တမန်တော် ၆:၁-၁၅
၆ ထိုကာလ၌ တပည့်တော်တို့သည် တိုးများလာသော် နေ့စဉ် အစာခွဲဝေရာတွင် ဂရိစကားပြောသောဂျူးတို့က မိမိတို့၏မုဆိုးမများကို လျစ်လျူရှုသည်ဟုဆိုကာ ဟေဗြဲစကားပြောသော ဂျူးတို့အပေါ် ညည်းညူကြ၏။
၂ ထိုအခါ တစ်ဆယ့်နှစ်ပါးတို့သည် တပည့်တော်အပေါင်းကို ခေါ်ပြီးလျှင် “ငါတို့သည် ဘုရားသခင်၏တရားစကားတော် သွန်သင်ခြင်းကို ရပ်ထား၍ စားပွဲ၌ အစာဝေပေးရန် မသင့်လျော်ပါ။
၃ ထို့ကြောင့် ညီအစ်ကိုတို့၊ စွမ်းအားတော်နှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့်လည်းကောင်း ပြည့်စုံလျက် ဂုဏ်အသရေရှိသော လူခုနစ်ဦးကို သင်တို့အထဲမှ ရှာကြလော့။ ဤအမှုကို ဆောင်ရွက်ရန် ထိုသူတို့ကို ငါတို့ခန့်ထားကြမည်။
၄ ငါတို့မူကား ဆုတောင်းခြင်းနှင့် ဘုရားသခင့်တရားစကားတော် သွန်သင်ခြင်း၌ အာရုံနှစ်မြှုပ်ထားကြမည်” ဟုဆိုကြ၏။
၅ ထိုစကားကို လူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့် ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသော စွမ်းအားတော်နှင့်လည်းကောင်း ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်ရု၊ နိကနော်၊ တိမုန်၊ ပါမေန၊ ဂျူးဘာသာသို့ပြောင်းဝင်လာသူ အန္တိအုတ်မြို့သား နိကောလတို့ကိုရွေးချယ်ပြီး၊
၆ တမန်တော်တို့ရှေ့ ခေါ်လာကြ၏။ တမန်တော်တို့သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့အပေါ် လက်ကိုတင်ကြ၏။
၇ ထို့ကြောင့် ဘုရားသခင်၏တရားစကားတော်သည် ထွန်းကားသဖြင့် ဂျေရုဆလင်မြို့၌ တပည့်တော်အရေအတွက် အလွန်တိုးများလျက်ရှိ၏။ ယဇ်ပုရောဟိတ် အမြောက်အမြားတို့သည်လည်း သက်ဝင်ယုံကြည်လာကြ၏။
၈ အလွန်ရည်မွန်သော၊ တန်ခိုးတော်နှင့်ပြည့်သော သတေဖန်သည် ကြီးစွာသော အတိတ်နိမိတ်နှင့် လက္ခဏာများကို လူတို့ရှေ့တွင် ပြုလေ၏။
၉ ထိုအခါ လွတ်လပ်သူများ၏ တရားဇရပ်အဖွဲ့ဝင်များ၊ ကုရေနေပြည်သား၊ အလက်ဇန္ဒြားပြည်သား၊ ကိလိကိပြည်သား၊ အာရှနယ်သားအချို့တို့သည်ထ၍ သတေဖန်နှင့် အငြင်းအခုံပြုကြ၏။
၁၀ သို့ရာတွင် သတေဖန်ဟောပြောစဉ် သူအမှီပြုသော ဉာဏ်ပညာနှင့် စွမ်းအားတော်ကို သူတို့မချေပနိုင်ကြ။
၁၁ ထိုအခါ သူတို့က “ဤသူသည် မောရှေနှင့် ဘုရားသခင်အား စော်ကားသည်ကို ငါတို့ကြားပါသည်” ဟုပြောရန် လူတို့ကို တိတ်တဆိတ်တိုက်တွန်းကြ၏။
၁၂ သူတို့သည် လူတို့ကိုလည်းကောင်း၊ လူကြီးများနှင့် ကျမ်းတတ်များကိုလည်းကောင်း သွေးထိုးလှုံ့ဆော်ပြီးလျှင် သတေဖန်ကို ရုတ်တရက်လာရောက် ဆွဲငင်ဖမ်းဆီး၍ ဂျူးတရားရုံးချုပ်သို့ ခေါ်ဆောင်သွားကြ၏။
၁၃ မုသာသက်သေများကိုခေါ်၍ “ဤသူသည် သန့်ရှင်းရာအရပ်နှင့် ပညတ်ကျမ်း*ကို ဆန့်ကျင်၍ မပြတ်ဟောပြောလျက်နေပါ၏။
၁၄ နာဇရက်မြို့သား ယေရှုသည် ဤဌာနတော်ကို ဖြိုဖျက်၍ မောရှေအပ်ပေးသော ထုံးနည်းများကို ပြောင်းလဲစေမည်ဟု ဤသူဟောပြောသည်ကို ကျွန်ုပ်တို့ ကြားရပါပြီ” ဟုထွက်ဆိုကြ၏။
၁၅ ဂျူးတရားရုံးချုပ်၌ ထိုင်နေသူအပေါင်းတို့သည် သတေဖန်ကို စေ့စေ့ကြည့်နေစဉ် သူ၏မျက်နှာသည် ကောင်းကင်တမန်၏မျက်နှာကဲ့သို့ ဖြစ်သည်ကို မြင်ကြ၏။
အောက်ခြေမှတ်ချက်များ
^ သိနာတောအရပ်တွင် ဖျန်ဖြေသူမောရှေအားဖြင့် အစ္စရေးလူမျိုးအား ဘုရားသခင်ပေးသောပညတ်။