ဖိလိပ္ပိ ၂:၁-၃၀

 သို့ဖြစ်၍ ခရစ်ယာန်အားပေးခြင်း၊ ချစ်ခြင်းမေတ္တာဖြင့် စိတ်သက်သာရာရခြင်း၊ ဘုရားသခင့်စွမ်းအားတော်ဖြင့် မိတ်သဟာယဖွဲ့ ခြင်း၊ ချစ်ခင်စုံမက်ခြင်း၊ သနားစာနာခြင်း တစ်စုံတစ်ရာရှိလျှင်၊ ၂  သင်တို့သည် တစ်စိတ်တစ်သဘောတည်းရှိခြင်း၊ ညီတူညီမျှချစ်ခြင်း၊ တစည်းတလုံးတည်းရှိခြင်း၊* အကြံအစည်တစ်မျိုးတည်းရှိခြင်းအားဖြင့် ငါ၏ရွှင်လန်းခြင်းကို ပြည့်စုံစေကြလော့။ ၃  ဂုဏ်ပြိုင်လိုသောစိတ်ဖြင့်လည်းကောင်း၊ အတ္တစိတ်ဖြင့်လည်းကောင်း မည်သည့်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်နှင့် ယူမှတ်ကြလော့။ ၄  သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။ ၅  ခရစ်တော်ယေရှုတွင်ရှိသော ထိုစိတ်သဘောထားမျိုးကို သင်တို့တွင်လည်း ရှိစေကြလော့။ ၆  ကိုယ်တော်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ရှိသော်လည်း ဘုရားသခင်နှင့် တန်းတူဖြစ်မည့်အခွင့်အရာကို ရယူရန် စဉ်းစားတော်မမူခဲ့။ ၇  သို့အစား မိမိပိုင်ဆိုင်သမျှကို စွန့်၍ ကျွန်၏ပုံသဏ္ဌာန်ကို ဆောင်ယူလျက် လူ့အသွင်ကို ခံယူတော်မူ၏။ ၈  ထိုမျှမက လူသားတစ်ဦးအသွင်ဖြင့် ရှိစဉ်တွင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ၍ အသေခံရသည့်တိုင်အောင်၊ ညှဉ်းဆဲရာသစ်တိုင်*ပေါ် အသေခံရသည့်တိုင်အောင် နာခံတော်မူ၏။ ၉  ထိုအကြောင်းကြောင့်ပင် ဘုရားသခင်သည် ကိုယ်တော်ကို သာလွန်မြင့်မြတ်သော အခွင့်အရာသို့ ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ ၁၀  သို့ဖြင့် ကောင်းကင်ပေါ်၊ မြေကြီးပေါ်၊ မြေကြီးအောက်၌ ရှိသမျှသောသူတို့သည် ယေရှု၏နာမရှေ့တွင် ဒူးထောက်ကြရမည်။ ၁၁  ထို့ပြင် ယေရှုခရစ်သည် ခမည်းတော် ဘုရားသခင်၏ ဘုန်းအသရေကို ထင်ရှားစေသော သခင်ဖြစ်ကြောင်း လူတိုင်း အတိအလင်း ဝန်ခံကြလိမ့်မည်။ ၁၂  ထို့ကြောင့် ချစ်ရသောသူတို့၊ သင်တို့သည် ငါရှိစဉ်အချိန်၌သာမက၊ ယခု ငါမရှိစဉ်အချိန်၌လည်း သာ၍ပင် နာခံ၍ အစဉ်နာခံခဲ့ကြသည့်နည်းတူ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် သင်တို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် ကြိုးစားဆောင်ရွက်နေကြလော့။ ၁၃  အကြောင်းမူကား သင်တို့ အလိုဆန္ဒရှိစေရန်လည်းကောင်း၊ ပြုမူလုပ်ဆောင်စေရန်လည်းကောင်း မိမိနှစ်သက်တော်မူရာအတွက် သင်တို့အထဲတွင် လုပ်ဆောင်နေတော်မူသော အရှင်ကား ဘုရားသခင်ဖြစ်၏။ ၁၄  ထို့ကြောင့် အရာခပ်သိမ်းကို ညည်းညူခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုနေကြလော့။ ၁၅  သို့ဖြင့် ကောက်ကျစ်ဖောက်ပြန်သော လူမျိုးဆက်အလယ်တွင် သင်တို့သည် အပြစ်တင်ခွင့်ကင်းသောသူများ၊ ရိုးသား ဖြူစင်သောသူများ၊ ဘုရားသခင်၏ အပြစ်အနာအဆာကင်းသော သားသမီးများ ဖြစ်ကြလိမ့်မည်။ သင်တို့သည် လောကတွင် အလင်းဆောင်သူများ အဖြစ် ထိုလူမျိုးအလယ်၌ ထွန်းလင်းလျက်၊ ၁၆  အသက်နှင့်ဆိုင်သော တရားစကားတော်ကို ဆုပ်ကိုင်ထားကြ၏။ သို့ဖြင့် ငါသည် အချည်းနှီးပြေးခဲ့ခြင်း၊ အချည်းနှီး ကြိုးစားခဲ့ခြင်း မဟုတ်သောကြောင့် ခရစ်တော်၏နေ့ရက်တွင် ဂုဏ်ယူဝမ်းမြောက်စရာအကြောင်း ရှိနိုင်မည်။ ၁၇  သင်တို့၏ယုံကြည်ခြင်းဖြင့် ပူဇော်သောယဇ်နှင့် အများအကျိုးဆောင် လုပ်ငန်းအပေါ်တွင် သွန်းလောင်းရာယဇ်ကဲ့သို့ ငါသည် သွန်းလောင်းခြင်းကို ခံရလျှင်ပင် ဝမ်းမြောက်ပါ၏။ ငါသည် သင်တို့ရှိသမျှနှင့်အတူ ဝမ်းမြောက်ရွှင်လန်းပါ၏။ ၁၈  ထိုနည်းတူ သင်တို့ကိုယ်တိုင်လည်း ငါနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ၁၉  ငါသည် သင်တို့ထံ တိမောသေကို မကြာမီ စေလွှတ်မည်ဟု သခင်ယေရှုကို အမှီပြု၍ မျှော်လင့်လျက်နေပါ၏။ သို့ဖြင့် ငါသည် သင်တို့အကြောင်းကို ကြားသိရသောအခါ ဝမ်းသာအားရ*ဖြစ်နိုင်မည်။ ၂၀  အကြောင်းမူကား ထိုသူကဲ့သို့ သင်တို့အကျိုးကို အမှန်လိုလားသော စိတ်ထားမျိုးရှိသူ တစ်ယောက်မျှ ငါ၌မရှိ။ ၂၁  အခြားသောသူရှိသမျှသည် ခရစ်တော်ယေရှု၏အကျိုးကို မရှာဘဲ ကိုယ့်အကျိုးကိုသာ ရှာနေကြ၏။ ၂၂  တိမောသေမူကား သားသည် အဖနှင့်အတူ ကြိုးပမ်းသကဲ့သို့ သတင်းကောင်း ပျံ့နှံ့စေရန် ကိုယ့်ကိုယ်ကိုယ် ပေးဆက်၍ ငါနှင့်အတူ ကြိုးပမ်းခဲ့ကြောင်း သင်တို့သိကြ၏။ ၂၃  ထို့ကြောင့် ငါ့အမှုကိစ္စများကို ရှင်းလင်းစွာ သိလျှင်သိချင်း သူ့ကို သင်တို့ထံ စေလွှတ်ရန် ငါမျှော်လင့်၏။ ၂၄  အမှန်မှာ သခင်အလိုရှိလျှင် သင်တို့ထံ ငါကိုယ်တိုင်လည်း မကြာမီ လာမည်ဟု ယုံကြည်စိတ်ချ၏။ ၂၅  သို့ရာတွင် ငါ၏လုပ်ဖော်ဆောင်ဖက်၊ ရဲဘော်ရဲဘက်၊ ငါ့ကိုပြုစုစောင့်ရှောက်သောသူ၊ သင်တို့၏တမန်ဖြစ်သော ငါ့ညီအစ်ကို ဧပဖြောဒိတ်ကို သင်တို့ထံ စေလွှတ်ရန်လိုသည်ဟု ငါယူဆ၏။ ၂၆  သူသည် သင်တို့ရှိသမျှကို တမ်းတသတိရလျက်နေ၏။ သူဖျားနာခဲ့ကြောင်း သင်တို့ကြားသိကြသဖြင့် သူသည် ဝမ်းနည်းညှိုးငယ်လျက်နေ၏။ ၂၇  သူသည် သေလုနီးပါး ဖျားနာခဲ့သော်လည်း ဘုရားသခင်သည် သူ့ကိုသနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်။ ငါသည် ဝမ်းနည်းကြေကွဲမှုကို ထပ်ဆင့်မခံစားရစေရန် ငါ့ကိုလည်း သနားတော်မူ၏။ ၂၈  ထို့ကြောင့် သင်တို့သည် သူ့ကိုတွေ့မြင်သောအခါ တစ်ဖန် ဝမ်းမြောက်စေရန်လည်းကောင်း၊ ငါသည်လည်း သာ၍စိတ်သက်သာရာ ရစေရန်လည်းကောင်း သူ့ကိုအမြန်ဆုံး စေလွှတ်လိုက်မည်။ ၂၉  ထို့ကြောင့် သခင်၏နောက်တော်လိုက်များကို ကြိုဆိုလေ့ရှိသည့်အတိုင်း သူ့ကိုလည်း ဝမ်းသာအားရ ကြိုဆိုကြလော့။ ထိုသို့သောသူတို့ကို မြတ်နိုးကြလော့။ ၃၀  အကြောင်းမူကား ငါ့အတွက် သင်တို့ မလုပ်ဆောင်ပေးနိုင်သောအမှုကို သူသည် သင်တို့ကိုယ်စား အပြည့်အဝ လုပ်ဆောင်ပေးနိုင်ရန် အသက်*အန္တရာယ်ကိုမမှုဘဲ သခင်၏အမှုတော်ကြောင့် သေလုနီးပါးဖြစ်ခဲ့၏။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
နောက်ဆက်တွဲ ၆ ရှု။
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။