများနှင့် ခါးစည်းများကို လူနာတို့ထံ ယူသွားပေးသောအခါ သူတို့သည် ရောဂါပျောက်ကင်းကြ၏။ နတ်ဆိုးများလည်း ထွက်သွားကြ၏။ ၁၃  လှည့်လည်သွားလာ၍ နတ်ဆိုးတို့ကို နှင်ထုတ်ပေးတတ်သော ဂျူးအချို့ကလည်း “ပေါလုဟောပြောသော ယေရှုကိုတိုင်တည်၍ သင်တို့ကို ငါအမိန့်ပေး၏” ဟုဆိုလျက် နတ်ဆိုးပူးသူတို့အပေါ် သခင်ယေရှု၏နာမကို မြွက်စမ်းကြ၏။ ၁၄  သကေဝဆိုသော ဂျူးယဇ်ပုရောဟိတ်ကြီး၏ သားခုနစ်ဦးတို့သည်လည်း ထိုသို့ပြုကြ၏။ ၁၅  နတ်ဆိုးကလည်း “ယေရှုကို ငါသိ၏။ ပေါလုကိုလည်း သိ၏။ သင်တို့ကား မည်သူနည်း” ဟုဆို၏။ ၁၆  ထို့နောက် နတ်ဆိုးပူးသူသည် သူတို့အပေါ်သို့ ခုန်အုပ်၍ အနိုင်ရသဖြင့် ထိုသူတို့သည် အဝတ်မပါဘဲ ဒဏ်ရာများနှင့် ထိုအိမ်မှ ထွက်ပြေးသွားကြ၏။ ၁၇  ထိုအကြောင်းအရာကို ဧဖက်မြို့၌နေသော ဂျူးနှင့် ဂရိလူအပေါင်းတို့သည် ကြားသိလျှင် ကြောက်ရွံ့ကြ၏။ သခင်ယေရှု၏နာမသည်လည်း ထင်ရှားသည်ထက် ထင်ရှားလာ၏။ ၁၈  ယုံကြည်သူအများတို့သည်လည်း လာ၍ မိမိတို့အကျင့်များကို အတိအလင်း ဖော်ပြဝန်ခံကြ၏။ ၁၉  မှော်အတတ်လိုက်စားသူ အများတို့သည်လည်း မိမိတို့စာစောင်များကို ယူလာပြီးလျှင် လူအားလုံးရှေ့တွင် မီးရှို့လိုက်ကြ၏။ ထိုစာစောင်များ၏တန်ဖိုးကို တွက်ချက်ကြည့်သော် ငွေအသပြာငါးသောင်း ထိုက်ကြောင်း သိကြ၏။ ၂၀  ထိုသို့ဖြင့် ယေဟောဝါဘုရား၏ တရားစကားတော်သည် အလွန်ထွန်းကားပျံ့နှံ့လေ၏။ ၂၁  ထိုအမှုအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် မက်ဆီဒိုးနီးယားပြည်နှင့် အခါယပြည်သို့ သွားပြီးလျှင် ဂျေရုဆလင်မြို့သို့ သွားမည်ဟု စိတ်ကူးလေ၏။ “ထိုမြို့သို့ရောက်လျှင် ရောမမြို့ကိုလည်း သွားကြည့်ရမည်” ဟုဆို၏။ ၂၂  မိမိလက်ထောက်တို့အနက် တိမောသေနှင့် ဧရတ္တုတို့နှစ်ဦးကို မက်ဆီဒိုးနီးယားပြည်သို့ စေလွှတ်ပြီးလျှင် ကိုယ်တိုင်မူကား အာရှနယ်၌ အတန်ကြာနေလေ၏။ ၂၃  ထိုအချိန်တွင် သခင်၏လမ်းစဉ်နှင့်ပတ်သက်၍ အကြီးအကျယ် မငြိမ်မသက် ဖြစ်လေ၏။ ၂၄  ဒေမေတရိအမည်ရှိသူ ငွေပန်းထိမ်သမားတစ်ဦးသည် အာတေမိဘုရားမ၏ ငွေနတ်ကွန်းများကို ပြုလုပ်ခြင်းဖြင့် ပန်းထိမ်သမားချင်းတို့အား စီးပွားဖြစ်စေ၏။ ၂၅  ထိုသူသည် ပန်းထိမ်သမားတို့နှင့် လုပ်ငန်းတူပညာသည်များကို စုဝေးစေပြီးလျှင် “အချင်းလူတို့၊ ဤလုပ်ငန်းဖြင့် ငါတို့ကြီးပွားသည်ကို သင်တို့သိကြ၏။ ၂၆  ဤပေါလုသည် ဧဖက်မြို့တွင်သာမက အာရှနယ်တစ်ဝန်းလုံးလိုလို၌ လူ့လက်ဖြင့် လုပ်သောအရာများသည် ဘုရားမဟုတ်ဟု ဆိုလျက် လူအုပ်ကိုသွေးဆောင်၍ အယူပြောင်းသွားစေကြောင်း သင်တို့လည်း မြင်လျက်ကြားလျက်ရှိကြ၏။ ၂၇  ထို့ပြင် ငါတို့၏လုပ်ငန်းသည် ကဲ့ရဲ့စရာဖြစ်မည်သာမက အာရှနယ်တစ်ဝန်းလုံးနှင့် လူနေရာ မြေကြီးပေါ်တွင် ကိုးကွယ်သည့် ကြီးမြတ်သော ဘုရားမ အာတေမိ၏ ဘုန်းအသရေပင် ညှိုးနွမ်းလျက် သူ၏ဗိမာန်သည်လည်း အချည်းနှီး ဖြစ်ရမည့်ဘေး ဆိုက်ပါတော့မည်” ဟုဆိုလေ၏။ ၂၈  သူတို့သည် ထိုစကားကိုကြားလျှင် အမျက်ခြောင်းခြောင်းထွက်၍ “ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏” ဟုအော်ဟစ်ကြ၏။ ၂၉  ထိုမြို့တွင် ရုတ်ရုတ်သဲသဲဖြစ်၍ သူတို့သည် ပေါလု၏ခရီးသွားဖော်များဖြစ်သော မက်ဆီဒိုးနီးယားပြည်သား ဂါယုနှင့် အာရိတ္တာခုတို့ကို အတင်းအဓမ္မ ဆွဲခေါ်သွားပြီးလျှင် ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုး ပြေးဝင်ကြ၏။ ၃၀  ပေါလုသည် လူစုထဲသို့ဝင်လိုသော်လည်း တပည့်တော်တို့က ဝင်ခွင့်မပြုကြ။ ၃၁  ပေါလု၏အဆွေဖြစ်သော ပွဲကြပ်အချို့ကလည်း ဇာတ်ရုံထဲသို့ အရဲစွန့်၍ မဝင်ရန် လူလွှတ်ပြီး တောင်းပန်ကြ၏။ ၃၂  လူစုလူဝေးသည် တစ်ယောက်တစ်မျိုးစီ အော်ဟစ်၍ ရုတ်ရုတ်သဲသဲ ဖြစ်လာသဖြင့် လူအများစုသည် မိမိတို့ စုဝေးရသည့်အကြောင်းရင်းကိုပင် မသိကြ။ ၃၃  ထိုအခါ ဂျူးတို့ ရှေ့သို့တွန်းပို့လိုက်သော အာလေဇန္ဒြုကို လူအုပ်ထဲမှအချို့က တိုက်တွန်းသဖြင့် အာလေဇန္ဒြုသည် လက်ရိပ်ပြ၍ လူများတို့အား ချေပပြောဆိုမည်ပြု၏။ ၃၄  သို့သော် သူသည် ဂျူးလူမျိုးဖြစ်ကြောင်း သိကြလျှင် လူအပေါင်းတို့က “ဧဖက်လူတို့၏အာတေမိသည် ကြီးမြတ်တော်မူ၏” ဟုနှစ်နာရီခန့်မျှ သံပြိုင်ဟစ်အော်ကြ၏။ ၃၅  မြို့ဝန်သည် လူအုပ်ကို ဆိတ်ငြိမ်စေပြီးလျှင် “ဧဖက်လူတို့၊ သင်တို့၏ ဧဖက်မြို့သည် ကောင်းကင်မှကျသော ရုပ်တုနှင့် ကြီးမြတ်တော်မူသော အာတေမိ၏ဗိမာန်စောင့် ဖြစ်သည်ကို မသိသူ ရှိသလော။ ၃၆  ဤအရာများသည် ငြင်းခုံစရာ မဟုတ်သောကြောင့် သင်တို့သည် စိတ်လိုက်မာန်ပါ မပြုဘဲ တိတ်ဆိတ်စွာ နေသင့်၏။ ၃၇  သင်တို့ခေါ်ဆောင်လာသော ဤလူတို့သည် ဗိမာန်များကို လုယူဖျက်ဆီးခြင်း မပြု။ ငါတို့၏ဘုရားမကို စော်ကားခြင်းလည်း မပြုကြ။ ၃၈  ထို့ကြောင့် ဒေမေတရိနှင့် သူ၏အပေါင်းပါ လက်မှုပညာသည်တို့အနေဖြင့် တစ်စုံတစ်ဦးကို တရားစွဲလိုလျှင် တရားရုံးဖွင့်ရက်များ ရှိ၏။ နယ်စားမင်းလည်း ရှိ၏။ အမှုသည်ချင်း တရားတွေ့ကြပါစေ။ ၃၉  အခြားသောအမှုရှိသေးလျှင် တရားဝင် အစည်းအဝေး၌ စီရင်ဆုံးဖြတ်ရလိမ့်မည်။ ၄၀  ယနေ့ ဆူပူလှုပ်ရှားမှုအတွက် ငါတို့စွပ်စွဲခံရမည့်ဘေးရှိ၏။ ဤရုန်းရင်းခတ်မှုအတွက် ငါတို့တွင် အကြောင်းပြချက် လုံးဝမရှိဘဲ ဖြစ်လိမ့်မည်” ဟုဆို၏။ ၄၁  ထိုသို့ပြောကြားပြီးနောက် လူစုကို ထွက်သွားစေ၏။

အောက်ခြေမှတ်ချက်များ