တိတု ၃:၁-၁၅

 အစိုးရများ၊ အာဏာပိုင်များကို လက်အောက်ခံ၍ နာခံမှုပြကြရန်လည်းကောင်း၊ ကောင်းသောအမှုအမျိုးမျိုးအတွက် အဆင်သင့်ရှိကြရန်လည်းကောင်း သူတို့ကို ဆက်၍သတိပေးနေလော့။ ၂  မည်သူ့ကိုမျှ ကဲ့ရဲ့ရှုတ်ချခြင်း၊ ရန်လိုခြင်းမပြုဘဲ လူအပေါင်းတို့အား အကျိုးသင့်အကြောင်းသင့်သဘောနှင့် နူးညံ့သိမ်မွေ့ခြင်းကို အတတ်နိုင်ဆုံး တင်ပြရန်လည်း သတိပေးနေလော့။ ၃  အကြောင်းမူကား ငါတို့ပင်လျှင် တစ်ချိန်က မိုက်မဲသူ၊ မနာခံသူ၊ လှည့်စားခံရသူ၊ တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်း အမျိုးမျိုးတို့၏ကျွန်ဖြစ်သူ၊ ဆိုးသွမ်းခြင်းနှင့် ငြူစူခြင်းကိုပြုတတ်သူ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။ ၄  သို့သော် ငါတို့၏ကယ်တင်ရှင် ဘုရားသခင်၏ကရုဏာပြခြင်းနှင့် ချစ်ခြင်းမေတ္တာသည် ထင်ရှားလာသောအခါ၊ ၅  ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်၊ ကိုယ်တော်၏သနားကြင်နာခြင်းနှင့်အညီ ငါတို့ကို ဘဝသစ်ရစေသည့် သန့်စင်ခြင်း*အားဖြင့်လည်းကောင်း၊ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်*နှင့် အသစ်ပြုပြင်ခြင်းအားဖြင့်လည်းကောင်း ငါတို့ကို ကယ်တင်တော်မူ၏။ ၆  ထိုစွမ်းအားတော်ကို ငါတို့၏ကယ်တင်ရှင် ယေရှုခရစ်တော်အားဖြင့် ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။ ၇  ငါတို့သည် ဘုရားသခင်၏ မဟာကရုဏာတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးနောက် ထာဝရအသက်မျှော်လင့်ချက်နှင့်အညီ အမွေခံများဖြစ်လာနိုင်ကြမည်။ ၈  ထိုစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းသောအကျင့်များကို အမြဲကျင့်နိုင်မည်အကြောင်း သင်သည် ထိုအရာများနှင့်ပတ်သက်၍ အခိုင်အမာပြောဆိုနေရန် ငါအလိုရှိ၏။ ထိုအရာများသည်ကောင်းမွန်၍ လူတို့အတွက် အကျိုးရှိ၏။ ၉  မိုက်မဲသော အမေးပုစ္ဆာများကိုလည်းကောင်း၊ ဆွေစဉ်မျိုးဆက်စာရင်းများ ရှာဖွေခြင်းကိုလည်းကောင်း၊ ပညတ်တရားနှင့်ပတ်သက်၍ ခိုက်ရန်ဖြစ်ပွားခြင်းကိုလည်းကောင်း ရှောင်လော့။ အကြောင်းမူကား ထိုအမှုတို့သည် အကျိုးမရှိ၊ အချည်းနှီးဖြစ်ကြ၏။ ၁၀  ဂိုဏ်းခွဲသောသူကိုမူ ပထမတစ်ကြိမ်၊ ထို့နောက် ဒုတိယတစ်ကြိမ် သတိပေးဆုံးမပြီးနောက် ဖယ်ရှားလော့။ ၁၁  အကြောင်းမူကား ထိုသူသည် လမ်းလွဲ၍ အပြစ်ပြုကာ မိမိကိုယ်ကို ပြစ်ဒဏ်စီရင်သောကြောင့်ဖြစ်၏။ ၁၂  အာတေမ ကိုလည်းကောင်း၊ တုခိတ် ကိုလည်းကောင်း သင့်ထံ ငါစေလွှတ်သောအခါ သင်သည် နိကောပလိမြို့ရှိ ငါ့ထံသို့ အမြန်ဆုံးလာရန် ကြိုးစားလော့။ အကြောင်းမူကား ငါသည် ဆောင်းရာသီတွင် ထိုမြို့၌နေမည်ဟု ဆုံးဖြတ်ထား၏။ ၁၃  ပညတ်ကျမ်းကို နှံ့စပ်သူ ဇေနနှင့် အာပေါလုတို့၏ ခရီးစဉ်တွင် အဘယ်အရာမျှမလိုအပ်စေရန် ထောက်ပံ့လော့။ ၁၄  သို့သော် ငါတို့၏လူများသည် မိမိတို့အတွက် မရှိမဖြစ်လိုအပ်ရာများကို ရစေရန် ကောင်းသောအလုပ်များကို သင်ယူနေကြပါစေ။ သို့မှသာ သူတို့သည် ဖြစ်မြောက်အောင်မြင်သူများ ဖြစ်လိမ့်မည်။ ၁၅  ငါနှင့်အတူရှိသမျှသောသူတို့သည် သင့်ကို နှုတ်ဆက်လိုက်ပါ၏။ ယုံကြည်ခြင်း၌ ငါတို့အား ချစ်ခင်သောသူတို့ကို နှုတ်ဆက်ပေးကြလော့။ သင်တို့အားလုံးနှင့်အတူ မဟာကရုဏာတော်ရှိပါစေ။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ရေချိုးခြင်း။”
ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။