တမန်တော် ၂၄:၁-၂၇

၂၄  ထို့နောက် ငါးရက်လွန်သော် ယဇ်ပုရောဟိတ်မင်းအာနနိသည် တေရတုလု အမည်ရှိသော ရှေ့နေမှစ၍ လူကြီးအချို့နှင့်အတူ ဆင်းလာပြီးလျှင် ဘုရင်ခံထံ၌ ပေါလုအကြောင်း တိုင်ချက်ဖွင့်ကြ၏။ ၂  တေရတုလုကို အချက်ပြသောအခါ သူသည် ဤသို့စတင်စွပ်စွဲလျှောက်ဆိုလေ၏။ “မြတ်သောဖေလဇ်မင်း၊ ကိုယ်တော်ကြောင့် ကျွန်ုပ်တို့သည် အလွန်ငြိမ်းချမ်းစွာ နေထိုင်ရသည့်အပြင် ကိုယ်တော်၏ အမြော်အမြင်ကြီးမှုကြောင့် ပြုပြင်ပြောင်းလဲခြင်း ကျေးဇူးများကို ဤလူမျိုး ခံစားနေရပါသည်။ ၃  ဤကျေးဇူးများကို အရပ်တကာတွင် အခါခပ်သိမ်း အလွန်ကျေးဇူးတင်စွာ လက်ခံရရှိကြပါ၏။ ၄  ကျွန်ုပ်သည် ကိုယ်တော်၏အချိန်ကို မဖြုန်းလိုတော့သဖြင့် အကျဉ်းချုပ် လျှောက်လဲချက်ကို ကရုဏာရှေ့ထား၍ နားထောင်တော်မူမည်အကြောင်း အသနားခံပါ၏။ ၅  အကြောင်းမူကား ဤသူသည် အလွန်နှောင့်ယှက်တတ်၍ လူနေရာ မြေတစ်ပြင်လုံးရှိ ဂျူးအပေါင်းကို ဆူပူထကြွစေရန် လှုံ့ဆော်ပေးသော နာဇရက်ဂိုဏ်းချုပ်ဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့ရှိကြပါပြီ။ ၆  ထို့ပြင် ဗိမာန်တော်ကို ညစ်ညူးစေရန် ကြိုးစားသဖြင့် သူ့ကို ကျွန်ုပ်တို့ဖမ်းဆီးကြပါ၏။ ၇  — ၈  သူ့ကို ကျွန်ုပ်တို့ စွပ်စွဲသော ဤအကြောင်းအရာရှိသမျှကို ကိုယ်တော်တိုင် စစ်တော်မူလျှင် သေချာစွာ သိနိုင်ပါလိမ့်မည်။” ၉  ဂျူးတို့ကလည်း ဤစကားများ မှန်ပါသည်ဟု ထောက်ခံပြောဆိုလျက် ဝိုင်း၍ထိုးနှက်ပြောဆိုကြ၏။ ၁၀  ဘုရင်ခံက အချက်ပြသောအခါ ပေါလုဤသို့ဖြေကြားလေ၏။ “ကိုယ်တော်သည် ဤလူမျိုးကို နှစ်ပေါင်းများစွာ တရားစီရင်ခဲ့ကြောင်း ကျွန်ုပ်ကောင်းစွာ သိသောကြောင့် ဝမ်းမြောက်သောစိတ်နှင့် ထုချေလျှောက်ထားပါမည်။ ၁၁  ကျွန်ုပ်သည် ဂျေရုဆလင်မြို့သို့ ကိုးကွယ်ရန် တက်သွားသည်မှာ တစ်ဆယ့်နှစ်ရက်ထက် မကြာသေးကြောင်း ကိုယ်တော်သိနိုင်တော်မူ၏။ ၁၂  ဗိမာန်တော်၌ တစ်စုံတစ်ယောက်နှင့် ကျွန်ုပ်ဆွေးနွေးငြင်းခုံနေသည်ကို သူတို့မတွေ့ကြပါ။ တရား ဇရပ်များ၌ဖြစ်စေ၊ မြို့ထဲ၌ဖြစ်စေ လူတို့ကို ရုန်းရင်းခတ်စေသည်ကိုလည်း သူတို့မတွေ့ကြပါ။ ၁၃  ယခုသူတို့၏စွပ်စွဲချက်များကိုလည်း ကိုယ်တော်အား သက်သေမပြနိုင်ကြပါ။ ၁၄  သို့သော် ကျွန်ုပ်သည် ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများတွင် ရေးသားထားသမျှကို ယုံကြည်လျက် ‘နာဇရက်ဂိုဏ်း’ ဟူ၍ သူတို့ခေါ်ကြသောလမ်းစဉ်အတိုင်း ဘိုးဘေးများ၏ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြောင်း ကျွန်ုပ်ဝန်ခံပါ၏။ ၁၅  ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည် ဟူ၍သူတို့မျှော်လင့်သည်နည်းတူကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။ ၁၆  ထို့ကြောင့် ကျွန်ုပ်သည် ဘုရားသခင့်ရှေ့၊ လူတို့ရှေ့တွင်အပြစ်မရှိဟု ဩတ္တပ္ပစိတ်ကြည်လင်စွာ ပြောဆိုနိုင်မည် အကြောင်း မပြတ်ကြိုးစားအားထုတ်ပါ၏။ ၁၇  နှစ်အတန်ကြာသော် ကျွန်ုပ်သည်အမျိုးသားချင်းတို့ကို ပေးကမ်းစွန့်ကြဲရန်၊ ဘုရားသခင်ထံယဇ်ပူဇော်ရန် ရောက်လာပါ၏။ ၁၈  ထိုသို့ပြုစဉ်အခါ လူအုပ်ဖြင့်မဟုတ်၊ ရုန်းရင်းခတ်ခြင်းမရှိဘဲ ဗိမာန်တော်၌ သန့်စင်ခြင်းဝတ်ကိုပြုကြောင်း သူတို့တွေ့ကြပါ၏။ အာရှနယ်မှ ဂျူးအချို့လည်း ရှိပါ၏။ ၁၉  ထိုသူတို့သည် ကျွန်ုပ်ကို အပြစ်တင်စွပ်စွဲလိုလျှင် အထံတော်သို့လာ၍ စွပ်စွဲသင့်ပါသည်။ ၂၀  သို့မဟုတ် ကျွန်ုပ်သည် ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တို့ရှေ့မှာ ရပ်လျက်ရှိစဉ် မည်သည့်မှားယွင်းမှုကို တွေ့ရှိကြောင်း ဤသူတို့ကိုယ်တိုင် လျှောက်ထားကြပါစေ။ ၂၁  ‘လူသေတို့၏ရှင်ပြန်ထမြောက်ခြင်း အကြောင်းကြောင့် သင်တို့ရှေ့၌ ယနေ့ ကျွန်ုပ်စစ်ကြောစီရင်ခြင်းကို ခံနေရပါ၏’ ဟုသူတို့အလယ်တွင် ကျွန်ုပ်ရပ်လျက် ကြွေးကြော်သော စကားတစ်ခွန်းသာ ပြောမိပါ၏။” ၂၂  ဖေလဇ်မင်းသည် သခင်၏လမ်းစဉ်အကြောင်း အတော်အတန် သိထားသော်လည်း “စစ်သူကြီးလုသိ ရောက်လာသောအခါ သင်တို့၏အမှုကို ငါစီရင်ဆုံးဖြတ်မည်” ဟုဆိုလျက် အမှုကို ဆိုင်းထားလေ၏။ ၂၃  ပေါလုကို အကျယ်ချုပ်ထားပြီး သူ၏လူတို့ လာရောက်ပြုစုသည်ကို မတားမြစ်ရန် တပ်မှူးအား မိန့်မှာထား၏။ ၂၄  ထို့နောက် ရက်အတန်ကြာသော် ဖေလဇ်မင်းသည် ဂျူးအမျိုးသမီး ဖြစ်သော ကြင်ရာတော် ဒရုသိလနှင့်အတူ ရောက်လာ၍ ပေါလုကို ခေါ်စေပြီးလျှင် ခရစ်တော်ယေရှု၌ ယုံကြည်ခြင်းနှင့်ဆိုင်သော တရားစကားကို နားထောင်လေ၏။ ၂၅  သို့သော် ပေါလုသည် ဖြောင့်မတ်ခြင်း၊ ချုပ်တည်းခြင်း၊ ရောက်လာမည့် တရားစီရင်ခြင်း အကြောင်းတို့ကို ဟောပြောသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်လာ၍ “ယခု သွားဦးလော့၊ အခွင့်သာမှ ငါခေါ်ဦးမည်” ဟုဆို၏။ ၂၆  သို့သော် ပေါလု ငွေပေးလိမ့်မည်ဟု မျှော်လင့်သဖြင့် သူ့ကို မကြာမကြာခေါ်၍ စကားစမြည်ပြောလေ၏။ ၂၇  နှစ်နှစ်ကြာသော် ဖေလဇ်မင်း၏အရာကို ပေါကိဖေတ္တု ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးတို့ရှေ့တွင် မျက်နှာရလို၍ ပေါလုကို ချုပ်နှောင်လျက်ထားခဲ့၏။

အောက်ခြေမှတ်ချက်များ