တမန်တော် ၂:၁-၄၇
၂ ပင်တေကုတ္တေပွဲ ကျင်းပနေစဉ် ထိုသူအပေါင်းတို့သည် တစ်နေရာတည်း၌ စုဝေး၍နေကြ၏။
၂ လေပြင်းတိုက်သံနှင့်တူသော အသံသည် ကောင်းကင်မှ ရုတ်တရက် ပေါ်လာ၍ ထိုသူတို့ ထိုင်နေသော အိမ်တစ်အိမ်လုံး၌ ပြည့်လေ၏။
၃ ထိုအခါ မီးလျှာကဲ့သို့သောအရာများ ထင်ရှားလာပြီး အဖြာဖြာကွဲပြားလျက် ထိုသူအသီးသီးတို့အပေါ်တွင် တည်နေ၏။
၄ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောစွမ်းအားတော်နှင့်ပြည့်လျက် စွမ်းအားတော်က မြွက်ဆိုခွင့်ပေးသည့်အတိုင်း အမျိုးမျိုးသော ဘာသာစကားများဖြင့် ပြောဆိုကြလေ၏။
၅ ထိုကာလတွင် ကောင်းကင်အောက် တိုင်းပြည်အသီးသီးမှ ဘုရားတရားကြည်ညိုသော ဂျူးတို့သည် ဂျေရုဆလင်မြို့တွင် ရောက်ရှိနေကြ၏။
၆ ထိုအသံပေါ်လာသောအခါ လူအများ စုရုံးလာကြပြီး အသီးအသီးတို့သည် မိမိတို့ဘာသာစကားဖြင့် ပြောဆိုသည်ကိုကြားရ၍ မိန်းမောတွေဝေကြ၏။
၇ ထိုသူတို့သည် အလွန်အံ့သြလျက် “ဟောပြောနေသူအပေါင်းတို့သည် ဂါလိလဲပြည်သားများ မဟုတ်လော။
၈ သို့ဖြစ်လျက်နှင့် ငါတို့၏ဘာသာစကား အသီးသီးဖြင့် ကြားနေရခြင်းကား မည်သို့နည်း။
၉ ပါသိပြည်သားများ၊ မေဒိပြည်သားများ၊ ဧလံပြည်သားများ၊ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှနယ်*တို့တွင် နေထိုင်သူများ၊
၁၀ ဖြုဂိပြည်၊ ပမ်ဖုလိပြည်၊ အီဂျစ်ပြည်၊ ကုရေနေမြို့အနီးရှိ လစ်ဗျားကျေးလက်ဒေသများတွင် နေထိုင်သူများ၊ ရောမမြို့တို့မှလာသော ဂျူးများနှင့် ဂျူးဘာသာဝင်များ၊
၁၁ ခရိပြည်သားများ၊ အာရပ်ပြည်သားများဖြစ်သော ငါတို့သည် ဘုရားသခင်၏အံ့ဖွယ်အမှုများအကြောင်းကို ငါတို့၏ဘာသာစကားများဖြင့် ဤသူတို့ဟောပြောသည်ကို ကြားရကြ၏” ဟုပြောဆိုကြ၏။
၁၂ ထိုသူအပေါင်းတို့သည် အလွန်အံ့သြလျက် “ဤအမှုအရာသည် မည်သို့နည်း” ဟုအချင်းချင်း မေးမြန်းပြောဆိုကြ၏။
၁၃ သို့ရာတွင် လူအချို့က “ဤသူတို့သည် စပျစ်ဝိုင် ယစ်မူးနေကြသည်” ဟုကဲ့ရဲ့ပြောဆိုကြ၏။
၁၄ ထိုအခါ ပေတရုသည် တစ်ဆယ့်တစ်ပါးသော တမန်တော်တို့နှင့်တကွ ထလျက် ထိုသူတို့အား အသံကျယ်ကျယ်ဖြင့် ဤသို့ဟောပြော၏။ “ဂျူးများနှင့် ဂျေရုဆလင်မြို့၌ နေသူအပေါင်းတို့၊ ငါပြောမည့်စကားကို အာရုံစိုက်၍ နားထောင်ကြလော့။
၁၅ ယခု သုံးနာရီ*သာရှိသေးသည်ဖြစ်၍ သင်တို့ထင်သည်အတိုင်း ဤသူတို့သည် ယစ်မူးကြသည်မဟုတ်။
၁၆ ဤအမှုအရာကား ပရောဖက်ယောလအားဖြင့် ဟောခဲ့သည့်အတိုင်းဖြစ်၏။
၁၇ ဘုရားသခင်က ‘“နောက်ဆုံးသော နေ့ရက်ကာလ၌ လူအမျိုးမျိုးတို့အပေါ်သို့ ငါ၏စွမ်းအားတော်ကို သွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုကြလိမ့်မည်။ လူငယ်တို့သည် ရူပါရုံများကို မြင်ကြလိမ့်မည်။ အသက်ကြီးသူတို့သည်လည်း အိပ်မက်များကို မြင်မက်ကြလိမ့်မည်။
၁၈ ထိုကာလ၌ ငါ၏ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့အပေါ်သို့ ငါ၏စွမ်းအားတော်ကို ငါသွန်းလောင်း၍ သူတို့သည် ပရောဖက်ပြုကြလိမ့်မည်။
၁၉ အထက်မိုးကောင်းကင်၌ အံ့ဖွယ်အမှုများနှင့် အောက်မြေကြီးပေါ်၌ သွေး၊ မီး၊ မီးခိုးတည်းဟူသော နိမိတ်လက္ခဏာများကို ငါပြမည်။
၂၀ ယေဟောဝါဘုရား၏ နေ့ထူးနေ့မြတ်ကြီး မရောက်မီနေသည် မိုက်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။
၂၁ ယေဟောဝါဘုရား၏နာမတော်ကို ခေါ်၍ ဆုတောင်းသောသူ ရှိသမျှတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။”’
၂၂ “အစ္စရေးအမျိုးသားတို့၊ ဤစကားကို နာယူကြလော့။ ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သင်တို့အား လူသိရှင်ကြား ဖော်ပြခဲ့၏။ ဘုရားသခင်သည် သင်တို့တွင် တန်ခိုးများ၊ အတိတ်နိမိတ်နှင့် လက္ခဏာများကို ထိုသူအားဖြင့် ပြုတော်မူကြောင်း သင်တို့ကိုယ်တိုင် သိကြ၏။
၂၃ ဘုရားသခင် ရည်ရွယ်ပြဋ္ဌာန်းတော်မူချက်၊ ကြိုတင်သိမြင်မှုနှင့်အညီ အပ်နှံခံရသော ထိုသူကို သင်တို့သည် မတရားသောသူတို့၏လက်ဖြင့် သစ်တိုင်မှာရိုက်ထား၍ ကွပ်မျက်လိုက်ကြ၏။
၂၄ သို့သော် ဘုရားသခင်သည် သေခြင်း၏ချုပ်နှောင်မှုမှ လွတ်မြောက်စေခြင်းဖြင့် သူ့ကို ရှင်ပြန်ထမြောက်စေတော်မူပြီ။ အကြောင်းမူကား သေခြင်းသည် ထိုသူကို ဆက်၍ ချည်နှောင်နိုင်စွမ်းမရှိ။
၂၅ ထိုသူနှင့် ပတ်သက်၍ ဒါဝိဒ်က ‘ငါသည် ယေဟောဝါဘုရားကို အစဉ်မျက်မှောက်ပြုပါပြီ။ ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ ရှိနေတော်မူသောကြောင့် ငါသည် လှုပ်ရှားခြင်းမရှိရာ။
၂၆ ထို့ကြောင့် ငါ့စိတ်နှလုံးသည် ရွှင်လန်းလျက်၊ ငါ့လျှာသည် အလွန်ဝမ်းမြောက်ပါ၏။ ထိုမှတစ်ပါး ငါ့ခန္ဓာကိုယ်သည်လည်း မျှော်လင့်ချက်နှင့် ရှင်သန်နေမည်။
၂၇ အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်*ကို သင်္ချိုင်း*၌ ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်အား သစ္စာစောင့်သိသူကိုလည်း ပုပ်ပျက်စေတော်မူမည် မဟုတ်။
၂၈ အသက်ရှင်ခြင်းလမ်းကို ကျွန်ုပ်အား သိစေတော်မူပြီ။ ရှေ့တော်၌လည်း ရွှင်လန်းသောစိတ်နှင့် ပြည့်စုံစေတော်မူလိမ့်မည်’ ဟုမြွက်ဆို၏။
၂၉ “ညီအစ်ကိုတို့၊ အမျိုး၏အဖဖြစ်သော ဒါဝိဒ်၏အကြောင်းကို လွတ်လပ်စွာ ပြောဆိုပါရစေ။ ထိုဒါဝိဒ်သည် သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရသဖြင့် သူ၏သင်္ချိုင်းသည် ယခုတိုင်အောင် ငါတို့၌ရှိ၏။
၃၀ ထိုသူသည် ပရောဖက်ဖြစ်၍ မိမိအမျိုးအနွယ်မှ တစ်ဦးကို မိမိ၏ပလ္လင်ပေါ်တွင် တင်တော်မူမည်ဟု ဘုရားသခင်သည် အခိုင်အမာ ကျိန်ဆိုတော်မူကြောင်း သိ၍၊
၃၁ ခရစ်တော်ကို သင်္ချိုင်း၌ စွန့်ပစ်တော်မူမည်မဟုတ်။ ခန္ဓာကိုယ်ကိုလည်း ပုပ်ပျက်စေတော်မူမည် မဟုတ်ဟူ၍ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြိုတင်ဟောခဲ့၏။
၃၂ ထိုယေရှုကို ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူ၍ ငါတို့ရှိသမျှသည် သက်သေဖြစ်ကြ၏။
၃၃ ထိုသူသည် ဘုရားသခင်၏ လက်ယာဘက်သို့ ချီးမြှောက်ခံရသဖြင့် ကတိထားတော်မူသည့် သန့်ရှင်းသောစွမ်းအားတော်ကို ခမည်းတော်ထံမှ ခံယူရရှိပြီဖြစ်၍ သင်တို့တွေ့မြင်ကြားသိရသော ထိုစွမ်းအားတော်ကို ငါတို့အပေါ် သွန်းလောင်းတော်မူ၏။
၃၄ ဒါဝိဒ်သည် ကောင်းကင်သို့ တက်သည်မဟုတ်။ ဒါဝိဒ်ကိုယ်တိုင် ပြောဆိုသည်မှာ ‘ယေဟောဝါဘုရားသည် ငါ၏သခင်အား “ငါ၏လက်ယာဘက်၌ ထိုင်နေလော့။
၃၅ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာအဖြစ် ငါမချမထားမီတိုင်အောင် ထိုင်နေလော့” ဟုမိန့်တော်မူ၏။’
၃၆ ထို့ကြောင့် သင်တို့ သစ်တိုင်ပေါ်တင်ခဲ့သော ထိုယေရှုကို ဘုရားသခင်သည် သခင်အရာ၊ ခရစ်တော်အရာ၌ ခန့်ထားတော်မူကြောင်း အစ္စရေးတစ်မျိုးသားလုံး အမှန်သိမှတ်ကြပါစေ။”
၃၇ ထိုသူတို့ကြားလျှင် စိတ်နှလုံးပူပန်ခြင်းရှိ၍ “ညီအစ်ကိုတို့၊ မည်သို့ပြုရပါမည်နည်း” ဟုပေတရုနှင့် အခြားသော တမန်တော်တို့အား မေးမြန်းကြသော်၊
၃၈ ပေတရုက “နောင်တရကြလော့။ သင်တို့အပြစ်များ ခွင့်လွှတ်ခံရရန် ယေရှုခရစ်၏နာမ၌ လူတိုင်းနှစ်ခြင်းခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောစွမ်းအားတော်တည်းဟူသော ဆုကျေးဇူးကို ရရှိကြမည်။
၃၉ အကြောင်းမူကား ကတိတော်သည် သင်တို့မှစ၍ သင်တို့၏သားသမီးများအပြင် ငါတို့၏ဘုရားသခင် ယေဟောဝါ ခေါ်တော်မူမည့် ရပ်ဝေး၌ ရှိသောသူအပေါင်းတို့နှင့်လည်း သက်ဆိုင်၏” ဟုဆို၏။
၄၀ အခြားသောစကားများဖြင့်လည်း စေ့စေ့သက်သေခံပြီးလျှင် “ဤဆိုးညစ်သောလူမျိုးဆက်မှ ထွက်ကြလော့” ဟူ၍ တိုက်တွန်းနှိုးဆော်လျက်နေ၏။
၄၁ ထိုစကားကို ဝမ်းသာအားရ ခံယူသူတို့သည် နှစ်ခြင်းခံကြ၍ ထိုနေ့တွင် လူ*သုံးထောင်ခန့် တိုးများလာ၏။
၄၂ သူတို့သည် တမန်တော်တို့၏ သွန်သင်ချက်ကို ခံယူခြင်း၊ အချင်းချင်း ဝေမျှစားသောက်ခြင်း၊ ဆုတောင်းခြင်းတို့ကို မပြတ်ပြုကြ၏။
၄၃ တမန်တော်တို့သည် များစွာသော အတိတ်နိမိတ်နှင့် လက္ခဏာများကိုပြကြသဖြင့် လူ*အပေါင်းတို့သည်မြင်၍ ကြောက်ရွံ့လာကြ၏။
၄၄ ယုံကြည်လာသူအပေါင်းတို့သည် တစုတဝေးတည်းနေကြသဖြင့် မိမိတို့၌ရှိသမျှကို ဝေမျှသုံးဆောင်ကြ၏။
၄၅ မိမိတို့ ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်လူအားလုံး အသုံးလိုသည့်အတိုင်း အသီးအသီးတို့အား ဝေငှကြ၏။
၄၆ ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့စဉ်မပြတ် တညီတညွတ်တည်း နေကြ၏။ အိမ်များတွင်လည်း စိတ်ရင်းစေတနာနှင့် အလွန်ဝမ်းမြောက်သောစိတ်ဖြင့် အစာကို အတူဝေမျှစားသုံးကြ၏။
၄၇ ဘုရားသခင်ကို ချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာရကြ၏။ ယေဟောဝါဘုရားသည်လည်း ကယ်တင်ခံရမည့်သူများကို နေ့စဉ်မပြတ် ခေါ်သွင်းလျက်ရှိ၏။
အောက်ခြေမှတ်ချက်များ
^ ဤကျမ်းစာတွင် ‘အာရှနယ်’ ဟူသော ဝေါဟာရသည် အာရှတိုက်ကို မဆိုလိုဘဲ အာရှမိုင်းနားအနောက်ပိုင်းရှိ ရောမစီရင်စုနယ်ကို ဆိုလိုသည်။
^ “နံနက် ၉ နာရီခန့်။”
^ ဂရိ၊ “ပစီခီး။” နောက်ဆက်တွဲ ၇ ရှု။
^ ဂရိ၊ “ဟေးဒီးစ်။” နောက်ဆက်တွဲ ၉ ရှု။
^ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
^ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။