တိတု ၁:၁-၁၆
၁ ဘုရားသခင်၏ကျွန်၊ ယေရှုခရစ်၏တမန်တော်ဖြစ်သော ငါပေါလု၏ ယုံကြည်ခြင်းသည် ဘုရားသခင် ရွေးကောက်တော်မူသောသူတို့၏ ယုံကြည်ခြင်းနှင့် ညီညွတ်၏။ ဘုရားတရားဆည်းကပ်ခြင်းနှင့် ဆိုင်သော တိကျမှန်ကန်စွာ သိကျွမ်းထားသည့် အမှန်တရားနှင့်လည်း ညီညွတ်၏။
၂ ထိုဆည်းကပ်မှုသည် ထာဝရအသက်မျှော်လင့်ချက်အပေါ် အခြေပြု၏။ ထိုမျှော်လင့်ချက်ကို မုသားနှင့်ကင်းစင်သော ဘုရားသခင်သည် ရှေးကာလကတည်းက ကတိထားတော်မူခဲ့၏။
၃ သို့ဖြစ်၍ ငါတို့၏ကယ်တင်ရှင် ဘုရားသခင်၏အမိန့်တော်အရ ငါ၌အပ်ထားသော ဟောပြောခြင်းလုပ်ငန်းအားဖြင့် ကိုယ်တော်၏တရားစကားတော်ကို အချိန်တန်မှ ထင်ရှားစေတော်မူ၏။
၄ ငါနှင့်ယုံကြည်ခြင်းတူသော သားစစ်ဖြစ်သူ တိတုထံ ငါပေါလု စာရေးလိုက်ပါ၏။
အဖဘုရားသခင်နှင့် ငါတို့၏ကယ်တင်ရှင် ခရစ်တော်ယေရှုတို့ထံမှ မဟာကရုဏာတော်နှင့် ငြိမ်သက်ခြင်း ရှိပါစေ။
၅ ခရိကျွန်း၌ သင့်ကို ငါထားခဲ့ရသည့်အကြောင်းမှာ သင်သည် ချွတ်ယွင်းချက်များကို တည့်မတ်ပေးရန်၊ သင့်အား ငါမိန့်မှာသည့်အတိုင်း မြို့အသီးသီးတွင် အသက်ကြီးသူများကို ခန့်အပ်ပေးရန်ဖြစ်၏။
၆ ထိုသူတို့သည် ပြစ်တင်စွပ်စွဲခံရခြင်းကင်း၍ ဇနီးတစ်ဦးတည်း၏ခင်ပွန်း ဖြစ်ရမည်။ သူ၏ယုံကြည်သော သားသမီးတို့သည် အပျော်ကြူးသူ၊ အာခံတတ်သူဟု စွပ်စွဲခံရသူများမဖြစ်ရ။
၇ ဘုရားသခင်၏ ဘဏ္ဍာစိုးဖြစ်သော ကြီးကြပ်မှူးသည် ပြစ်တင်စွပ်စွဲခံရခြင်း ကင်းသူဖြစ်ရမည်။ ထင်ရာစိုင်းတတ်သူ၊ အမျက်ထွက်လွယ်သူ၊ မူးယစ်ရမ်းကားသူ၊ ရိုက်ပုတ်တတ်သူ၊ လောဘကြီးစွာ မသမာသောနည်းဖြင့် အမြတ်ထုတ်သူ မဖြစ်ရဘဲ၊
၈ ဧည့်ဝတ်ကျေပွန်သူ၊ ကောင်းမြတ်ခြင်းကိုနှစ်သက်သူ၊ သမာသတိရှိသူ၊ ဖြောင့်မတ်သူ၊ သစ္စာစောင့်သိသူ၊ ချုပ်တည်းခြင်းရှိသူ ဖြစ်ရမည်။
၉ အကျိုးဖြစ်ထွန်းသော သွန်သင်ချက်အားဖြင့် တိုက်တွန်းနှိုးဆော်ရန်၊ ထိုသွန်သင်ချက်ကို ဆန့်ကျင်ပြောဆို သူတို့အား ဆုံးမပဲ့ပြင်ရန် တတ်နိုင်မည်အကြောင်း သွန်သင်ခြင်းနည်းပညာနှင့်ပတ်သက်၍ မှန်ကန်သောတရားစကားတော်ကို အခိုင်အမာ ကိုင်စွဲသူလည်း ဖြစ်ရမည်။
၁၀ အကြောင်းမူကား အာခံတတ်သူ၊ အချည်းနှီးစကားကိုပြောသူ၊ လှည့်ဖြားတတ်သူ အများရှိကြ၏။ ထိုသူတို့တွင် အထူးသဖြင့် အရေဖျားလှီးခြင်းကို စွဲစွဲမြဲမြဲကျင့်သုံးသူများ ပါဝင်ကြ၏။
၁၁ ထိုသူတို့သည် မသမာသောနည်းဖြင့် အမြတ်ထုတ်ရန် မသွန်သင်အပ်သောအရာများကို သွန်သင်၍ အိမ်ထောင်စုအားလုံး၏ ယုံကြည်ခြင်းကို မှောက်လှန်နေကြသောကြောင့် သူတို့၏နှုတ်ကို ပိတ်ရမည်။
၁၂ သူတို့အထဲမှ ပရောဖက်တစ်ဦးက “ခရိကျွန်းသား၊ မုသားစွဲလမ်း၊ သားရဲကြမ်းကြုတ်၊ စားကြူးတုတ်တုတ်၊ လူပျင်းပေ” ဟုစပ်ဆိုသတည်း။
၁၃ ထိုအဆိုသည် မှန်ကန်၏။ ထို့ကြောင့် သူတို့ကို ပြင်းထန်စွာ ဆုံးမပဲ့ပြင်နေလော့။ သို့မှသာ သူတို့သည် ယုံကြည်ခြင်းခိုင်ခံ့၍၊
၁၄ ဂျူးဒဏ္ဍာရီများကိုလည်းကောင်း၊ အမှန်တရားကိုပစ်ပယ်သူတို့၏ ပညတ်များကိုလည်းကောင်း အလေးဂရုမပြုဘဲ နေကြလိမ့်မည်။
၁၅ စင်ကြယ်သောသူတို့အတွက် အရာခပ်သိမ်းသည် စင်ကြယ်၏။ ညစ်ညူး၍ ယုံကြည်ခြင်းမရှိသောသူ တို့အတွက်မူကား မည်သည့်အရာမျှ စင်ကြယ်ခြင်းမရှိ။ သူတို့၏စိတ်သဘောနှင့် ဩတ္တပ္ပစိတ်သည် ညစ်ညူးလျက်ရှိ၏။
၁၆ သူတို့သည် ဘုရားသခင်ကို သိသည်ဟုဆိုကြသော်လည်း အကျင့်အားဖြင့် ကိုယ်တော်ကိုငြင်းပယ်ကြ၏။ အကြောင်းမူကား သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ နာခံမှုမရှိသူ၊ ကောင်းသောအမှု တစ်စုံတစ်ခုကိုမျှပြုရန် မထိုက်တန်သူများ ဖြစ်ကြ၏။