ဖိလိပ္ပိ ၁:၁-၃၀
၁ ခရစ်တော်ယေရှု၏ကျွန် ပေါလုနှင့် တိမောသေတို့သည် ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိသော ဖိလိပ္ပိမြို့မှ သန့်ရှင်းသူရှိသမျှနှင့် ကြီးကြပ်မှူးများ၊ ဓမ္မအမှုထမ်းများထံ စာရေးလိုက်ပါ၏။
၂ သခင်ယေရှုခရစ်နှင့် ငါတို့၏အဖ ဘုရားသခင်ထံတော်မှ မဟာကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေ။
၃ ငါသည် သင်တို့ကို သတိရသည့်အခါတိုင်း ငါ၏ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ပါ၏။
၄ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအတွက် တိုးလျှိုးအသနားခံ ဆုတောင်းပေးပါ၏။
၅ သင်တို့သည် ပထမနေ့မှစ၍ ယခုအထိ သတင်းကောင်းအတွက် ပါဝင်ပေးဆက်သောကြောင့်ဖြစ်၏။
၆ အကြောင်းမူကား သင်တို့တွင် ကောင်းသောအမှုကို အစပြုလုပ်ဆောင်သောသူသည် ယေရှုခရစ်၏ နေ့ရက်တိုင်အောင် ဆောင်ရွက်၍ အဆုံးသတ်လိမ့်မည်ဟု ငါယုံကြည်စိတ်ချ၏။
၇ ငါသည် သင်တို့ကို ချစ်သောကြောင့် သင်တို့အပေါင်းနှင့် ပတ်သက်၍ ထိုသို့ယူမှတ်ခြင်းသည် သင့်လျော်ပေ၏။ ငါသည် ချုပ်နှောင်ခြင်း ခံရစဉ်၌လည်းကောင်း၊ သတင်းကောင်းကို ခုခံကာကွယ်၍ တရားဥပဒေအရ အတည်ဖြစ်စေခြင်း၌လည်းကောင်း သင်တို့အပေါင်းသည် ငါနှင့်အတူ မဟာကရုဏာတော်ကို မျှဝေခံစားကြ၏။
၈ ငါသည် သင်တို့အားလုံးကို ခရစ်တော်ယေရှု၏ ချစ်ခင်စုံမက်မှုမျိုးဖြင့် မည်မျှလွမ်းဆွတ်တမ်းတကြောင်း ဘုရားသခင်သည် ငါ၏သက်သေဖြစ်တော်မူ၏။
၉ သင်တို့သည် ဘုရားသခင့် အလိုတော်ကို တိကျမှန်ကန်စွာ သိကျွမ်း၍ အပြည့်အဝ ပိုင်းခြားသိမြင်လျက် သင်တို့၏ချစ်ခြင်းမေတ္တာသည်လည်း တိုးပွားသည်ထက် တိုးပွားစေရန် ငါဆုတောင်းလျက်နေပါ၏။
၁၀ သင်တို့သည် ခရစ်တော်၏ နေ့ရက်တိုင်အောင် အပြစ်တင်ခွင့်နှင့် ကင်းလျက် သူတစ်ပါးကို တိုက်မိ၍လဲစရာမဖြစ်စေမည်အကြောင်း သာ၍အရေးကြီးသောအရာများကို သေချာစွာ သိစေရန် ဆုတောင်းပေးပါ၏။
၁၁ ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေရန်နှင့် ချီးမွမ်းစေရန် ယေရှုခရစ်အားဖြင့် သင်တို့သည် ဖြောင့်မတ်ခြင်း အသီးနှင့် ပြည့်စုံစေရန်လည်း ဆုတောင်းပေးပါ၏။
၁၂ ညီအစ်ကိုတို့၊ ငါ၏အမှုကိစ္စများသည် သတင်းကောင်းကို မတားဆီးဘဲ တိုးပွားစေသည်ဟု သင်တို့ကို ငါသိစေလို၏။
၁၃ ငါသည် ခရစ်တော်ကို ယုံကြည်သောကြောင့် ချုပ်နှောင်ခံရကြောင်း နန်းတော်စောင့်တပ် တစ်တပ်လုံးနှင့် အခြားသောသူရှိသမျှတို့ သိရှိကြပြီ။
၁၄ ထို့ပြင် ငါချုပ်နှောင်ခံရခြင်းကြောင့် သခင်၌ရှိသော ညီအစ်ကိုများစွာတို့သည် ယုံကြည်စိတ်ချမှုရှိလာကြပြီး ဘုရားသခင်၏ တရားစကားတော်ကို ကြောက်ရွံ့ခြင်းမရှိဘဲ သာ၍ရဲဝံ့စွာ ဟောပြောနေကြ၏။
၁၅ အမှန်စင်စစ် အချို့တို့သည် ငြူစူ၍ ရန်တွေ့လိုသောစိတ်ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ အခြားသူတို့မူကား စေတနာစိတ်ဖြင့် ဟောပြောကြ၏။
၁၆ စေတနာစိတ်ဖြင့် ဟောပြောသူတို့သည် ချစ်ခြင်းမေတ္တာကြောင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ အကြောင်းမူကား ငါသည် သတင်းကောင်းကို ခုခံကာကွယ်ရန် ဤတွင် ရောက်ရှိနေကြောင်း ထိုသူတို့ သိကြ၏။
၁၇ ငြူစူ၍ ရန်တွေ့လိုသောစိတ်ဖြင့် ဟောပြောသူတို့မူကား စိတ်ရင်းမှန်ဖြင့် မဟောဘဲ ဂုဏ်ပြိုင်လိုသည့်စိတ်ကြောင့် ဟောပြောကြ၏။ အကြောင်းမူကား ငါချုပ်နှောင်ခံရချိန်တွင် ငါ့ကို ဆင်းရဲဒုက္ခအမျိုးမျိုး တွေ့ကြုံစေလိုကြ၏။
၁၈ သို့ဖြစ်လျှင် မည်သို့နည်း။ ဟန်ဆောင်၍ဖြစ်စေ၊ စိတ်ရင်းမှန်ဖြင့်ဖြစ်စေ အဘယ်နည်းဖြင့်မဆို ခရစ်တော်အကြောင်း ဟောပြောလျက်ရှိကြ၏။ ထို့ကြောင့် ငါသည် ဝမ်းမြောက်၏။ ဆက်၍လည်း ဝမ်းမြောက်ရဦးမည်။
၁၉ အကြောင်းမူကား သင်တို့၏ တိုးလျှိုးအသနားခံခြင်း အားဖြင့်လည်းကောင်း၊ ယေရှုခရစ်၌ရှိသည့် သန့်ရှင်းသောစွမ်းအားတော်*၏ ကူညီမစခြင်းအားဖြင့်လည်းကောင်း ထိုအကြောင်းအရာသည် ငါ့ကိုကယ်တင်သောအကြောင်း ဖြစ်မည်ကို ငါသိထား၏။
၂၀ ငါအလွန်တောင့်တ မျှော်လင့်သည့်အတိုင်း ငါသည် မည်သည့်ကိစ္စ၌မဆို အရှက်တကွဲမဖြစ်။ သို့သော် ငါ့ခန္ဓာကိုယ်အားဖြင့် ခရစ်တော်သည် ဂုဏ်အသရေ အစဉ်ထင်ရှားတော်မူသကဲ့သို့ ယခုလည်း အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ထင်ရှားတော်မူမည်ဟု လွတ်လပ်စွာ ငါပြောဆို၏။
၂၁ အကြောင်းမူကား ငါသည် အသက်ရှင်လျှင် ခရစ်တော်နှင့်အတူရှိ၏။ သေလျှင်လည်း အမြတ်ပင်ဖြစ်၏။
၂၂ ငါသည် လူ့ဇာတိအားဖြင့် အသက်ရှင်နေရလျှင် ငါ၏လုပ်ငန်းသည် သီးပွင့်ဖြစ်ထွန်းလိမ့်မည်။ သို့သော်လည်း အဘယ်အရာ ရွေးချယ်ရမည်ကို ငါမသိ။
၂၃ ငါသည် ထိုအရာနှစ်ခုကြားတွင် သောကဖိစီးခံနေရ၏။ သို့သော် လွတ်မြောက်၍ ခရစ်တော်နှင့်အတူရှိနေရန်သာ ငါအလိုရှိ၏။ ထိုသို့ဖြစ်လျှင် သာ၍ကောင်း၏။
၂၄ သို့သော် သင်တို့အတွက် လူ့ဇာတိအားဖြင့် ငါရှိနေရန် သာ၍လိုအပ်၏။
၂၅ ထို့ကြောင့် ငါသည် သင်တို့၏တိုးတက်မှုအတွက်လည်းကောင်း၊ သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သော ရွှင်လန်းမှုအတွက် လည်းကောင်း သင်တို့အားလုံးနှင့်အတူ ရှိနေရမည်ကို အသေအချာ သိထားပါ၏။
၂၆ သို့ဖြစ်၍ ငါသည် နောက်တစ်ဖန် သင်တို့နှင့်အတူ ရှိနေခြင်းအားဖြင့် သင်တို့သည် ငါ့ကြောင့် ခရစ်တော်ယေရှု၌ အလွန်ရွှင်လန်းနိုင်ကြမည်။
၂၇ သင်တို့ကိုတွေ့ရန် ငါလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ခရစ်တော်အကြောင်း သတင်းကောင်းနှင့် ထိုက်တန်စွာ ကျင့်ကြံပြုမူကြလော့။ သင်တို့သည် တစ်စိတ်တစ်သဘောတည်း အခိုင်အမာရပ်တည်၍ သတင်းကောင်းနှင့်ဆိုင်သော ယုံကြည်ခြင်းတရားအတွက် တညီတညွတ်တည်း* ကြိုးပမ်းနေကြကြောင်းကို ငါကြားသိလိုပါ၏။
၂၈ သင်တို့သည် ရန်သူတို့ကို အလျှင်းမကြောက်ကြောင်းကိုလည်း ကြားသိလိုပါ၏။ ထိုအမှုသည် သူတို့ဖျက်ဆီးခံရ၍ သင်တို့မူ ကယ်တင်ခံရမည်ဟူသည့် လက္ခဏာဖြစ်၏။ ထိုနိမိတ်လက္ခဏာသည် ဘုရားသခင်ထံတော်မှဖြစ်၏။
၂၉ အကြောင်းမူကား သင်တို့သည် ခရစ်တော်ကို ယုံကြည်ရန်သာမက ကိုယ်တော်အတွက် ဆင်းရဲဝေဒနာခံစားခွင့်ကိုလည်း ရရှိကြ၏။
၃၀ ထို့ကြောင့် သင်တို့သည် ငါနှင့်ပတ်သက်၍ သိမြင်ခဲ့သည့်အတိုင်း၊ ယခု ကြားသိရသည့်အတိုင်း သင်တို့လည်း တိုက်လှန်နေကြရ၏။