တမန်တော် ၄:၁-၃၇

 ပေတရုနှင့် ယောဟန်တို့သည် လူတို့ကို ဟောပြောနေစဉ် ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော်မှူးနှင့်ဇဒ္ဒုကဲ*များ ရောက်လာကြ၏။ ၂  တမန်တော်တို့သည် လူတို့အား သွန်သင်လျက် ယေရှုကိုအကြောင်းပြု၍ သေခြင်းမှထမြောက်ခြင်းအကြောင်း အတိအလင်း ဟောပြောနေကြသောကြောင့် သူတို့သည် စိတ်အနှောင့်အယှက်ဖြစ်ကြ၏။ ၃  ထို့ကြောင့် တမန်တော်တို့ကို ဖမ်းဆီးပြီးမှ ညနေအချိန်ဖြစ်၍ နောက်တစ်နေ့တိုင်အောင် ချုပ်ထားကြ၏။ ၄  တရားနာသောသူအများတို့သည် ယုံကြည်ကြ၍ အရေအတွက်အားဖြင့် ယောက်ျားငါးထောင် ရှိလာ၏။ ၅  နောက်တစ်နေ့တွင် မင်းအရာရှိများ၊ လူကြီးများ၊ ကျမ်းတတ်*များသည် ဂျေရုဆလင်မြို့၌ စုဝေးကြ၏။ ၆  ယဇ်ပုရောဟိတ်ကြီး အန္နတ်နှင့်ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်ကြီး၏ဆွေမျိုးရှိသမျှတို့သည်လည်း၊ ၇  တမန်တော်တို့ကို အလယ်၌ရပ်စေ၍ “သင်တို့သည် မည်သည့်တန်ခိုး၊ မည်သူ့နာမအားဖြင့် ဤအမှုကို ပြုကြသနည်း” ဟုမေးမြန်းကြ၏။ ၈  ထိုအခါ ပေတရုသည် သန့်ရှင်းသောစွမ်းအားတော်နှင့် ပြည့်လျက်လူတို့ကို ဤသို့ပြော၏။ “မင်းအရာရှိများနှင့် လူကြီးမင်းများ၊ ၉  ငါတို့သည် မကျန်းမာသောသူကို ကောင်းမှုပြု၍ မည်သူ့ကြောင့် ထိုသူကျန်းမာလာကြောင်း ယနေ့ငါတို့ အစစ်ခံရလျှင်၊ ၁၀  သစ်တိုင်ပေါ်တွင် သင်တို့ရိုက်ထားသော်လည်း ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏နာမအားဖြင့် ဤသူသည် သင်တို့ရှေ့မှောက် ကျန်းမာလျက် ရပ်နေသည်ကို သင်တို့မှစ၍ အစ္စရေးလူအပေါင်း သိမှတ်ကြပါစေ။ ၁၁  ထိုအရှင်ကား ‘တိုက်ကိုတည်ဆောက်သောသင်တို့ ပယ်ထားသည့် ကျောက်ဖြစ်၏။ သို့သော် တိုက်ထောင့်အထွတ် ကျောက်ဖြစ်လေပြီ။’ ၁၂  ငါတို့ကယ်တင်ခြင်းရရန် ကောင်းကင်အောက်တွင် နာမတစ်ခုတည်းသာ လူတို့ကိုပေးထား၏။ ကယ်တင်ခြင်းကို အခြားမည်သူ့ထံကမျှ မရနိုင်ကြောင်း သိကြပါစေ။” ၁၃  ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ရဲစွမ်းသတ္တိကိုမြင်၍ ပညာတတ်များမဟုတ်၊ သာမန်လူများသာဖြစ်ကြောင်း သိသောအခါ အံ့သြကြ၏။ ထိုသူနှစ်ဦးသည် ယေရှုနှင့်အတူ ရှိခဲ့သည်ကိုလည်း မှတ်မိကြ၏။ ၁၄  ကျန်းမာလာသူသည် သူတို့နှင့်အတူ ရပ်နေသည်ကို တွေ့မြင်ရသဖြင့် မည်သို့မျှ ပြန်မပြောနိုင်ကြ။ ၁၅  တမန်တော်တို့ကို ဂျူးတရားရုံးချုပ်*ခန်းမထဲမှ ထွက်သွားစေပြီးလျှင် အချင်းချင်းတိုင်ပင်လျက်၊ ၁၆  “သူတို့သည် မှတ်သားလောက်သော နိမိတ်လက္ခဏာကို ဂျေရုဆလင်မြို့သားအပေါင်းရှေ့ ထင်ရှားပြကြောင်း မငြင်းနိုင်သည့်အတွက် ငါတို့သည် ဤသူတို့ကို မည်သို့ပြုလုပ်ကြရမည်နည်း။ ၁၇  မည်သို့ပင်ဖြစ်စေ လူတို့တွင် ထိုသတင်း သာ၍မပျံ့နှံ့စေရန် ထိုနာမကိုအမှီပြု၍ မည်သူ့ကိုမျှ နောက်တစ်ဖန် မဟောပြောရဟု သူတို့ကို ခြိမ်းခြောက်ကြစို့” ဟုပြောကြ၏။ ၁၈  သို့နှင့် တမန်တော်တို့ကိုခေါ်၍ ယေရှု၏နာမကိုအမှီပြုလျက် ဟောပြောသွန်သင်ခြင်း လုံးဝမပြုရဟု ကျပ်ကျပ်မှာထားကြ၏။ ၁၉  ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားထက် သင်တို့၏စကားကို နားထောင်သော် ဘုရားသခင့်ရှေ့မှာ ကောင်းမည်၊ မကောင်းမည်ကို စီရင်ကြလော့။ ၂၀  ငါတို့မူကား ကြားခဲ့မြင်ခဲ့ရာများကို မဟောပြောဘဲ မနေနိုင်” ဟုပြန်ပြောကြ၏။ ၂၁  ထိုအခါ သူတို့သည် တမန်တော်တို့ကို ပြစ်ဒဏ်ပေးရန် အကြောင်းရှာမရ၍လည်းကောင်း၊ လူတို့ကို ကြောက်၍လည်းကောင်း တစ်ဖန်ခြိမ်းခြောက်ပြီးလျှင် လွှတ်လိုက်ကြ၏။ အကြောင်းမူကား လူအပေါင်းတို့သည် ထိုအမှုအရာကြောင့် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းနေကြ၏။ ၂၂  အံ့ဖွယ်နည်းဖြင့် ကျန်းမာလာသူသည် အသက်လေးဆယ်ကျော်ပြီဖြစ်၏။ ၂၃  ထိုသူနှစ်ဦးသည် လွတ်လာသောအခါ ယုံကြည်သူချင်းများရှိရာသို့သွား၍ မိမိတို့အား ယဇ်ပုရောဟိတ်ကြီးများနှင့် လူကြီးများ ပြောဆိုသမျှကို ပြန်ကြားကြ၏။ ၂၄  ကြားသူတို့သည် ဘုရားသခင်ထံ တညီတညွတ်တည်းဖြင့်၊ “အချုပ်အခြာအာဏာ ပိုင်သအုပ်စိုးရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်များ၌ ရှိသမျှကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ၂၅  သန့်ရှင်းသောစွမ်းအားတော်ဖြင့် ကိုယ်တော်၏ကျွန်၊ ကျွန်ုပ်တို့၏ဘိုးဘေး ဒါဝိဒ်၏နှုတ်မှတစ်ဆင့် ‘လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း။ လူတို့သည် အဘယ်ကြောင့် အချည်နှီးကြံစည်ကြသနည်း။ ၂၆  မြေကြီးဘုရင်တို့သည် နေရာယူ၍ ထကြသဖြင့် မင်းအရာရှိတို့လည်း ယေဟောဝါဘုရားနှင့် ကိုယ်တော် ဘိသိက်ပေးတော်မူသောသူကို ဆန့်ကျင်လျက် စုရုံးကြ၏’ ဟုဆင့်ဆိုတော်မူ၏။ ၂၇  ဤမြို့တွင် ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ လူမျိုးခြားတို့နှင့် အစ္စရေးအမျိုးသားတို့သည် ဘိသိက်ပေးတော်မူသော သန့်ရှင်းသောကျွန်တော်ရင်း ယေရှု၏တစ်ဖက်၌ အမှန်ပင် စုရုံးကြပါပြီ။ ၂၈  အကြောင်းမူကား ကိုယ်တော်သည် လက်ရုံးတော်၊ အကြံတော်တို့ဖြင့် ခွဲခန့်ပြဋ္ဌာန်းတော်မူနှင့်သောအရာများ ဖြစ်ပျက်လာစေရန်ဖြစ်၏။ ၂၉  အို ယေဟောဝါဘုရား၊ ယခုအခါ ထိုသူတို့၏ခြိမ်းခြောက်ခြင်းကို မှတ်တော်မူပါ။ ကိုယ်တော်၏ကျွန်တို့အား တရားစကားတော်ကို အလွန်ရဲရင့်စွာ ဟောပြောနိုင်ခွင့် ပေးသနားတော်မူပါ။ ၃၀  သန့်ရှင်းသော ကျွန်တော်ရင်း၊ ယေရှု၏နာမအားဖြင့် အနာရောဂါ ပျောက်ကင်းစေရန်နှင့် အတိတ်နိမိတ်နှင့် လက္ခဏာများ ဖြစ်ပေါ်စေရန် လက်တော်ကို ဆန့်တော်မူပါ” ဟုဆုတောင်းကြ၏။ ၃၁  ထိုသို့ တိုးလျှိုးအသနားခံဆုတောင်းပြီးမှ စုဝေးရာအရပ်သည် တုန်လှုပ်၍ ထိုသူအပေါင်းတို့သည် သန့်ရှင်းသော စွမ်းအားတော်နှင့်ပြည့်သဖြင့် ဘုရားသခင်၏တရားစကားတော်ကို ရဲရင့်စွာဟောပြောကြ၏။ ၃၂  ယုံကြည်သူအပေါင်းတို့သည် စိတ်နှလုံးတညီတညွတ်တည်းရှိကြ၍ မည်သူမျှ မိမိဥစ္စာများကို ကိုယ်ပိုင်ဟုမဆိုဘဲ ဘုံပစ္စည်းအဖြစ် ထားရှိကြ၏။ ၃၃  တမန်တော်တို့သည် သခင်ယေရှု၏ ထမြောက်ခြင်းအကြောင်းကို ထိရောက်စွာ သက်သေခံကြ၏။ ဘုရားသခင်၏ ဟာကရုဏာတော်သည်လည်း ထိုသူအပေါင်းတို့၌တည်ရှိ၏။ ၃၄  ထိုသူတို့တွင် ချို့ငဲ့သောသူ တစ်ယောက်မျှမရှိ။ အကြောင်းမူကား အိမ်မြေပိုင်သူရှိသမျှတို့သည် မိမိတို့ဥစ္စာကိုရောင်းချပြီးလျှင် ရသောအဖိုးကို ယူဆောင်ခဲ့၍၊ ၃၅  တမန်တော်တို့၏ခြေရင်း၌ ချထားကြသဖြင့် လူတို့အသုံးလိုသည်အတိုင်း အသီးအသီးတို့အား ပေးဝေကြ၏။ ၃၆  သက်သာစေခြင်း၏သားဟု အဓိပ္ပာယ်ရှိသော ဗာနဗအမည်သစ်ကို တမန်တော်တို့ပေးခဲ့သူ ယောသပ်သည် ဆိုက်ပရပ်စ်ကျွန်းမှ လေဝိသားတစ်ဦးဖြစ်၏။ ၃၇  သူသည် မိမိပိုင်သောလယ်ကို ရောင်း၍ရသောငွေကိုယူဆောင်လာလျက် တမန်တော်တို့၏ခြေရင်း၌ ချထားလေ၏။

အောက်ခြေမှတ်ချက်များ

ရှင်ပြန်ထမြောက်ခြင်းကိုလည်းကောင်း၊ ကောင်းကင်တမန်များရှိသည်ကိုလည်းကောင်း မယုံကြည်သည့် ထင်ရှားသောဂျူးဘာသာရေးအဖွဲ့။
မူလက ကျမ်းစာကူးရေးသူကို ဆိုလို၏။ ယေရှုခေတ်တွင်မူ ပညတ်တရားကို တတ်ကျွမ်းပြီး သွန်သင်ပေးသူကို ဆိုလို၏။
မူရင်း၊ “ဆဲန်ဟီဒရင်။”