ဗျာဒိတ် ၁:၁-၂၀
၁ မကြာမီ ဖြစ်ပျက်ရမည့် အမှုအရာများကို မိမိကျွန်တို့အား ပြသရန် ယေရှုခရစ်အားဖြင့် ဘုရားသခင်ပေးတော်မူသော ဗျာဒိတ်တော်ဖြစ်၏။ ယေရှုသည် မိမိကောင်းကင်တမန်ကို စေလွှတ်၍ ကိုယ်တော်၏ကျွန် ယောဟန်အား အမှတ်သင်္ကေတများဖြင့် ထိုဗျာဒိတ်တော်ကို ဖော်ပြတော်မူ၏။
၂ ယောဟန်သည် ဘုရားသခင်၏တရားစကားတော်နှင့် ယေရှုခရစ်၏သက်သေခံချက်ဖြစ်သော မိမိတွေ့မြင်သမျှ အရာအားလုံးကို သက်သေခံလေ၏။
၃ ဤပရောဖက်ပြု စကားများကို ဖတ်ရွတ်သူနှင့် ကြားနာသူတို့အပြင် ရေးထားသောအရာများကို လိုက်နာသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ချိန်းချက်သောအချိန် နီးပြီ။
၄ အာရှနယ်*အတွင်းရှိ အသင်းတော်ခုနစ်ခုထံ ယောဟန် စာရေးလိုက်ပါ၏။
“အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသောအရှင်” ထံမှလည်းကောင်း၊ ကိုယ်တော်၏ပလ္လင်ရှေ့က စွမ်းအားတော်ခုနစ်ခုထံမှလည်းကောင်း မဟာကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေ။
၅ “သစ္စာရှိသောသက်သေ၊” “လူသေတို့ထဲမှ သားဦး၊” “မြေကြီးဘုရင်တို့ကို အုပ်စိုးသောအရှင်” ယေရှုခရစ်ထံမှ မဟာကရုဏာနှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေ။
ကိုယ်တော်သည် ငါတို့ကိုချစ်၍ မိမိအသွေးတော်ဖြင့် ငါတို့အပြစ်များကို ဖြေလွှတ်ပြီးလျှင်၊
၆ ငါတို့ကို နိုင်ငံတစ်ခုဖြစ်စေ၍ မိမိ၏ဘုရားသခင်၊ ခမည်းတော်အတွက် ယဇ်ပုရောဟိတ်များ ဖြစ်စေတော်မူ၏။ ကိုယ်တော်၌ ဘုန်းအသရေတော်နှင့် တန်ခိုးတော် ထာဝစဉ်ရှိပါစေ။ အာမင်။
၇ ကိုယ်တော်သည် မိုးတိမ်ဖြင့် ကြွလာမည်ကို မျက်စိတိုင်း မြင်ကြရလိမ့်မည်။ ကိုယ်တော်ကို ထိုးဖောက်သောသူတို့လည်း မြင်ကြရလိမ့်မည်။ မြေကြီးပေါ်ရှိ လူအမျိုးမျိုးတို့သည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီး၍ ငိုကြွေးကြလိမ့်မည်။ မှန်ပေ၏၊ အာမင်။
၈ “ငါသည် အာလဖနှင့် ဩမေဃဖြစ်သည်ဟု အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အနန္တတန်ခိုးရှင်” ယေဟောဝါ*ဘုရားသခင် မိန့်တော်မူ၏။
၉ ယေရှုနှင့်အတူ ဆင်းရဲဒုက္ခခံခြင်း၌လည်းကောင်း၊ နိုင်ငံတော်၌လည်းကောင်း၊ ခံနိုင်ရည်ရှိခြင်း၌လည်းကောင်း သင်တို့နှင့်ဝေမျှခံစားသူ သင်တို့၏ညီအစ်ကို ငါယောဟန်သည် ဘုရားသခင်အကြောင်း ဟောပြောခြင်း၊ ယေရှုအကြောင်း သက်သေခံခြင်းတို့ကြောင့် ပတ်မုဟုခေါ်သော ကျွန်းသို့ ရောက်နေရ၏။
၁၀ ငါသည် ဘုရားသခင်၏စွမ်းအားတော်*ကိုခံရ၍ သခင့်နေ့တော်သို့ ရောက်သွား၏။ ငါ့နောက်၌ တံပိုးသံကဲ့သို့သော အသံကြီးကို ကြားရ၏။
၁၁ ထိုအသံက “သင်မြင်သောအရာကို စာလိပ်တွင်ရေး၍ ဧဖက်၊ စမုရန၊ ပေရဂံ၊ သွာတိရ၊ သာဒိ၊ ဖိလဒေလဖိ၊ လောဒိကိမြို့များ၌ရှိသော အသင်းတော်ခုနစ်ခုထံ ပေးပို့လော့” ဟုဆို၏။
၁၂ ငါ့အား စကားပြောသော ထိုအသံရှင်ကိုမြင်ရန် လှည့်ကြည့်လိုက်သော် ရွှေမီးခုံ ခုနစ်ခုံကို ငါတွေ့ရ၏။
၁၃ ထိုမီးခုံများအလယ်၌ လူသားနှင့်တူသော သူတစ်ဦးသည် ခြေဖျားထိရောက်သော အဝတ်ကို ဝတ်လျက် ရင်တော်၌ ရွှေရင်စည်းကို စည်းထား၏။
၁၄ ထို့ပြင် ဦးခေါင်းမှ ဆံတော်သည် ဖြူသောသိုးမွေးပမာ၊ နှင်းပမာဖြစ်၍ မျက်စိတော်သည် မီးလျှံပမာဖြစ်၏။
၁၅ ခြေတော်သည် မီးပြင်းဖိုထဲ၌ ရဲရဲတောက်သော ကြေးနီစစ်နှင့်တူ၏။ အသံတော်သည် စီးဆင်းနေသော ရေထု၏အသံနှင့် တူ၏။
၁၆ လက်ယာလက်တော်၌ ကြယ်ခုနစ်လုံးရှိပြီး ထက်သော သန်လျက်ရှည်သည် ခံတွင်းတော်မှ ထွက်နေ၏။ မျက်နှာတော်သည် အစွမ်းကုန်တောက်ပသော နေနှင့်တူ၏။
၁၇ ငါသည် ကိုယ်တော်ကို မြင်သောအခါ ခြေတော်ရင်း၌ လူသေအလား လဲကျသွား၏။
ကိုယ်တော်သည် ငါ့အပေါ်သို့ လက်ယာလက်တော်ကို တင်လျက် မိန့်တော်မူသည်မှာ “မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့် နောက်ဆုံးဖြစ်၏။
၁၈ အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ယခု ငါသည် အစဉ်ထာဝရ အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့် သင်္ချိုင်း*၏သော့များကိုလည်း ငါပိုင်၏။
၁၉ ထို့ကြောင့် သင်မြင်ခဲ့ရသော အမှုအရာများကိုလည်းကောင်း၊ ယခုဖြစ်နေသော အမှုအရာများကိုလည်းကောင်း၊ ဤအရာများနောက်၌ ဖြစ်ပျက်လာမည့် အမှုအရာများကိုလည်းကောင်း ရေးမှတ်လော့။
၂၀ ငါ့လက်ယာလက်ပေါ်မှာ သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခုံ ခုနစ်ခုံတို့၏ မြင့်မြတ်သော လျှို့ဝှက်ချက်ဟူမူကား ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ခု၏ စေတမန်များကို ဆိုလိုပြီး မီးခုံခုနစ်ခုံမှာ အသင်းတော်ခုနစ်ခုကို ဆိုလို၏။