တမန်တော် ၂၁:၁-၄၀
၂၁ ငါတို့သည် ထိုသူတို့နှင့် ခွဲခွာပြီးနောက် သင်္ဘောကို တည့်တည့်လွှင့်၍ ကောသမြို့သို့ ရောက်ကြ၏။ နောက်တစ်နေ့၌ ရောဒုမြို့သို့ ရောက်ကြ၏။ ထိုကျွန်းမှပါတရမြို့သို့ ရောက်ကြ၏။
၂ ဖိုနီးရှားပြည်ကိုကူးမည့် သင်္ဘောကိုတွေ့လျှင် တက်စီး၍ ရွက်လွှင့်ကြ၏။
၃ လက်ဝဲဘက်တွင် ဆိုက်ပရပ်စ်ကျွန်းကို မြင်တွေ့ရသော် ထိုကျွန်းအနီးမှဖြတ်၍ ဆီးရီးယားသို့ ရွက်လွှင့်လျက် တိုင်ရာမြို့တွင် ဆိုက်ကပ်ကြ၏။ ထိုမြို့တွင် သင်္ဘော၌ပါသောကုန်များကို ချကြ၏။
၄ ထိုတွင် တပည့်တော်တို့ကို ရှာတွေ့သဖြင့် ခုနစ်ရက်နေကြ၏။ ထိုတပည့်တော်တို့သည် ပေါလုကို ဂျေရုဆလင်မြို့သို့ မသွားရန် စွမ်းအားတော်အားဖြင့် အထပ်ထပ် ပြောကြ၏။
၅ ရက်စေ့သောအခါ ငါတို့သည်ထွက်သွား၍ ခရီးဆက်မည်ပြုသော် တပည့်တော်အပေါင်းတို့သည် သားမယားများနှင့်တကွ မြို့ပြင်အထိ လိုက်ပို့ကြ၏။ ပင်လယ်ကမ်းခြေ၌ ဒူးထောက်လျက် ငါတို့ အတူတကွ ဆုတောင်း၍၊
၆ အချင်းချင်း နှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့ တက်ကြ၏။ သူတို့သည်လည်း အိမ်သို့ ပြန်သွားကြ၏။
၇ ငါတို့သည် တိုင်ရာမြို့မှသင်္ဘောဖြင့် လွှင့်ပြန်ရာ ပတောလမဲမြို့သို့ ရောက်ကြ၏။ ထိုမြို့၌ ညီအစ်ကိုများကို နှုတ်ဆက်ပြီးလျှင် သူတို့နှင့် တစ်ရက်နေကြ၏။
၈ နောက်တစ်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ ရောက်လျှင် အထက်က ရွေးချယ်ထားသူ ခုနစ်ဦးတို့အဝင် ဧဝံဂေလိတရားဟောပြောသူ ဖိလိပ္ပု၏အိမ်သို့ ဝင်၍တည်းခိုကြ၏။
၉ ထိုသူ၌ ပရောဖက်ပြုသော သမီးကညာလေးဦး ရှိ၏။
၁၀ ငါတို့သည် ထိုတွင် ရက်အတန်ကြာ ရှိနေကြစဉ် အာဂဗုအမည်ရှိသော ပရောဖက်တစ်ပါးသည် ယုဒပြည်မှ ရောက်လာ၏။
၁၁ ထို့နောက် ငါတို့ရှိရာသို့ လာပြီးလျှင် ပေါလု၏ခါးပန်းကိုယူ၍ မိမိခြေလက်တို့ကို ချည်နှောင်ပြီးမှ “‘ဤခါးပန်းရှင်ကို ဂျူးတို့သည် ဂျေရုဆလင်မြို့တွင် ဤသို့ချည်နှောင်ပြီးလျှင် လူမျိုးခြားတို့လက်သို့ အပ်နှံကြလိမ့်မည်’ ဟုသန့်ရှင်းသော စွမ်းအားတော်က ဆင့်ဆိုသည်” ဟူ၍ ဆိုလေ၏။
၁၂ ထိုစကားကိုကြားလျှင် ငါတို့နှင့် ထိုအရပ်၌ရှိသောသူတို့က ဂျေရုဆလင်မြို့သို့ မတက်သွားပါရန် ပေါလုကို တောင်းပန်ကြ၏။
၁၃ ပေါလုကလည်း “အဘယ်ကြောင့် ငိုကြွေးလျက်၊ ငါ့စိတ်နှလုံးကို ကြေကွဲစေကြသနည်း။ သခင်ယေရှု၏ နာမတော်အတွက် ဂျေရုဆလင်မြို့၌ ချည်နှောင်ခြင်းမက အသေသတ်ခြင်းကိုပင်ခံရန် ငါအသင့်ရှိ၏” ဟုဖြေဆို၏။
၁၄ ငါတို့သည် သူ့ကိုဖျောင်းဖျ၍ မရသောအခါ “ယေဟောဝါဘုရား၏ အလိုတော်အတိုင်း ဖြစ်ပါစေ” ဟုဆိုလျက် သဘောတူလိုက်ကြ၏။
၁၅ ထို့နောက် ငါတို့သည် ခရီးစဉ်အတွက် ပြင်ဆင်ပြီးလျှင် ဂျေရုဆလင်မြို့သို့ တက်သွားကြ၏။
၁၆ သို့သော် ကဲသရိမြို့သား တပည့်တော်အချို့သည်လည်း ငါတို့နှင့်အတူ လိုက်၍ ငါတို့ကိုဧည့်ခံမည့်သူ၊ ဆိုက်ပရပ်စ်ကျွန်းသား တပည့်ဦးဖြစ်သည့် မနာသုန်၏အိမ်သို့ ပို့ဆောင်ကြ၏။
၁၇ ဂျေရုဆလင်မြို့သို့ရောက်သောအခါ ညီအစ်ကိုတို့သည် ငါတို့ကို ဝမ်းမြောက်စွာ လက်ခံကြ၏။
၁၈ နောက်တစ်နေ့၌ ပေါလုသည် ငါတို့နှင့်အတူ ယာကုပ်ထံသို့ သွားသောအခါ အကြီးအကဲအားလုံးသည်လည်း ရောက်လာကြ၏။
၁၉ ပေါလုသည် ထိုသူတို့ကို နှုတ်ဆက်ပြီးလျှင် မိမိသည် အမှုတော်ဆောင်ခြင်းအားဖြင့် လူမျိုးခြားတို့တွင် ဘုရားသခင် ပြုတော်မူခဲ့ရာများကို အသေးစိတ် ဖော်ပြလေ၏။
၂၀ ထိုသူတို့သည် ကြားလျှင် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြ၏။ ပေါလုကိုလည်း “ညီအစ်ကို၊ ဂျူးတို့တွင် ယုံကြည်သူ ထောင်ပေါင်းများစွာရှိကြောင်း သင်သိမြင်၏။ ထိုသူအားလုံးသည် ပညတ်တရားဘက်တွင် စိတ်အားထက်သန်သူများ ဖြစ်ကြ၏။
၂၁ လူမျိုးခြားတို့တွင် နေထိုင်သော ဂျူးအပေါင်းတို့သည် သူတို့၏ကလေးငယ်များအား အရေဖျားမလှီးပေးရ၊ ထုံးတမ်းအတိုင်း မကျင့်ရဟု သင်သည်ဆိုလျက် မောရှေ၏တရားနှင့်ဆန့်ကျင်သော ဖောက်ပြန်သည့်အယူကို သွန်သင်ပေးနေသည်ဟူ၍ ဤသူတို့ ကြားကြပြီ။
၂၂ ထို့ကြောင့် မည်သို့ပြုရမည်နည်း။ သူတို့သည်လည်း သင်ရောက်ကြောင်းကို ကြားသိကြမည်။
၂၃ ထို့ကြောင့် ငါတို့ပြောသည်အတိုင်း ပြုပါလော့။ ငါတို့တွင် သစ္စာကတိပြုထားသူလေးဦးရှိ၏။
၂၄ ဤသူတို့ကို ခေါ်သွား၍ သူတို့နှင့်တကွ သန့်စင်ခြင်းဝတ်ကို ပြုပါ။ သူတို့၏ခေါင်းရိတ်ခကိုလည်း ကျခံပေးပါ။ ထိုသို့ပြုလျှင် သင့်အကြောင်း သူတို့ကြားသောသတင်း မမှန်သည်ကိုလည်းကောင်း၊ သင်ကိုယ်တိုင်ပညတ်တရားကို စောင့်ရှောက်၍ ကျင့်ကြံနေသည်ကိုလည်းကောင်း လူတိုင်း သိကြလိမ့်မည်။
၂၅ ယုံကြည်သူလူမျိုးခြားတို့မူကား ရုပ်တုရှေ့ ပူဇော်ထားရာများ၊ သွေး၊ လည်ညှစ်သတ်သောတိရစ္ဆာန်များ၊ မတရားမေထုန်ပြုခြင်းစသည်တို့ကို ရှောင်အပ်သည်ဟု ငါတို့သည် စီရင်၍ မှာလိုက်လေပြီ” ဟုဆိုကြ၏။
၂၆ ထိုအခါ ပေါလုသည် နောက်တစ်နေ့၌ ထိုသူတို့ကို ခေါ်ပြီးလျှင် သန့်စင်ခြင်းဝတ်ကို သူတို့နှင့်အတူ ပြုလေ၏။ ထို့နောက် သူသည် ဗိမာန်တော်သို့ဝင်၍ သန့်စင်ခြင်းဝတ်ကို ပြုရမည့်အချိန်နှင့် သူတို့တစ်ဦးစီအတွက် ပူဇော်သကာဆက်သရမည့်အချိန်တို့ကို အသိပေးလေ၏။
၂၇ ထိုခုနစ်ရက် စေ့လုသောအခါ အာရှနယ်မှလာသော ဂျူးတို့သည် ဗိမာန်တော်၌ ပေါလုကိုမြင်လျှင် လူအုပ်ကိုရုတ်ရုတ်သဲသဲ ဖြစ်စေပြီးနောက် ပေါလုကိုဖမ်းဆီးလျက်၊
၂၈ “အစ္စရေးအမျိုးသားတို့၊ ကူညီကြပါ။ ဤသူသည်အရပ်ရပ်တွင် ငါတို့အမျိုး၊ ပညတ်တရား၊ ဤအရပ်ဌာနတို့ကို ဆန့်ကျင်ဘက်ပြု၍ လူအပေါင်းတို့အား သင်ကြားပေးသူဖြစ်ပါသည်။ ထိုမျှမက ဂရိလူတို့ကိုပင် ဗိမာန်တော်ထဲသို့ ခေါ်သွင်း၍ ဤသန့်ရှင်းရာအရပ်ကို ညစ်ညူးစေပါပြီ” ဟုဟစ်ကြော်ကြ၏။
၂၉ အကြောင်းမူကား မြို့ထဲ၌ ပေါလုနှင့်အတူ တရောဖိမ်အမည်ရှိသော ဧဖက်မြို့သားကို တွေ့ဖူးသည်ဖြစ်၍ပေါလုသည် ထိုသူကို ဗိမာန်တော်ထဲသို့ခေါ်သွင်းသည်ဟု ထင်မှတ်ကြ၏။
၃၀ တစ်မြို့လုံး ရုတ်ရုတ်သဲသဲဖြစ်လျက် လူတို့သည် ဗိမာန်တော်သို့ ပြေးဝင်ပြီးလျှင် ပေါလုကိုဖမ်း၍အပြင်သို့ ဆွဲထုတ်သွားကြ၏။ ထိုခဏချင်းတွင် တံခါးများကို ပိတ်လိုက်ကြ၏။
၃၁ ပေါလုကိုသတ်မည်ပြုစဉ် စစ်သူကြီးသည် ဂျေရုဆလင်တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကြောင်း သတင်းကြားသဖြင့်၊
၃၂ စစ်သည်များနှင့် တပ်မှူးများကို ချက်ချင်းခေါ်၍ ထိုသူတို့ရှိရာသို့ ပြေးဆင်း၏။ ထိုသူတို့သည်စစ်သူကြီးနှင့် စစ်သည်တို့ကိုမြင်လျှင် ပေါလုကို ဆက်၍မရိုက်ဘဲ နေကြ၏။
၃၃ ထိုအခါ စစ်သူကြီးသည် အနီးသို့လာ၍ပေါလုကို ဖမ်းချုပ်ပြီးလျှင် သံကြိုးနှစ်ချောင်းနှင့် ချည်နှောင်ရန် အမိန့်ပေး၍ ဤသူသည် အဘယ်သူနည်း၊ အဘယ်အမှုကို ပြုခဲ့သနည်းဟု စစ်ဆေးမေးမြန်းလေ၏။
၃၄ လူအုပ်သည် တစ်ယောက်တစ်မျိုးစီ အော်ဟစ်နေကြ၏။ စစ်သူကြီးသည် ဆူညံအော်ဟစ်သံများကြောင့် အဖြစ်မှန်ကို မသိနိုင်သဖြင့် ပေါလုကို စစ်တန်းလျားသို့ ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။
၃၅ လှေကားပေါ်သို့ ရောက်သောအခါ လူအုပ်၏ အကြမ်းဖက်မှုကြောင့် စစ်သည်တို့သည် ပေါလုကို ထမ်းသွားကြ၏။
၃၆ အကြောင်းမူကား လူအမြောက်အမြားတို့သည် “သူ့ကို သတ်လိုက်ပါ” ဟုဟစ်ကြော်လျက် လိုက်ကြ၏။
၃၇ ပေါလုသည် စစ်တန်းလျားသို့ ပို့ဆောင်ခံရမည့်အချိန်တွင် စစ်သူကြီးအား “ကျွန်ုပ်သည် စစ်သူကြီးကို စကားပြောခွင့်ရှိပါသလော” ဟုမေးလျှင် စစ်သူကြီးက “သင်သည် ဂရိစကားကို ပြောတတ်သလော။
၃၈ သင်သည် ယခင်က ပုန်ကန်ထကြွလျက် လူသတ်သမား လေးထောင်ကို ဦးဆောင်၍ တောခိုသွားသော အီဂျစ်လူဖြစ်သည် မဟုတ်လော” ဟုမေးလေ၏။
၃၉ ထိုအခါ ပေါလုက “ကျွန်ုပ်သည် ဂျူးတစ်ဦးဖြစ်ပါ၏။ ကိလိကိပြည်၊ တာရှုမြို့သားဖြစ်ပါ၏။ ကျွန်ုပ်နေသောမြို့သည် မထင်ပေါ်သောမြို့ မဟုတ်ပါ။ ဤသူတို့နှင့် စကားပြောခွင့်ပေးရန် တောင်းပန်ပါသည်” ဟုဆို၏။
၄၀ စစ်သူကြီးက ခွင့်ပြုသော် ပေါလုသည် လှေကားပေါ်မှာရပ်၍ ထိုသူတို့အား လက်ရိပ်ပြလေ၏။ လူတို့သည် အလွန်တိတ်ဆိတ်စွာ နေကြသောအခါ ဟေဗြဲဘာသာစကားအားဖြင့်၊