ဖိလေမုန် ၁:၁-၂၅

၁  ခရစ်တော်ယေရှုကို ယုံကြည်ခြင်းကြောင့် အကျဉ်းချခံရသူ ငါပေါလုနှင့် ငါတို့၏ညီအစ်ကို တိမောသေသည် ငါတို့ချစ်မြတ်နိုးရသော လုပ်ဖော်ဆောင်ဖက် ဖိလေမုန်၊ ၂  ငါတို့၏ညီအစ်မ အပ္ပိ၊ ငါတို့၏ရဲဘော်ရဲဘက် အာခိပ္ပုနှင့် သင်၏အိမ်၌စုဝေးသော အသင်းတော်ကို စာရေးလိုက်ပါ၏။ ၃  ငါတို့၏အဖ ဘုရားသခင်နှင့် သခင်ယေရှုခရစ်တို့ထံမှ မဟာကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေ။ ၄  ငါဆုတောင်းသည့်အခါ သင့်အကြောင်းထည့်တောင်းတိုင်း ဘုရားသခင်အား ကျေးဇူးတင်ပါ၏။ ၅  သခင်ယေရှုနှင့် သန့်ရှင်းသူအပေါင်းကို သင်ချစ်၍ ယုံကြည်စိတ်ချကြောင်း ငါအမြဲကြားနေသောကြောင့်ဖြစ်၏။ ၆  ကျေးဇူးတင်ရသည့်အကြောင်းမှာ ငါတို့သည် ခရစ်တော်နှင့် တစည်းတလုံးတည်းရှိကြောင်း သင်သိသောကြောင့်ဖြစ်၏။ သင်၌ရှိသောယုံကြည်ခြင်းသည် ရှင်သန်လျက်ရှိ၏။ ထိုအကြောင်းများကြောင့် ငါတို့သည် ကောင်းသောအရာများကို ရရှိထားကြ၏။ ၇  ငါသည် သင်၏ချစ်ခြင်းမေတ္တာကြောင့် အလွန်ဝမ်းမြောက်၍ နှစ်သိမ့်မှုလည်း ရပါ၏။ အကြောင်းမူကား ငါ၏ညီအစ်ကို၊ သင့်အားဖြင့် သန့်ရှင်းသူတို့၏စိတ်နှလုံး နွေးထွေးနေပြီ။ ၈  ဤအကြောင်းကြောင့် ငါသည် ခရစ်တော်၏ တမန်တော်တစ်ဦးအနေနှင့် သင်ပြုသင့်သောအမှုကို မိန့်မှာပိုင်ခွင့်ရှိသော်လည်း၊ ၉  ခရစ်တော်ယေရှုကို ယုံကြည်ခြင်းကြောင့် အကျဉ်းချခံနေရသော သက်ကြီးရွယ်အို ငါပေါလုသည် သင်တင်ပြသောမေတ္တာကို ထောက်၍ သင့်ကို တိုက်တွန်းနှိုးဆော်ပါ၏။ ၁၀  ငါချုပ်နှောင်ခံနေရစဉ် ငါ့သားကဲ့သို့ဖြစ်လာသော ဩနေသိမ်နှင့်ပတ်သက်၍ သင့်ကို တိုက်တွန်းနှိုးဆော်ပါ၏။ ၁၁  သူသည် ယခင်က သင့်အတွက် အသုံးမဝင်သူဖြစ်သော်လည်း ယခုမူကား သင်နှင့် ငါ့အတွက် အသုံးဝင်သူဖြစ်၏။ ၁၂  ငါအလွန်ချစ်ခင်စုံမက်သော သူ့ကို သင့်ထံသို့ ပြန်လွှတ်လိုက်၏။ ၁၃  သတင်းကောင်းအတွက်ကြောင့် ငါထောင်ကျနေစဉ် ငါ့အတွက် အကျိုးဆောင်ပေးရန် သင့်ကိုယ်စား သူ့ကို ခေါ်ထားလို၏။ ၁၄  သို့သော် ငါသည် သင်၏သဘောတူညီချက်မရဘဲ မည်သည့်အရာကိုမျှ မပြုလို။ သင်ကောင်းမှုပြုခြင်းသည် အတင်းအကျပ်ခိုင်းစေခံရ၍ မဟုတ်ဘဲ စိတ်လိုကိုယ်လျောက်ပြုလုပ်ခြင်း ဖြစ်စေလို၏။ ၁၅  သင်သည် သူ့ကို အစဉ်ပြန်ခေါ်ထားနိုင်ရန် သူသည် ခဏမျှထွက်ပြေးခြင်းဖြစ်နိုင်၏။ ၁၆  သူသည် ကျွန်မဟုတ်တော့ဘဲ၊ ကျွန်ထက်သာသောသူ ငါအထူးချစ်ရသော ညီဖြစ်၏။ သင့်အတွက်ကား ကျွန်အဖြစ်လည်းကောင်း၊ ခရစ်ယာန်ညီအစ်ကိုအဖြစ်လည်းကောင်း သာ၍ပင် ချစ်ရသောညီ ဖြစ်လိမ့်မည်။ ၁၇  ထို့ကြောင့် ငါ့ကို လုပ်ဖော်ဆောင်ဖက်တစ်ဦးအဖြစ် သင်ယူမှတ်သည်ဆိုလျှင် ငါ့ကို လက်ခံမည့်နည်းတူ သူ့ကိုလည်း သနားကြင်နာစွာ လက်ခံလော့။ ၁၈  ထို့ပြင် သူသည် သင့်ကို ပြစ်မှားခဲ့လျှင်၊ သင့်အပေါ် အကြွေးတင်နေလျှင် ငါ၏စာရင်းတွင် ရေးမှတ်ထားလော့။ ၁၉  ငါပေါလုသည် ဤစာကို ငါ့လက်နှင့် ရေးလိုက်ပါ၏။ ထိုအကြွေးကို ငါဆပ်ပါမည်။ အမှန်စင်စစ် သင်ကိုယ်တိုင်ပင် ငါ၏ကျေးဇူးမကင်းသူဖြစ်၏။ ၂၀  ငါတို့နှစ်ဦးစလုံးသည် သခင်၏တပည့်များဖြစ်သောကြောင့် ခရစ်တော်၏တပည့်တစ်ဦးအနေနှင့် ငါ၏စိတ်နှလုံးကို နွေးထွေးစေရန် ငါ၏တောင်းဆိုချက်ကို ကျေးဇူးပြု၍ ဆောင်ရွက်ပေးလော့။ ၂၁  သင်သည် ငါ၏သဘောကို လိုက်လျောမည်ဟု ယုံကြည်စိတ်ချပါ၏။ ငါပြောသည်ထက် သာ၍ပင် ပြုမည်ဟုသိလျက် သင့်ထံ စာရေးလိုက်ပါ၏။ ၂၂  ထို့အပြင် ငါ့အတွက် တည်းခိုစရာကိုလည်း အသင့်ပြင်ထားလော့။ အကြောင်းမူကား သင်တို့၏ ဆုတောင်းချက်များကြောင့် မကြာမီ ငါလွတ်မြောက်ပြီး သင်တို့ထံ ရောက်လာနိုင်မည်ဟု မျှော်လင့်ပါ၏။ ၂၃  ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိ၍ ငါနှင့်အတူ အကျဉ်းကျနေသူ ဧပဖြက သင့်ကို နှုတ်ဆက်လိုက်ပါ၏။ ၂၄  ငါ၏လုပ်ဖော်ဆောင်ဖက် မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့ကလည်း သင့်ကို နှုတ်ဆက်လိုက်ပါ၏။ ၂၅  သင်တို့၏စိတ်ထား ကောင်းသည့်အတွက် ငါတို့၏သခင် ယေရှုခရစ်၏ မဟာကရုဏာကို ခံစားရပါစေ။

အောက်ခြေမှတ်ချက်များ