ဗျာဒိတ် ၁၃:၁-၁၈
၁၃ ထို့နောက် နဂါးသည် ပင်လယ်သဲသောင်ပြင်ပေါ်တွင် ရပ်နေ၏။
ထိုအခါ ချိုဆယ်ချောင်းနှင့် ခေါင်းခုနစ်လုံးရှိသော သားရဲတစ်ကောင်သည် ပင်လယ်ထဲမှ တက်လာသည်ကို ငါမြင်၏။ ထိုသားရဲ၏ ချိုများပေါ်တွင် သရဖူဆယ်လုံး ဆောင်းထားပြီး ခေါင်းများပေါ်တွင် ဘုရားသခင်ကိုစော်ကားသော အမည်များရှိ၏။
၂ ငါမြင်သော သားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြေတို့သည် ဝက်ဝံခြေနှင့်တူ၏။ နှုတ်သည် ခြင်္သေ့နှုတ်နှင့်တူ၏။ နဂါးသည် သားရဲအား တန်ခိုး၊ ပလ္လင်နှင့် ကြီးမားသောအာဏာတို့ကို ပေး၏။
၃ သားရဲ၏ ခေါင်းတစ်လုံးသည် အသေသတ်ခြင်းခံရသကဲ့သို့ ဖြစ်သည်ကို ငါမြင်၏။ သို့သော် သေလောက်သော ထိုဒဏ်ချက်သည် ပျောက်ကင်းလေ၏။ မြေကြီးသားရှိသမျှတို့သည် အံ့သြကြည်ညိုလျက် သားရဲနောက်သို့ လိုက်ကြ၏။
၄ နဂါးသည် သားရဲကို အာဏာပေးသောကြောင့် နဂါးကို လူတို့ကိုးကွယ်ကြ၏။ “မည်သူသည် ဤသားရဲနှင့် တူသနည်း။ မည်သူသည် သားရဲနှင့်စစ်တိုက်နိုင်သနည်း” ဟူသောစကားဖြင့် သားရဲကိုလည်း ကိုးကွယ်ကြ၏။
၅ ထိုသားရဲကို ကြီးကျယ်သောစကားနှင့် ဘုရားသခင်အား စော်ကားသောစကားများပြောသည့် နှုတ်ကိုလည်းကောင်း၊ လေးဆယ့်နှစ်လတိုင် လုပ်ပိုင်သော အခွင့်အာဏာကိုလည်းကောင်း ပေး၏။
၆ သားရဲသည် နှုတ်ကိုဖွင့်ကာ ဘုရားသခင်အား စော်ကားသော စကားများဖြင့် နာမတော်နှင့် စံမြန်းရာအရပ်ကိုသာမက ကောင်းကင်သားတို့ကိုပါ စော်ကားလေ၏။
၇ သန့်ရှင်းသူတို့အား တိုက်ခိုက်၍ အောင်မြင်သောအခွင့်ကိုလည်းကောင်း၊ လူမျိုးနွယ်၊ လူစု၊ ဘာသာစကားနှင့် လူမျိုးရှိသမျှတို့အပေါ် အခွင့်အာဏာကိုလည်းကောင်း သားရဲကို ပေး၏။
၈ မြေကြီးသားအပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြလိမ့်မည်။ လောကတည်ချိန်မှစ၍ ထိုသူတို့ထဲမှ တစ်ယောက်မျှ အသတ်ခံရသောသိုးသငယ်၏ အသက်စာလိပ်တွင် အမည်စာရင်း မဝင်ကြ။
၉ နားရှိသော သူသည် ကြားပါစေ။
၁၀ သုံ့ပန်းဖြစ်ရမည့်သူသည် သုံ့ပန်းအဖြစ် အဖမ်းခံရမည်။ ဓားဖြင့် သတ်မည့်သူသည် ဓားဖြင့်အသတ်ခံရမည်။ ဤတွင် သန့်ရှင်းသူတို့သည် ခံနိုင်ရည်နှင့် ယုံကြည်ခြင်းရှိရမည်ဟု ဆိုလို၏။
၁၁ ထို့နောက် အခြားသားရဲတစ်ကောင်သည် မြေကြီးထဲက တက်လာသည်ကို ငါမြင်၏။ ထိုသားရဲသည် သိုးသငယ်ကဲ့သို့ ချိုနှစ်ချောင်းရှိပြီး နဂါးကဲ့သို့ စကားပြောစပြု၏။
၁၂ ထိုသားရဲသည် ပထမသားရဲ၏ အခွင့်အာဏာရှိသမျှကို သူ့ရှေ့၌ သုံးစွဲ၏။ သေလောက်သောဒဏ်ချက် ပျောက်ကင်းခဲ့သည့် ပထမသားရဲကို မြေကြီးနှင့် မြေကြီးသားတို့အား ကိုးကွယ်စေ၏။
၁၃ ကြီးစွာသော နိမိတ်လက္ခဏာများကိုပြ၏။ လူသားတို့ရှေ့၌ ကောင်းကင်မှ မြေကြီးပေါ်သို့ မီးကျစေ၏။
၁၄ ထိုသားရဲသည် ပထမသားရဲရှေ့တွင် ပြပိုင်ခွင့်ရသော နိမိတ်လက္ခဏာများဖြင့် မြေကြီးသားတို့ကို လမ်းလွဲစေ၏။ တစ်ချိန်တည်းတွင် ဓားဒဏ်ချက်ရသော်လည်း မသေဘဲရှင်ကျန်သော သားရဲ၏ရုပ်တုကို မြေကြီးသားတို့အား ထုလုပ်စေ၏။
၁၅ ထိုသားရဲသည် ပထမသားရဲ၏ရုပ်တုကို အသက်သွင်းပေးခွင့်ရ၏။ ထို့ကြောင့် သားရဲ၏ရုပ်တုသည် စကားပြောနိုင်ရုံမက မိမိကို မည်သည့်နည်းဖြင့်မျှ မကိုးကွယ်သောသူ ရှိသမျှတို့ကို သေစေနိုင်၏။
၁၆ ထိုသားရဲသည် ကြီးသူနှင့် ငယ်သူ၊ ချမ်းသာသူနှင့် ဆင်းရဲသူ၊ ကျွန်နှင့် လွတ်လပ်သူမှစ၍ ရှိသမျှလူတို့ကို လက်ယာလက်တွင်ဖြစ်စေ၊ နဖူးပေါ်တွင်ဖြစ်စေ အတင်းအကျပ် အမှတ်တံဆိပ်ရိုက်နှိပ်၏။
၁၇ သားရဲ၏အမည် သို့မဟုတ် ထိုအမည်၏ ကိန်းဂဏန်းတည်းဟူသော အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားသူမှတစ်ပါး မည်သူမျှ ရောင်းဝယ်ခွင့် မရ။
၁၈ ဤတွင် ဉာဏ်ပညာရှိရန် လို၏။ ဉာဏ်ရှိသူသည် သားရဲ၏ကိန်းဂဏန်းကို တွက်ချက်ပါစေ။ အကြောင်းမူကား ထိုကိန်းဂဏန်းသည် လူ၏ကိန်းဂဏန်းဖြစ်၏။ ခြောက်ရာခြောက်ဆယ့်ခြောက် ဖြစ်၏။