တမန်တော် ၉:၁-၄၃
၉ ရှောလုမူကား သခင်၏တပည့်တော်တို့ကို ခြိမ်းခြောက်၍ သတ်ဖြတ်လိုစိတ် ပြင်းပြနေသေးသဖြင့် ယဇ်ပုရောဟိတ်မင်းထံ ဝင်ပြီးလျှင်၊
၂ သခင်၏လမ်းစဉ်ကို လိုက်သော အမျိုးသား၊ အမျိုးသမီး တွေ့သမျှကို ဖမ်းဆီး၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကတ်မြို့ရှိ တရားဇရပ်များသို့ အမှာစာရေးပေးပါရန် တောင်းလျှောက်လေ၏။
၃ ဒမတ်စကတ်မြို့အနီး လမ်းပေါ်တွင်ရှိစဉ် ကောင်းကင်မှ အလင်းသည် သူ့ပတ်လည်၌ ရုတ်တရက် ထွန်းလင်းသဖြင့်၊
၄ မြေပေါ်သို့ လဲကျသော်၊ “ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲသနည်း” ဟုမိမိအားပြောသော စကားသံကိုကြားလေ၏။
၅ ထိုအခါ သူက “သခင်၊ ကိုယ်တော်သည်အဘယ်သူနည်း” ဟုမေးလျှောက်သော်၊ ကိုယ်တော်ကလည်း “ငါကား သင်ညှဉ်းဆဲသော ယေရှုဖြစ်၏။
၆ သို့သော်လည်း ထ၍ မြို့ထဲသို့ဝင်လော့။ သင်ပြုရမည့်အမှုကို ပြောကြားလိမ့်မည်” ဟုမိန့်တော်မူ၏။
၇ ရှောလုနှင့်အတူ ခရီးသွားသူတို့သည် အသံကိုသာကြား၍ မည်သူ့ကိုမျှ မမြင်ရသဖြင့် ကြက်သေသေလျက် ရပ်နေကြ၏။
၈ ရှောလုသည် မြေပေါ်မှထ၍ မျက်စိဖွင့်ကြည့်သော် အဘယ်အရာကိုမျှ မမြင်ရ။ ထို့ကြောင့် သူ၏လက်ကိုဆွဲလျက် ဒမတ်စကတ်မြို့ထဲသို့ ပို့ဆောင်ကြ၏။
၉ သူသည် သုံးရက်ပတ်လုံး အဘယ်အရာကိုမျှ မမြင်၊ မစားမသောက်ဘဲ နေလေ၏။
၁၀ ထိုအခါ အာနနိ အမည်ရှိသော တပည့်တော်တစ်ဦးသည် ဒမတ်စကတ်မြို့၌ရှိ၏။ သခင်သည် ထိုသူကို ရူပါရုံအားဖြင့် “အာနနိ” ဟူ၍ခေါ်တော်မူလျှင်၊ အာနနိက “သခင်၊ ကျွန်ုပ်ရှိပါသည်” ဟုလျှောက်သော်၊
၁၁ သခင်က “ထ၍၊ လမ်းဖြောင့်ဟုခေါ်သောလမ်းသို့ သွားလော့။ ယုဒ၏အိမ်တွင် ရှောလုအမည်ရှိသော တာရှုမြို့သားကို ရှာဖွေလော့။ ယခု သူသည် ဆုတောင်းလျက်နေစဉ်၊
၁၂ အာနနိအမည်ရှိသူသည် ဝင်လာ၍ မျက်စိပြန်မြင်စေရန် မိမိအပေါ် လက်တင်သည်ကို ရူပါရုံတွင် မြင်လေပြီ” ဟုမိန့်တော်မူ၏။
၁၃ အာနနိကလည်း “သခင်၊ ထိုသူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့အား မည်မျှဒုက္ခပေးကြောင်း လူအများပြောသည်ကို ကျွန်ုပ်ကြားရပါပြီ။
၁၄ ဤအရပ်၌လည်း သူသည် ကိုယ်တော်၏နာမကို ခေါ်သောသူရှိသမျှကို ဖမ်းဆီးရန် ယဇ်ပုရောဟိတ်ကြီးတို့ထံမှ အခွင့်ရထားပါ၏”ဟုလျှောက်လေ၏။
၁၅ သို့သော် သခင်က “သွားလော့။ ထိုသူသည် လူမျိုးခြားတို့နှင့် ရှင်ဘုရင်များထံသို့လည်းကောင်း၊ အစ္စရေးလူမျိုးထံသို့လည်းကောင်း ငါ၏နာမကို ပို့ဆောင်စေရန်ငါရွေးကောက်သောတန်ဆာဖြစ်၏။
၁၆ အကြောင်းမူကား ငါ၏နာမကြောင့် သူမည်မျှလောက် ဆင်းရဲဒုက္ခခံရမည်ကို သူ့အား ငါအတိအလင်း ဖော်ပြမည်” ဟုမိန့်တော်မူ၏။
၁၇ ထိုအခါ အာနနိသည်သွား၍ အိမ်သို့ရောက်လျှင် ရှောလုအပေါ် လက်တင်၍ “ငါ့ညီအစ်ကိုရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိ ပြန်မြင်စေရန်၊ သင့်ကို သန့်ရှင်းသော စွမ်းအားတော်နှင့် ပြည့်စေရန် ငါ့ကိုစေလွှတ်တော်မူသည်” ဟုပြောဆို၏။
၁၈ ထိုခဏချင်းတွင် ရှောလု၏မျက်စိမှ အကြေးကဲ့သို့သောအရာ ကွာကျပြီးလျှင် မျက်စိပြန်မြင်လာ၏။ ထို့နောက် သူသည် ထ၍ နှစ်ခြင်းခံပြီးလျှင်၊
၁၉ အစာသုံးဆောင်၍ အားပြန်ပြည့်လာ၏။
သူသည် ဒမတ်စကတ်မြို့တွင် တပည့်တော်တို့နှင့်အတူ ရက်အနည်းငယ်နေပြီးလျှင်၊
၂၀ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို တရားဇရပ်များ၌ စတင်ဟောပြောလေ၏။
၂၁ သို့သော် ကြားသောသူအပေါင်းတို့သည် အံ့သြလျက် “ဤသူကား ယေရှု၏နာမကို ခေါ်သောသူတို့အား ဂျေရုဆလင်မြို့၌ အကြီးအကျယ် နှိပ်စက်သည်သာမက ထိုသူတို့ကို ချည်နှောင်၍ ယဇ်ပုရောဟိတ်ကြီးတို့ထံပို့ဆောင်ရန် ဤအရပ်သို့ လာသောသူ မဟုတ်လော” ဟုဆိုကြ၏။
၂၂ ရှောလုမူကား အမှုတော်ဆောင်ရာတွင် သာ၍ ထိရောက်ပိုင်နိုင်လာပြီး ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာ ဖော်ပြသဖြင့် ဒမတ်စကတ်မြို့ရှိ ဂျူးတို့ကို အံ့သြတွေဝေစေ၏။
၂၃ ရက်အတန်ကြာသော် ဂျူးတို့သည် ရှောလုကိုသတ်ရန် အချင်းချင်း တိုင်ပင်ကြ၏။
၂၄ သို့ရာတွင် သူတို့၏အကြံအစည်ကို ရှောလုသိသွား၏။ ဂျူးတို့သည်သူ့ကိုသတ်ရန်မြို့တံခါးများကိုနေ့ညမပြတ်စောင့်ကြပ်ကြ၏။
၂၅ ထိုအခါ သူ၏တပည့်တို့သည် ညအခါ သူ့ကိုခေါ်သွား၍ တောင်းတွင်ထည့်ပြီးလျှင် မြို့ရိုးမှ လျှောချကြ၏။
၂၆ ရှောလုသည် ဂျေရုဆလင် မြို့သို့ ရောက်သောအခါ တပည့်တော်တို့နှင့်ပေါင်းဖော်ရန် ကြိုးစား၏။ သို့သော် သူသည် တပည့်တော်ဖြစ်လာကြောင်းကို ထိုသူအပေါင်းတို့ မယုံသဖြင့် သူ့ကိုကြောက်ကြ၏။
၂၇ ထို့ကြောင့် ဗာနဗသည် ရှောလုကို လာရောက်ကူညီ၍ တမန်တော်များထံ ခေါ်ဆောင်သွားပြီး ရှောလုသည် လမ်းခရီးတွင် သခင်ကိုမြင်ခဲ့ကြောင်း၊ သူ့ကို သခင်စကားပြောခဲ့ကြောင်း၊ သူသည် ဒမတ်စကတ်မြို့တွင် ယေရှု၏နာမကိုအမှီပြု၍ ရဲရင့်စွာ ဟောပြောခဲ့ကြောင်းတို့ကို အသေးစိတ် ပြောပြလေ၏။
၂၈ ထို့နောက် ရှောလုသည် ဂျေရုဆလင်မြို့၌ တမန်တော်တို့နှင့်အတူ ဝင်ထွက်သွားလာလျက်၊ သခင်၏နာမကိုအမှီပြု၍ ရဲရင့်စွာ ဟောပြောလျက်နေ၏။
၂၉ ထို့ပြင် ဂရိစကားကိုပြောသော ဂျူးတို့နှင့် ဆွေးနွေးငြင်းခုံလျက်နေ၏။ သို့သော် ထိုသူတို့သည် ရှောလုကို သတ်ရန်ကြံစည်နေကြ၏။
၃၀ ထိုအကြောင်းကို ညီအစ်ကိုတို့ ကြားသိသောအခါ သူ့ကို ကဲသရိမြို့သို့ ပို့ဆောင်၍ တာရှုမြို့သို့ စေလွှတ်လိုက်ကြ၏။
၃၁ ထိုကာလအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည်အရပ်ရပ်ရှိ အသင်းတော်သည် ငြိမ်သက်အေးချမ်းလျက်၊ ယုံကြည်ခြင်း ခိုင်ခံ့လျက်ရှိ၏။ ယေဟောဝါဘုရားအား ကြောက်ရွံ့ခြင်း၊ သန့်ရှင်းသော စွမ်းအားတော်၏ နှစ်သိမ့်မှုနှင့်အညီ အသက်ရှင်ခြင်းတို့ကြောင့် တိုးပွားလျက်ရှိ၏။
၃၂ ပေတရုသည် အရပ်ရပ်သို့ လှည့်လည်သွားလာရာ လုဒ္ဒမြို့တွင် နေထိုင်သော သန့်ရှင်းသူတို့ထံရောက်လေ၏။
၃၃ ထိုအရပ်၌ အဲနေအမည်ရှိသော လက်ခြေသေ၍ ရှစ်နှစ်ပတ်လုံး အိပ်ရာတွင် ပက်လက်နေသောသူကိုတွေ့၏။
၃၄ ထိုအခါ ပေတရုက “အဲနေ၊ ယေရှုခရစ်သည် သင့်ကို ကျန်းမာစေတော်မူ၏။ ထ၍ အိပ်ရာကို သိမ်းလော့” ဟုဆိုသော် ထိုသူသည် ချက်ချင်းထလေ၏။
၃၅ လုဒ္ဒမြို့နှင့် ရှာရုန်လွင်ပြင်၌ နေသူအပေါင်းတို့သည် ထိုသူကိုမြင်၍ သခင့်ထံတော်သို့ ပြောင်းလဲလာကြ၏။
၃၆ ယုပ္ပေမြို့တွင် ဂရိဘာသာစကားဖြင့် ဒေါ်ကာဟုအနက်ရှိသော တဗိသအမည်ရှိသည့် တပည့်တော်မတစ်ဦးရှိ၏။ ထိုအမျိုးသမီးသည် ကောင်းသောအကျင့်၊ ပေးကမ်းစွန့်ကြဲခြင်းအကျင့်နှင့် ပြည့်စုံသူဖြစ်၏။
၃၇ ထိုအခါသူသည် ဖျားနာ၍သေလေ၏။ အလောင်းကို ရေချိုးပေးပြီးလျှင် အထက်ခန်း၌ တင်ထားကြ၏။
၃၈ လုဒ္ဒမြို့သည် ယုပ္ပေမြို့အနီးတွင် ရှိသဖြင့်ထိုမြို့၌ ပေတရုရှိကြောင်းကို တပည့်တော်တို့ ကြားသိလျှင် လူနှစ်ဦးကိုစေလွှတ်၍ “ကျေးဇူးပြု၍ ကျွန်ုပ်တို့ထံ အမြန်ကြွလာပါ” ဟုတောင်းပန်ကြ၏။
၃၉ ထိုအခါ ပေတရုသည် ထ၍သူတို့နှင့်အတူ လိုက်သွားလေ၏။ ရောက်လျှင် အထက်ခန်းသို့ ခေါ်ဖိတ်ကြ၏။ မုဆိုးမအပေါင်းတို့သည် ငိုကြွေးလျက် ပေတရုအနီးသို့ လာပြီးလျှင် ဒေါ်ကာရှိစဉ်အခါ ချုပ်လုပ်ခဲ့သော အင်္ကျီအဝတ်အစားများကို ပြကြ၏။
၄၀ ပေတရုသည် ထိုသူအပေါင်းတို့ကို အပြင်သို့ ထွက်စေပြီးနောက် ဒူးထောက်၍ ဆုတောင်းပြီးလျှင် အလောင်းဘက်သို့လှည့်၍ “တဗိသ၊ ထလော့” ဟုဆိုလေ၏။ ထိုအမျိုးသမီးသည် မျက်စိကိုဖွင့်၍ ပေတရုကိုမြင်လျှင် ထထိုင်လေ၏။
၄၁ ပေတရုသည် မိမိလက်ကိုကမ်းပေးလျက် ဆွဲထူပြီးမှ သန့်ရှင်းသူတို့နှင့် မုဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော တဗိသ ကိုပြလေ၏။
၄၂ ထိုသတင်းသည် ယုပ္ပေမြို့တစ်ခွင် ပျံ့နှံ့သွားသဖြင့် လူအများတို့သည် သခင်ကို ယုံကြည်လာကြ၏။
၄၃ ပေတရုသည်လည်း ယုပ္ပေမြို့တွင် သားရေလုပ်သား ရှိမုန်ဆိုသူနှင့်အတူ ရက်အတန်ကြာနေလေ၏။