ဖိလိပ္ပိ ၃:၁-၂၁
၃ သို့ဖြစ်၍ ငါ့ညီအစ်ကိုတို့၊ သခင်၌ဝမ်းမြောက်လျက် နေကြလော့။ သင်တို့ထံ ဤသို့ထပ်ရေးခြင်းသည် ငါ့အတွက် ပင်ပန်းစရာမဟုတ်ဘဲ သင်တို့အတွက် လုံခြုံမှုရှိစေရန်ဖြစ်၏။
၂ ခွေးများကို သတိပြုကြလော့။ မကောင်းမှုပြုကျင့်သူများကို သတိပြုကြလော့။ ကိုယ့်အသားကို လှီးဖြတ်သူများကို သတိပြုကြလော့။
၃ အကြောင်းမူကား ငါတို့သည် စစ်မှန်သော အရေဖျားလှီးခြင်း ခံသူများ ဖြစ်ကြ၏။ ဘုရားသခင့်စွမ်းအားတော်ဖြင့် အမှုတော်မြတ်ကို ဆောင်ရွက်သူများ ဖြစ်ကြ၏။ ခရစ်တော်ယေရှု၌ ဂုဏ်ယူဝါကြွားကြ၏။ လူ့ဇာတိသဘော၌ ယုံကြည်စိတ်ချသူများ မဟုတ်ကြ။
၄ သို့သော် တစ်စုံတစ်ဦး၌ လူ့ဇာတိအဖြစ်ကို ယုံကြည်ကိုးစားရန် အကြောင်းပြချက်ရှိလျှင် ငါ၌ ပို၍ပင်ရှိ၏။
အခြားသူတစ်ဦး၌ လူ့ဇာတိအဖြစ်ကို ယုံကြည်ကိုးစားရန် အကြောင်းပြချက်ရှိသည်ဟု ယူမှတ်လျှင် ငါ၌သာ၍ပင်ရှိ၏။
၅ ငါသည် ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကို ခံရ၏။ အစ္စရေးလူမျိုး၊ ဗင်ယာမိန်အနွယ်ဖြစ်၏။ ဟေဗြဲလူမျိုးမှ ဆင်းသက်သော ဟေဗြဲလူစစ်ဖြစ်၏။ ပညတ်တရားနှင့်ပတ်သက်လျှင် ဖာရိရှဲ*တစ်ဦးဖြစ်၏။
၆ စိတ်အားထက်သန်ခြင်းနှင့် ပတ်သက်လျှင် အသင်းတော်ကို ညှဉ်းဆဲသောသူဖြစ်၏။ ပညတ်တရားအားဖြင့်ရသော ဖြောင့်မတ်ခြင်းနှင့် ပတ်သက်လျှင် အပြစ်တင်စရာ မရှိသောသူဖြစ်၏။
၇ သို့သော် ငါ့အတွက် အကျိုးအမြတ်ဖြစ်သည့် အရာများကို ခရစ်တော်ကြောင့် ရှုံးစေသောအရာဟု ယူမှတ်၏။
၈ ထိုမျှမက ငါ၏သခင် ခရစ်တော်ယေရှုနှင့် ပတ်သက်သော အသိပညာသည် သာလွန်ထူးမြတ်သောကြောင့် အရာခပ်သိမ်းကို ရှုံးစေသောအရာဟု ငါယူမှတ်၏။ ကိုယ်တော်ကြောင့် ငါသည် အရာခပ်သိမ်းကို အရှုံးခံ၍ အမှိုက်သရိုက်ကဲ့သို့ ယူမှတ်၏။ သို့ဖြင့် ငါသည် ခရစ်တော်ကိုအမြတ်ရ၍၊
၉ ကိုယ်တော်နှင့် တစည်းတလုံးတည်း ရှိနိုင်မည်။ ငါ၏ဖြောင့်မတ်ခြင်းသည် ပညတ်တရားအားဖြင့်ရသည်မဟုတ်။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ရသည့် ဖြောင့်မတ်ခြင်းဖြစ်၏။ ထိုဖြောင့်မတ်ခြင်းသည် ယုံကြည်ခြင်းအပေါ် အခြေခံသော ဘုရားသခင်ထံမှ ဖြောင့်မတ်ခြင်းဖြစ်၏။
၁၀ သို့ဖြင့် ကိုယ်တော်ကိုလည်းကောင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်း၏ တန်ခိုးကိုလည်းကောင်း သိကျွမ်းမည်။ ထိုအခါ ကိုယ်တော်၏ ဆင်းရဲဝေဒနာကို ပါဝင်ခံစား၍ ကိုယ်တော် အသေခံ တော်မူသကဲ့သို့ အသေခံမည်။
၁၁ သို့မှသာ ငါသည် စောစောထမြောက်ခြင်းတွင် ပါဝင်ခွင့် ရနိုင်စရာအကြောင်းရှိမည်။
၁၂ ငါသည် ထိုဆုကျေးဇူးကို ရရှိထားပြီ၊ ပြည့်စုံနေပြီဟု မဆိုလို။ သို့သော် ငါသည် ထိုဆုကျေးဇူးကို ဆုပ်ကိုင်ထားရန် အစဉ်ကြိုးစားအားထုတ်*နေရ၏။ ထိုဆုကျေးဇူးအတွက် ခရစ်တော်ယေရှုသည် ငါ့ကို ဆုပ်ကိုင်ထား၏။
၁၃ ညီအစ်ကိုတို့၊ ထိုဆုကျေးဇူးကို ငါဆုပ်ကိုင်ထားပြီဟု ကိုယ့်ကိုယ်ကိုယ်မယူမှတ်။ သို့သော် ငါပြုသောအမှုတစ်ခုကား နောက်၌ကျန်ရစ်သောအရာများကို မေ့ထားပြီး ရှေ့၌ရှိသောအရာကို လက်လှမ်းခြင်းဖြစ်၏။
၁၄ ငါသည် ခရစ်တော်ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင်၏ ခေါ်တော်မူခြင်း ဆုကျေးဇူးကိုရရန် ပန်းတိုင်သို့ ပြေးနေ၏။
၁၅ သို့ဖြစ်၍ ရင့်ကျက်သောသူ ငါတို့ရှိသမျှတို့၌ ထိုစိတ်သဘောထားမျိုးရှိပါစေ။ အခြားစိတ်သဘောထားမျိုးရှိနေလျှင် သဘောထားမှန်ကို ဘုရားသခင် ဖော်ပြပေးပါလိမ့်မည်။
၁၆ မည်သို့ပင်ဖြစ်စေ၊ ငါတို့သည် တိုးတက်နိုင်သမျှ တိုးတက်ရန် တစ်ပုံစံတည်းဖြင့် စနစ်တကျ လျှောက်လှမ်းနေကြစို့။
၁၇ ညီအစ်ကိုတို့၊ ငါ့ကို တညီတညွတ်တည်း တုပကြလော့။ ငါတို့ချမှတ်သည့် စံနမူနာအတိုင်း လျှောက်လှမ်းနေသူတို့ကို သတိပြုနေကြလော့။
၁၈ အကြောင်းမူကား ခရစ်တော်၏ ညှဉ်းဆဲရာသစ်တိုင်ကို ဆန့်ကျင်သည့် ရန်သူအများရှိသည်ဟု သင်တို့အား အကြိမ်ကြိမ် ပြောလေ့ရှိခဲ့သည့်အတိုင်း ယခုလည်း မျက်ရည်ကျလျက် ပြောဆို၏။
၁၉ သူတို့၏အဆုံးသည် ပျက်စီးခြင်းဖြစ်၏။ သူတို့၏ဘုရားသည် သူတို့၏ဝမ်းဗိုက်ဖြစ်၏။ သူတို့ရှက်ရမည့်အရာများကို သူတို့ဂုဏ်ယူကြ၏။ သူတို့၏စိတ်သည် မြေကြီးပေါ်ရှိသောအရာများတွင် ရောက်နေ၏။
၂၀ ငါတို့မူကား ကောင်းကင်နိုင်ငံတော်သားများ ဖြစ်ကြ၏။ ထိုအရပ်မှကြွလာမည့် ကယ်တင်ရှင် သခင်ယေရှုခရစ်ကို ထက်သန်စွာ စောင့်မျှော်နေကြ၏။
၂၁ ထိုသခင်သည် အရာခပ်သိမ်းကိုပင် မိမိအောက်၌ ကျရောက်စေသော တန်ခိုးတော်အားဖြင့် ငါတို့၏နိမ့်ကျသည့် ခန္ဓာကိုယ်ကို ဘုန်းအသရေနှင့်ပြည့်စုံသော မိမိ၏ကိုယ်ခန္ဓာတော်ကဲ့သို့ဖြစ်စေရန် ပြောင်းလဲတော်မူမည်။