တိတု ၂:၁-၁၅

 သင်မူကား အကျိုးဖြစ်ထွန်းသော သွန်သင်ချက်နှင့် ကိုက်ညီသည့်အရာများကို ဟောပြောလျက်နေလော့။ ၂  အသက်အရွယ်ကြီးသော အမျိုးသားတို့သည် အစွန်းမရောက်သူ၊ ဣန္ဒြေရှိသူ၊ သမာသတိရှိသူ၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ခံနိုင်ရည်ရှိခြင်းတို့တွင် ခိုင်ခံ့မြဲမြံသူ ဖြစ်ပါစေ။ ၃  အသက်အရွယ်ကြီးသော အမျိုးသမီးတို့သည်လည်း ကြည်ညိုလေးစားထိုက်သော အပြုအမူရှိသူ၊ အသရေမဖျက်တတ်သူ၊ ဝိုင်၏ကျေးကျွန်မဖြစ်သူ၊ ကောင်းမြတ်သောအရာကို သွန်သင်ပေးသူ ဖြစ်ပါစေ။ ၄  သို့မှသာ သူတို့သည် ငယ်ရွယ်သောအမျိုးသမီးတို့အား ကိုယ့်ခင်ပွန်းကို ချစ်သောသူ၊ မိမိ၏သားသမီးတို့ကို ချစ်မြတ်နိုးသူများဖြစ်ရန် ပြန်လည်သတိရစေနိုင်ကြမည်။ ၅  ထို့ပြင် သမာသတိရှိသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စ ကြိုးစားလုပ်ဆောင်သူ၊ ကောင်းမွန်သူ၊ ခင်ပွန်းကိုလက်အောက်ခံသူများ ဖြစ်ကြရန် ပြန်သတိရစေနိုင်မည်။ ဤသို့ဖြင့် ဘုရားသခင်၏ တရားစကားတော်သည် ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်နိုင်မည်။ ၆  ထိုနည်းတူ ငယ်ရွယ်သောအမျိုးသားတို့ကို သမာသတိရှိသူများဖြစ်စေရန် တိုက်တွန်းနှိုးဆော်လျက်နေလော့။ ၇  ကောင်းသောအမှုပြုရာတွင် သင်ကိုယ်တိုင် အရာရာ၌ စံနမူနာပြလော့။ စင်ကြယ်သော၊ လေးနက်မှုရှိသော သွန်သင်ချက်ကို သင်ကြားလော့။ ၈  ပြစ်တင်ရှုတ်ချဖွယ်မရှိသော ကောင်းကျိုးပြုသည့်စကားဖြင့် သင်ကြားလော့။ သို့ပြုလျှင် အတိုက်အခံပြုသူသည် ငါတို့ကို ဆိုးယုတ်သည်ဟု အပြစ်ဆိုစရာ အကြောင်းမရှိသဖြင့် အရှက်ရလိမ့်မည်။ ၉  ကျွန်တို့သည် မိမိတို့၏သခင်များကို အရာရာ၌ လက်အောက်ခံ၍ သူတို့စိတ်ကျေနပ်စေရန် ပြုကြပါစေ။ ခံပြောခြင်းမပြု၊ ၁၀  ခိုးဝှက်ခြင်းလည်း မပြုဘဲ အပြည့်အဝသစ္စာရှိကြလော့။ သို့မှသာ ငါတို့၏ကယ်တင်ရှင် ဘုရားသခင်၏ သွန်သင်ခြင်းကို အရာရာတွင် တန်ဆာဆင်ယင်နိုင်ကြမည်။ ၁၁  အကြောင်းမူကား လူအမျိုးမျိုးအတွက် ကယ်တင်ခြင်းဖြစ်စေသည့် ဘုရားသခင်၏ မဟာကရုဏာတော်သည် ထင်ရှားခဲ့ပြီး၊ ၁၂  လက်ရှိလောကစနစ်တွင် ဘုရားတရားမဲ့ခြင်းနှင့် လောကတပ်မက်ခြင်းကို ငြင်းပယ်၍ သမာသတိရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားတရား ဆည်းကပ်ခြင်းတို့ဖြင့် အသက်ရှင်ကြရန် ငါတို့အား ညွှန်ကြား၏။ ၁၃  ဝမ်းမြောက်ဖွယ်မျှော်လင့်ချက် ပြည့်စုံခြင်းကိုလည်းကောင်း၊ ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ငါတို့၏ကယ်တင်ရှင် ခရစ်တော်ယေရှုတို့၏ ဘုန်းကျက်သရေရှိသော ထင်ရှားတော်မူခြင်းကိုလည်းကောင်း ငါတို့စောင့်မျှော်လျက်နေကြစဉ် ထိုသို့ပြုရန် ညွှန်ကြား၏။ ၁၄  ခရစ်တော်သည် ငါတို့ကို မတရားမှုအမျိုးမျိုးတို့မှ ကယ်နုတ်၍ ကောင်းသောအမှု၌ စိတ်အားကြီးသည့် ကိုယ်တော့်အထူးပိုင်ဆိုင်ရာအဖြစ် ငါတို့ကိုသန့်ရှင်းစေရန် မိမိကိုယ်ကို စွန့်တော်မူ၏။ ၁၅  ထိုအရာများကို ဟောပြောခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို အခွင့်အာဏာအပြည့်ဖြင့် ပြုလျက်နေလော့။ သင့်ကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။

အောက်ခြေမှတ်ချက်များ