တမန်တော် ၈:၁-၄၀
၈ ထိုလူသတ်မှုတွင် ရှောလုသည် အလိုတူအလိုပါဖြစ်၏။
ထိုနေ့၌ ဂျေရုဆလင်မြို့ရှိ အသင်းတော်သည် နှိပ်စက်ညှဉ်းဆဲခြင်းကို ပြင်းထန်စွာခံရ၍ တမန်တော်တို့မှတစ်ပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်နှင့် ရှမာရိပြည်အနှံ့ ကွဲလွင့်သွားကြ၏။
၂ ဘုရားတရား ကြည်ညိုသူတို့သည် သတေဖန်ကို သင်္ဂြိုဟ်၍ ပြင်းစွာငိုကြွေးမြည်တမ်းကြ၏။
၃ ရှောလုသည်လည်း အသင်းတော်ကို အလွန်ဒုက္ခပေးလေ၏။ သူသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ အမျိုးသားအမျိုးသမီးတို့ကို ဆွဲထုတ်ကာ ထောင်ချလေ၏။
၄ သို့သော် အရပ်ရပ်သို့ ကွဲလွင့်သွားသောသူတို့သည် လှည့်လည်၍ ဘုရားသခင်၏ တရားစကားတော်တည်းဟူသော သတင်းကောင်းကို ဟောပြောကြ၏။
၅ ဖိလိပ္ပုမူကား ရှမာရိမြို့သို့သွား၍ ခရစ်တော်၏အကြောင်းကို ဟောပြောလေ၏။
၆ လူအုပ်သည် နားထောင်၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာများကို မြင်သဖြင့် သူ၏စကားကို လူအားလုံး အာရုံစိုက်နားထောင်ကြ၏။
၇ နတ်ဆိုးပူးသူများစွာရှိ၍ ထိုနတ်ဆိုးတို့သည် အသံကျယ်စွာ အော်ဟစ်လျက်ထွက်သွားကြ၏။ လက်ခြေသေသူ၊ ခြေဆွံ့သူအများတို့သည်လည်း ကျန်းမာလာကြ၏။
၈ သို့ဖြစ်၍ ထိုမြို့တွင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။
၉ ထိုမြို့၌ ရှိမုန်အမည်ရှိသော လူတစ်ဦးရှိ၏။ သူသည် ယခင်က မှော်အတတ်ကိုပြ၍ ရှမာရိအမျိုးသားတို့ကို အံ့သြမိန်းမောစေလျက် မိမိကိုယ်ကို ကြီးမြတ်သောသူဖြစ်သည်ဟု ဆို၏။
၁၀ လူကြီးလူငယ်အပေါင်းတို့က “ဤသူသည် မဟာတန်ခိုးဟု ခေါ်နိုင်သော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်” ဟုဆိုလျက် သူ့ကိုအာရုံစိုက်ကြ၏။
၁၁ မှော်အတတ်ဖြင့် သူတို့ကို အတန်ကြာ အံ့သြမိန်းမောစေခြင်းကြောင့် အာရုံစိုက်ကြခြင်း ဖြစ်၏။
၁၂ ဘုရားသခင်၏နိုင်ငံတော်၊ ယေရှုခရစ်၏နာမတော်တို့နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောသည့် ဖိလိပ္ပု၏စကားကို ထိုသူတို့ ယုံကြည်သောအခါ အမျိုးသားအမျိုးသမီးတို့သည် နှစ်ခြင်းခံကြ၏။
၁၃ ရှိမုန်ကိုယ်တိုင်လည်း ယုံကြည်သူဖြစ်လာ၍ နှစ်ခြင်းခံပြီးနောက် ဖိလိပ္ပုထံတွင် မပြတ်ဆည်းကပ်လေ၏။ သူသည်နိမိတ်လက္ခဏာများနှင့် ကြီးသောတန်ခိုးပြမှုများကိုမြင်၍ အံ့သြမိန်းမောလေ၏။
၁၄ ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ တရားစကားတော်ကိုခံယူကြပြီဟု ဂျေရုဆလင်မြို့၌ရှိသော တမန်တော်တို့ကြားလျှင် ပေတရုနှင့် ယောဟန်တို့ကို စေလွှတ်လိုက်၏။
၁၅ သူတို့ ရောက်သွားလျှင် သန့်ရှင်းသော စွမ်းအားတော်ကို ခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့အတွက် ဆုတောင်းပေးကြ၏။
၁၆ အကြောင်းမူကား မည်သူ့အပေါ်မျှ စွမ်းအားတော်မသက်ရောက်သေး၊ သခင်ယေရှု၏နာမ၌ နှစ်ခြင်းခံရုံမျှသာ ရှိသေး၏။
၁၇ ထို့ကြောင့် သူတို့အပေါ် လက်တင်သောအခါ သူတို့သည် သန့်ရှင်းသော စွမ်းအားတော်ကို ရရှိကြ၏။
၁၈ တမန်တော်တို့ လက်တင်သောအခါ စွမ်းအားတော်သက်ရောက်ကြောင်းကို ရှိမုန်မြင်လျှင် ငွေပေး၍၊
၁၉ “ကျွန်ုပ်လက်တင်ပေးသူတိုင်းလည်း သန့်ရှင်းသော စွမ်းအားတော်ကို ရရှိနိုင်စေရန် ကျွန်ုပ်အား ဤအခွင့်အာဏာကို ပေးပါ” ဟုတောင်းသော်၊
၂၀ ပေတရုက “ဘုရားသခင်၏ ဆုကျေးဇူးတော်ကို ငွေနှင့်ဝယ်၍ ရမည်ဟု ထင်မှတ်သောကြောင့် သင်နှင့်တကွ သင်၏ငွေသည် ပျက်စီးပါစေ။
၂၁ သင်သည် ဤအမှုအရာနှင့် သက်ဆိုင်သူမဟုတ်။ အကြောင်းမူကား သင်၏စိတ်နှလုံးသည် ဘုရားသခင့် ရှေ့တော်၌ ဖြောင့်မှန်ခြင်း မရှိ။
၂၂ ထို့ကြောင့် သင်၏ဆိုးညစ်မှုအတွက် နောင်တရလော့။ သင်၏စိတ်နှလုံး အကြံအစည်ကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်မည်အကြောင်း ယေဟောဝါဘုရားထံ တိုးလျှိုးအသနားခံ ဆုတောင်းလော့။
၂၃ အကြောင်းမူကား သင့်စိတ်နှလုံးတွင် ခါးသောအဆိပ်ရည်နှင့်လည်းကောင်း၊ ဒုစရိုက်နှင့်လည်းကောင်း ပြည့်နေသည်ကို ငါသိမြင်၏” ဟုဆို၏။
၂၄ ရှိမုန်ကလည်း “သင်တို့မိန့်ဆိုသမျှ ကျွန်ုပ်အပေါ် မသက်ရောက်စေရန် ယေဟောဝါဘုရားထံ တိုးလျှိုးအသနားခံ ဆုတောင်းပေးပါ” ဟုပြောဆို၏။
၂၅ တမန်တော်တို့သည် စေ့စေ့စပ်စပ် သက်သေခံ၍ ယေဟောဝါဘုရား၏ တရားစကားတော်ကို ဟောပြောကြ၏။ ထို့နောက် ဂျေရုဆလင်မြို့သို့ အပြန်ခရီးတွင် ရှမာရိရွာများစွာတို့၌ သတင်းကောင်းကို ဟောပြောကြ၏။
၂၆ ဖိလိပ္ပုကိုမူ ယေဟောဝါဘုရား၏ ကောင်းကင်တမန်က “သင်ထ၍ ဂျေရုဆလင်မြို့မှ ဂါဇာမြို့သို့ ဆင်းသွားရာလမ်းအတိုင်း တောင်ဘက်အရပ်သို့ သွားလော့” ဟုဆို၏။ ထိုလမ်းသည် သဲကန္တာရလမ်းဖြစ်၏။
၂၇ ထိုအခါ အီသီယိုးပီးယားဘုရင်မ ကန်ဒက်ထံတွင် အရာရှိဖြစ်၍ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရသော အီသီယိုးပီးယား မိန်းမစိုးတစ်ဦးသည် ဂျေရုဆလင်မြို့သို့သွား၍ ဝတ်ပြု၏။
၂၈ အပြန်ခရီးတွင် မြင်းရထားပေါ်၌ ထိုင်လျက် ပရောဖက်ဟေရှာယကျမ်းကို အသံကျယ်စွာ ဖတ်လေ၏။
၂၉ ထိုအခါ စွမ်းအားတော်က ဖိလိပ္ပုအား “ထိုရထားကို မီအောင်လိုက်လော့” ဟုဆင့်ဆို၏။
၃၀ ဖိလိပ္ပုသည် ရထားအနီးမှ ပြေးလိုက်၍ ပရောဖက်ဟေရှာယကျမ်း ဖတ်နေသည်ကို ကြားလျှင် “သင်ဖတ်သောအရာကို နားလည်ပါသလော” ဟုမေးမြန်း၏။
၃၁ မိန်းမစိုးကလည်း “ရှင်းပြမည့်သူမရှိလျှင် မည်သို့နားလည်နိုင်မည်နည်း” ဟုဆိုပြီးမှ မြင်းရထားပေါ်တက်၍ မိမိနှင့်အတူ ထိုင်ရန် ဖိလိပ္ပုအား တောင်းပန်လေ၏။
၃၂ အသံကျယ်စွာဖတ်သော ကျမ်းချက်ဟူမူကား၊ “အသေသတ်ဖို့ ဆောင်သွားသောသိုးကဲ့သို့ သူ့ကိုဆောင်သွား၍ သိုးသငယ်သည် အမွေးညှပ်သောသူရှေ့မှာ အသံမထွက်ဘဲနေသကဲ့သို့ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏။
၃၃ သူသည် ရှုတ်ချခံရစဉ်တွင် မတရားစီရင်ခံရ၏။ သူ၏အသက်ကို မြေကြီးမှ ရုပ်သိမ်းသွားသဖြင့် သူ၏အမျိုးအနွယ်ကို မည်သူ အသေးစိတ် ဖော်ပြနိုင်သနည်း။”
၃၄ ထို မိန်းမစိုးကလည်း “ပရောဖက်သည် မည်သူ့ကို ရည်ဆောင်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုဆိုလိုသလော။ သူတစ်ပါးကိုလော၊ ပြောပြပါ” ဟုဖိလိပ္ပုအားဆိုလျှင်၊
၃၅ ဖိလိပ္ပုသည် ထိုကျမ်းချက်ကို အစပြုလျက် ယေရှုအကြောင်း သတင်းကောင်းကို ဟောပြောလေ၏။
၃၆ ထိုသို့လမ်း၌ သွားကြစဉ် ရေရှိရာသို့ရောက်၍ မိန်းမစိုးကလည်း “ဤအရပ်တွင် ရေရှိပါ၏။ ကျွန်ုပ် နှစ်ခြင်းမခံနိုင်ရန် အဘယ်အရာက တားဆီးပါသနည်း” ဟုပြောဆို၏။
၃၇ —
၃၈ ထို့နောက် မိန်းမစိုးသည် မြင်းရထားကို ရပ်စေပြီးမှ နှစ်ဦးစလုံး ရေထဲသို့ဆင်း၍ ဖိလိပ္ပုသည် သူ့ကိုနှစ်ခြင်းပေးလေ၏။
၃၉ ရေထဲက တက်ကြလျှင် ယေဟောဝါဘုရား၏ စွမ်းအားတော်သည် ဖိလိပ္ပုကို အမြန်ခေါ်ဆောင်သွား၍ မိန်းမစိုးသည် နောက်တစ်ဖန် သူ့ကိုမတွေ့မြင်ရ။ သူသည်လည်း ဝမ်းမြောက်စွာ ခရီးဆက်သွားလေ၏။
၄၀ ဖိလိပ္ပုမူကား အာဇုတ်မြို့သို့ သွားရောက်၍ ထိုမြို့မှ ကဲသရိမြို့တိုင်အောင် မြို့ရွာအားလုံးတွင် သတင်းကောင်းကို ဟောပြောလျက်နေ၏။