ဗျာဒိတ် ၁၅:၁-၈

၁၅  ထို့နောက်၊ ကောင်းကင်၌ ကြီးမြတ်၍ အံ့ဖွယ်ကောင်းသည့် အခြားနိမိတ်လက္ခဏာတစ်ရပ်ကို ငါမြင်၏။ ကပ်ဘေးခုနစ်ပါးကို ကိုင်ဆောင်သည့် ကောင်းကင်တမန် ခုနစ်ပါးဖြစ်၏။ ထိုကပ်ဘေးတို့သည် နောက်ဆုံးကပ်ဘေးများ ဖြစ်ကြ၏။ အကြောင်းမူကား ထိုကပ်ဘေးတို့အားဖြင့် ဘုရားသခင်၏ အမျက်တော်သည် ပြီးငြိမ်းတော်မူ၏။ ၂  ထိုအခါ မီးနှင့်ရောသော ဖန်ရေကန်နှင့်တူသည့်အရာကိုလည်းကောင်း၊ သားရဲနှင့် သူ၏ရုပ်တု၊ သူ့အမည်၏ကိန်းဂဏန်းတို့မှ လွတ်မြောက်အောင်မြင်သူများကိုလည်းကောင်း ငါမြင်၏။ သူတို့သည် ဘုရားသခင်၏ စောင်းတော်များကိုကိုင်လျက် ဖန်ရေကန်အနီး၌ ရပ်နေကြ၏။ ၃  သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်၏သီချင်းကို သီဆိုလျက် ဤသို့ဆို၏။ “အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်၊ ကိုယ်တော်၏ အမှုတော်တို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ ထာဝရဘုရင်၊ ကိုယ်တော်၏ နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍ ဟုတ်မှန်ပါ၏။ ၄  ယေဟောဝါဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင် သစ္စာစောင့်သိတော်မူသောကြောင့် အဘယ်သူသည် ကိုယ်တော်အား အမှန်မကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ နေနိုင်ပါမည်နည်း။ အကြောင်းမူကား ကိုယ်တော်၏ ဖြောင့်မတ်သော အမိန့်တော်များသည် ထင်ရှားပြီဖြစ်၍ လူမျိုးအပေါင်းတို့သည် ရှေ့တော်သို့လာ၍ ကိုးကွယ်ကြပါလိမ့်မည်။” ၅  ဤအရာများပြီးနောက် ငါကြည့်သော် ကောင်းကင်ဘုံတွင် သက်သေခံတဲတော်၏ အသန့်ရှင်းဆုံးဌာန ပွင့်လာသည်ကို မြင်၏။ ၆  ကပ်ဘေးခုနစ်ပါးကို ကိုင်ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးသည် စင်ကြယ်တောက်ပြောင်သော ချည်ထည်ကို ဝတ်ဆင်လျက်၊ ရင်တွင် ရွှေရင်စည်းများ စည်းလျက် အသန့်ရှင်းဆုံးဌာနမှ ထွက်လာကြ၏။ ၇  သက်ရှိသတ္တဝါလေးပါးအနက် တစ်ပါးသည် အစဉ်ထာဝရ အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်နှင့်ပြည့်သည့် ရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန် ခုနစ်ပါးအား ပေး၏။ ၈  ထိုအခါ အသန့်ရှင်းဆုံးဌာနသည် ဘုရားသခင်၏ဘုန်းတော်နှင့် တန်ခိုးတော်ကြောင့် မီးခိုးနှင့် ပြည့်လျက်ရှိ၏။ ကောင်းကင်တမန် ခုနစ်ပါး၏ ကပ်ဘေးခုနစ်ပါး မပြီးမချင်း မည်သူမျှ အသန့်ရှင်းဆုံးဌာနထဲသို့ မဝင်နိုင်။

အောက်ခြေမှတ်ချက်များ