ဗျာဒိတ် ၁၂:၁-၁၇

၁၂  ထို့နောက် ကောင်းကင်၌ နိမိတ်လက္ခဏာကြီးတစ်ရပ်ကို မြင်ရ၏။ မိန်းမတစ်ဦးသည် နေကိုဝတ်ဆင်လျက် လကို ခြေဖြင့်နင်း၍ ကြယ်တစ်ဆယ့်နှစ်လုံးပါသည့် သရဖူကို ခေါင်းပေါ်တွင် ဆောင်းထား၏။ ၂  သူသည် ကိုယ်ဝန်ရှိ၍ သားဖွားခြင်းဝေဒနာကြောင့် နာကျင်လျက် အော်ဟစ်နေ၏။ ၃  ထို့နောက် ကောင်းကင်၌ အခြားနိမိတ်လက္ခဏာတစ်ရပ်ကို မြင်ရ၏။ ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းရှိသော မီးနီရောင် နဂါးကြီးတစ်ကောင်သည် ခေါင်းများပေါ်တွင် သရဖူခုနစ်လုံးကို ဆောင်းထား၏။ ၄  ထိုနဂါးသည် ကောင်းကင်ကြယ် သုံးပုံတစ်ပုံကို အမြီးဖြင့်ဆွဲငင်၍ မြေကြီးပေါ်သို့ ချလေ၏။ နဂါးသည် သားဖွားလုနီးသော မိန်းမရှေ့တွင် ရပ်နေ၏။ ထိုမိန်းမ သားဖွားသည်နှင့် ကလေးကို ဝါးမျိုရန်ဖြစ်၏။ ၅  ထိုမိန်းမသည် လူမျိုးအပေါင်းတို့ကို သံလှံတံဖြင့် ထိန်းကျောင်းမည့် သားယောက်ျားကို ဖွားမြင်၏။ သူ၏ကလေးသည် ဘုရားသခင်နှင့် ပလ္လင်တော်ထံသို့ ချီယူခံရ၏။ ၆  ထိုမိန်းမသည် ရက်ပေါင်း တစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင် ကျွေးမွေးခံရရန် တောအရပ်တွင် သူ့အတွက် ဘုရားသခင် ပြင်ဆင်ထားတော်မူသောနေရာသို့ ထွက်ပြေးလေ၏။ ၇  ထို့နောက် ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးနှင့် တိုက်ခိုက်ကြ၏။ နဂါးနှင့် သူ၏ကောင်းကင်တမန်များလည်း ပြန်တိုက်ခိုက်ကြ၏။ ၈  သို့သော် နဂါးသည် ရှုံးနိမ့်သွား၏။ ကောင်းကင်တွင် သူတို့နေစရာလည်း မရှိတော့။ ၉  သို့ဖြစ်၍ လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ်၊ စာတန်ဟူ၍ ခေါ်ဆိုခံရသူ မူလမြွေ၊ နဂါးကြီးသည် အောက်သို့ ပစ်ချခံရ၏။ သူသည် မြေကြီးပေါ်သို့ ပစ်ချခံရ၏။ သူနှင့်အတူ သူ၏ကောင်းကင်တမန်များလည်း ပစ်ချခံကြရ၏။ ၁၀  ထို့နောက် ကောင်းကင်၌ ကျယ်သောအသံက ဤသို့ဆိုသည်ကို ငါကြား၏။ “ယခုအခါ ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော့်ခရစ်တော်၏ အာဏာတော်သက်ရောက်လေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကို ငါတို့၏ ဘုရားသခင်ရှေ့တော်တွင် နေ့ညမပြတ် စွပ်စွဲသူသည် ပစ်ချခံရပြီ။ ၁၁  သူတို့သည် သိုးသငယ်၏ အသွေးတော်ကြောင့်လည်းကောင်း၊ မိမိတို့သက်သေခံသော တရားစကားတော်ကြောင့်လည်းကောင်း သူ့ကိုအောင်မြင်ခဲ့ပြီ။ သူတို့သည် သေဘေးနှင့် ရင်ဆိုင်ရသည့်တိုင် မိမိတို့အသက်*ကို မနှမြောကြ။ ၁၂  ထို့ကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့၊ ဝမ်းမြောက်ကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိအချိန် တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာဖြင့် သင်တို့ထံသို့ ဆင်းလေပြီ။” ၁၃  နဂါးသည် မြေကြီးပေါ်သို့ ပစ်ချခံရသည်ကို သိမြင်သောအခါ သားယောက်ျားကို ဖွားမြင်သော မိန်းမအား နှိပ်စက်ညှဉ်းပန်းလေ၏။ ၁၄  သို့သော်၊ မိန်းမသည် မိမိ၏နေရာ တောအရပ်သို့ ပျံသန်းသွားနိုင်ရန် လင်းယုန်ကြီး၏ အတောင်နှစ်ဖက်ကို ရ၏။ ထိုအရပ်တွင် သူသည် မြွေနှင့်လွတ်ကင်း၍ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ကျွေးမွေးခံရ၏။ ၁၅  ထိုအခါ မြွေသည် မိန်းမအား ရေနစ်သေစေရန် မိမိ၏ခံတွင်းမှရေကို မြစ်ရေသဖွယ် မိန်းမနောက်သို့ မှုတ်ထုတ်လေ၏။ ၁၆  သို့သော် မြေကြီးသည် မိမိ၏ခံတွင်းကိုဖွင့်၍ နဂါး၏ခံတွင်းမှ မှုတ်ထုတ်လိုက်သော မြစ်ရေကို မျိုချပြီး မိန်းမအား ကယ်လိုက်၏။ ၁၇  ထိုအခါ နဂါးသည် မိန်းမကို အမျက်ထွက်သဖြင့် မိန်းမ၏အမျိုးအနွယ်ထဲမှ ကျန်ကြွင်းသူများတည်းဟူသော ဘုရားသခင်၏ပညတ်တော်များကို စောင့်ရှောက်၍ ယေရှုအကြောင်း သက်သေခံသောသူများကို စစ်တိုက်ရန် ထွက်သွား၏။

အောက်ခြေမှတ်ချက်များ

ဗ ၁၂:၁၁ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။