တမန်တော် ၂၂:၁-၃၀
၂၂ “ညီအစ်ကိုတို့၊ အဖတို့၊ ယခု ကျွန်ုပ် ထုချေမည့်စကားကို နားထောင်ကြပါ” ဟုဆို၏။
၂ ဟေဗြဲဘာသာစကားဖြင့် ပြောသည်ကို ထိုသူတို့သည်ကြားလျှင် ပို၍ပင်တိတ်ဆိတ်သွားကြ၏။ ထိုအခါ ပေါလုဤသို့ပြောဆို၏။
၃ “ကျွန်ုပ်သည် ကိလိကိပြည်၊ တာရှုမြို့၌ဖွားသော ဂျူးလူမျိုး ဖြစ်ပါ၏။ ဤမြို့တွင် ဂါမလျေလ၏ လက်ထပ်သင်ကြားပေးခြင်းခံရ၍ ဘိုးဘွားစဉ်ဆက်ကျင့်သော ပညတ်တရားကို အတိအကျ သွန်သင်ခံရပါ၏။ ကျွန်ုပ်သည် ယနေ့ သင်တို့ရှိသမျှနည်းတူ ဘုရားသခင်ဘက်၌ စိတ်ထက်သန်သူ ဖြစ်ပါ၏။
၄ သခင်၏လမ်းစဉ်ကို လိုက်သော အမျိုးသား၊ အမျိုးသမီးတို့ကို ချည်နှောင်၍ ထောင်ချပြီးလျှင် အသေသတ်သည့်အထိ ညှဉ်းဆဲခဲ့ပါ၏။
၅ ယဇ်ပုရောဟိတ်မင်းမှစ၍ လူကြီးအပေါင်းတို့သည်လည်း ကျွန်ုပ်အကြောင်း သက်သေထွက်ဆိုနိုင်ကြပါ၏။ ကျွန်ုပ်သည် ဒမတ်စကတ်မြို့နေ ညီအစ်ကိုတို့ထံ ရေးပေးလိုက်သည့် အမှာစာကို ထိုသူတို့ထံမှ ရယူပြီးလျှင် ထိုမြို့ရှိတပည့်တော်တို့ကို ဂျေရုဆလင်မြို့သို့ ဖမ်းဆီးခေါ်ဆောင်၍ ပြစ်ဒဏ်စီရင်ရန် ဒမတ်စကတ်မြို့ကို ထွက်သွားပါ၏။
၆ “သို့သော်လမ်း၌ခရီးသွား၍ဒမတ်စကတ်မြို့အနီးသို့ ရောက်သောအခါ မွန်းတည့်အချိန်ခန့်တွင် ကောင်းကင်မှ ကြီးသောအလင်းသည် ကျွန်ုပ်ပတ်လည်၌ ရုတ်ခနဲ ထွန်းတောက်ပါ၏။
၇ ကျွန်ုပ်သည် မြေပေါ်သို့ လဲကျသော် ‘ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း’ ဟုပြောသောစကားသံကို ကြားရ၏။
၈ ကျွန်ုပ်က ‘သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း’ ဟုမေးလျှောက်သော် ‘ငါကား သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်၏’ ဟုမိန့်တော်မူ၏။
၉ ကျွန်ုပ်နှင့်အတူ လိုက်ပါလာသူတို့သည် ထိုအလင်းကို မြင်သော်လည်း ကျွန်ုပ်အား ပြောသောသူ၏စကားသံကိုမူ မကြားကြ။
၁၀ ထိုအခါ ကျွန်ုပ်က ‘သခင်၊ ကျွန်ုပ်သည် အဘယ်သို့ပြုရပါမည်နည်း’ ဟုလျှောက်လျှင် သခင်က ‘ထလော့၊ ဒမတ်စကတ်မြို့သို့ သွားလော့။ သင်ဆောင်ရွက်ရမည့် အမှုရှိသမျှကို ထိုမြို့၌ ပြောကြားလိမ့်မည်’ ဟုမိန့်တော်မူ၏။
၁၁ သို့သော် ထိုအလင်း၏ ထွန်းတောက်မှုကြောင့် ကျွန်ုပ်သည် အဘယ်အရာကိုမျှ မမြင်ရသဖြင့် ကျွန်ုပ်နှင့်အတူ လိုက်ပါလာသူတို့သည် လက်ဆွဲခေါ်သွား၍ ဒမတ်စကတ်မြို့သို့ ရောက်ပါ၏။
၁၂ “ထိုအခါ ပညတ်တရားနှင့်အညီ ဘုရားတရား ကြည်ညိုသူဖြစ်၍ ထိုမြို့ရှိ ဂျူးအပေါင်းတို့တွင် အသရေရှိသောသူ အာနနိသည်၊
၁၃ ကျွန်ုပ်ထံသို့လာ၍ အနား၌ရပ်လျက် ‘ငါ့ညီအစ်ကို ရှောလု၊ မျက်စိပြန်မြင်စေ’ ဟုဆို၏။ ထိုအချိန်နာရီ၌ပင် ကျွန်ုပ်သည် သူ့ကိုမော့ကြည့်လျှင်၊
၁၄ သူက ‘ဘုရားသခင်၏အလိုတော်ကို သိစေရန်၊ ဖြောင့်မတ်တော်မူသောအရှင်ကို မြင်၍ အသံတော်ကို ကြားစေရန် ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သင့်ကိုရွေးကောက်တော်မူပြီ။
၁၅ အကြောင်းမူကား သင်သည် မြင်ခဲ့ကြားခဲ့ရာများကို လူအပေါင်းတို့ထံ ပြောကြား၍ ကိုယ်တော်၏သက်သေ ဖြစ်ရမည်။
၁၆ ယခု အဘယ်ကြောင့် နှောင့်နှေးနေသနည်း။ ထ၍ နှစ်ခြင်းခံပြီးလျှင် နာမတော်ကိုခေါ်ခြင်းဖြင့် သင်၏အပြစ်များကို ဆေးကြောလော့’ ဟုဆို၏။
၁၇ “ထို့နောက် ကျွန်ုပ်သည် ဂျေရုဆလင်မြို့သို့ ပြန်သွား၍ ဗိမာန်တော်၌ ဆုတောင်းစဉ် ရူပါရုံကို မြင်ရ၏။
၁၈ ထိုတွင် သခင်က ‘သင်သည် ဂျေရုဆလင်မြို့မှ အလျင်အမြန် ထွက်သွားလော့။ ငါ့အကြောင်း သင်သက်သေခံသောစကားကို ဤသူတို့ လက်ခံမည်မဟုတ်’ ဟုမိန့်တော်မူသည်ကို ကျွန်ုပ်မြင်ပါ၏။
၁၉ ကျွန်ုပ်ကလည်း ‘သခင်၊ ကျွန်ုပ်သည် ကိုယ်တော်ကို ယုံကြည်သောသူတို့အား ထောင်ချလေ့ရှိကြောင်း၊ တရားဇရပ်တစ်ခုမှ တစ်ခုသို့ သွား၍ သူတို့ကို ရိုက်လေ့ရှိကြောင်း ထိုသူတို့ ကောင်းစွာ သိကြပါ၏။
၂၀ ကိုယ်တော်၏သက်သေဖြစ်သော သတေဖန်၏အသွေးကို သွန်းကြသောအခါ ကျွန်ုပ်သည် အနီးတွင်ရပ်၍ အလိုတူအလိုပါ ပြုခဲ့ပါ၏။ သူ့ကိုသတ်သောသူတို့၏ အဝတ်များကို စောင့်ပေးခဲ့ပါ၏’ ဟုဆို၏။
၂၁ သို့သော် သခင်က ‘သွားလော့။ ရပ်ဝေးရှိ လူမျိုးခြားတို့ထံ သင့်ကို ငါစေလွှတ်မည်’ ဟုမိန့်တော်မူ၏။”
၂၂ ထိုစကားတိုင်အောင် နားထောင်လျက်နေသော လူတို့က “ဤသို့သောသူကို မြေပြင်မှ သုတ်သင်ပယ်ရှင်းလော့။ သူသည် အသက်မရှင်သင့်” ဟုအသံကုန် ဟစ်အော်ကြ၏။
၂၃ သူတို့သည် အော်ဟစ်ခြင်း၊ ဝတ်ရုံများကို လွှင့်ပစ်ခြင်း၊ လေထဲသို့ မြေမှုန့်ကြဲခြင်းတို့ကို ပြုလုပ်နေကြရာ၊
၂၄ စစ်သူကြီးသည် ပေါလုကို အဘယ်ကြောင့် ထိုသို့အော်ဟစ်ကြကြောင်း အသေအချာ သိလိုသဖြင့် သူ့ကို စစ်တန်းလျားသို့ ခေါ်သွားပြီးလျှင် ကြိမ်ဒဏ်ပေး၍ စစ်ဆေးမေးမြန်းရန် အမိန့်ပေး၏။
၂၅ သူ့ကို ကြိမ်ဒဏ်ပေးရန် ဆွဲဆန့်ချည်နှောင်သော် ပေါလုက၊ “သင်တို့သည် ရောမနိုင်ငံသားဖြစ်သူကို စစ်ဆေးမေးမြန်းခြင်းမပြုဘဲ ရိုက်သင့်သလော” ဟုအနား၌ ရပ်နေသော တပ်မှူးအား ဆို၏။
၂၆ တပ်မှူးသည်ကြားလျှင် စစ်သူကြီးထံ သွား၍ “မည်သို့ပြုရန် ကြံသနည်း။ ဤသူသည် ရောမနိုင်ငံသား ဖြစ်ပါသည်” ဟုကြားလျှောက်၏။
၂၇ ထိုအခါ စစ်သူကြီးသည် ပေါလုထံသွား၍ “သင်သည် ရောမနိုင်ငံသား မှန်သလော၊ ငါ့အား ပြောလော့” ဟုဆိုလျှင် ပေါလုက “မှန်ပါသည်” ဟုဖြေဆို၏။
၂၈ စစ်သူကြီးကလည်း “ငါသည် ငွေများစွာပေး၍ ရောမနိုင်ငံသားဖြစ်ခွင့် ရသည်” ဟုဆိုလျှင်၊ ပေါလုက “ကျွန်ုပ်မူကား ထိုနိုင်ငံသားအဖြစ် မွေးဖွားလာပါသည်” ဟုပြန်ဆို၏။
၂၉ ထို့ကြောင့် စစ်ကြောမည်ပြုသောသူတို့သည် ပေါလုထံမှ ချက်ချင်းဆုတ်ခွာသွားကြသဖြင့် သူသည် ရောမနိုင်ငံသားဖြစ်ကြောင်း၊ ရောမနိုင်ငံသားကိုတုပ်နှောင်မိကြောင်း စစ်သူကြီးသိလျှင် ကြောက်ရွံ့လေ၏။
၃၀ သို့ဖြစ်၍ နောက်တစ်နေ့တွင် စစ်သူကြီးသည် ပေါလုအား ဂျူးတို့ အဘယ်ကြောင့် စွပ်စွဲကြသည်ကို အသေအချာ သိလိုသဖြင့် ပေါလုကို ဖြေလွှတ်ပေးပြီးလျှင် ယဇ်ပုရောဟိတ်ကြီးများနှင့် ဂျူးတရားရုံးချုပ်အဖွဲ့ဝင်အပေါင်းတို့ကို စုဝေးစေရန် အမိန့်ပေး၏။ ထို့နောက် ပေါလုကို ခေါ်ဆောင်လာကာ သူတို့ရှေ့၌ ရပ်စေ၏။