ဗျာဒိတ် ၁၇:၁-၁၈

၁၇  ထို့နောက် ဖလားခုနစ်လုံးကိုင်သော ကောင်းကင်တမန်ခုနစ်ပါးမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် ဤသို့ဆို၏။ “လာလော့။ ရေများပေါ်ထိုင်သော ပြည့်တန်ဆာကြီး ခံရသည့် အပြစ်ဒဏ်ကို သင့်အား ငါပြမည်။ ၂  မြေကြီးဘုရင်တို့သည် သူနှင့်မတရားမေထုန် ကျူးလွန်၍ မြေကြီးသားတို့သည်လည်း သူ၏မတရားမေထုန်ဝိုင်ဖြင့် မူးယစ်ကြ၏။” ၃  ထို့နောက် သူသည် စွမ်းအားတော်ဖြင့် ငါ့ကို တောအရပ်သို့ ဆောင်သွား၏။ ငါသည် နီမြန်းသော သားရဲတစ်ကောင်ပေါ် ထိုင်နေသည့် မိန်းမတစ်ဦးကို မြင်၏။ ထိုသားရဲသည် ဘုရားသခင်ကို စော်ကားသော အမည်များဖြင့်ပြည့်၍ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၏။ ၄  ထိုမိန်းမသည် ခရမ်းရောင်အထည်နှင့် နီမြန်းသောအထည်များကို ဝတ်ဆင်လျက် ရွှေ၊ ကျောက်မျက်နှင့် ပုလဲတန်ဆာများကို ဆင်မြန်းထား၏။ သူသည် မိမိမတရားမေထုန်၏ ရွံရှာဖွယ်ရာများ၊ ညစ်ညမ်းရာများနှင့်ပြည့်သော ရွှေဖလားကို လက်ထဲ၌ ကိုင်ထား၏။ ၅  သူ၏နဖူးပေါ်တွင် “ပြည့်တန်ဆာများနှင့် မြေကြီးပေါ်ရှိ ရွံရှာဖွယ်ရာများ၏ အမိ၊ မဟာဗာဗုလုန်” ဟူ၍ လျှို့ဝှက်နက်နဲသည့် အမည်ကို ရေးထိုးထား၏။ ၆  ထိုမိန်းမသည် သန့်ရှင်းသူတို့၏သွေး၊ ယေရှု၏ သက်သေခံတို့၏သွေးဖြင့် မူးယစ်နေသည်ကို ငါမြင်၏။ ငါသည် သူ့ကိုမြင်သောအခါ အလွန့်အလွန်အံ့သြမိ၏။ ၇  ထို့ကြောင့် ကောင်းကင်တမန်က ငါ့ကို ဤသို့ဆို၏။ “အဘယ်ကြောင့် အံ့သြသနည်း။ ထိုမိန်းမနှင့် သူထိုင်နေသော ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းရှိ သားရဲနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲရာကို ငါပြောပြမည်။ ၈  သင်မြင်သော သားရဲသည် တစ်ချိန်က ရှိခဲ့သော်လည်း ယခုမရှိ၊ သို့သော် မကြာမီ တွင်းနက်ကြီးထဲမှ တက်လာပြီး ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ တစ်ချိန်က ရှိခဲ့သော်လည်း ယခုမရှိ၊ သို့သော် မကြာမီ ပြန်ပေါ်လာမည့် ထိုသားရဲကို မြေကြီးသားတို့ မြင်သောအခါ ကြည်ညိုလျက် အံ့သြကြလိမ့်မည်။ သို့သော် ထိုသူတို့၏ အမည်များသည် ဤလောကတည်ချိန်မှစ၍ အသက်စာလိပ်တွင် ရေးသားထားခြင်းမရှိ။ ၉  “ဤတွင် ဉာဏ်ပညာရှိရန် လို၏။ ခေါင်းခုနစ်လုံးသည် ထိုမိန်းမထိုင်သော တောင်ခုနစ်လုံးကို ဆိုလို၏။ ၁၀  ဘုရင်ခုနစ်ပါးလည်းရှိ၏။ ငါးပါးကျပြီ၊ တစ်ပါးရှိ၏။ အခြားတစ်ပါးမှာ ရောက်မလာသေး။ ရောက်လာသောအခါ တစ်ခဏသာ တည်ရလိမ့်မည်။ ၁၁  တစ်ချိန်က ရှိခဲ့သော်လည်း ယခုမရှိသော သားရဲကိုယ်နှိုက်သည် အဋ္ဌမဘုရင်လည်းဖြစ်၏။ သို့သော် ခုနစ်ပါးထဲမှ ပေါ်ထွက်လာပြီးလျှင် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ ၁၂  “သင်မြင်သော ချိုဆယ်ချောင်းသည် နိုင်ငံကိုမရသေးသော ဘုရင်ဆယ်ပါးကို ဆိုလို၏။ သို့သော် သူတို့သည် သားရဲနှင့်အတူ တစ်နာရီမျှ ဘုရင့်အာဏာကို ရကြ၏။ ၁၃  သူတို့သည် အကြံတစ်ခုတည်းရှိသဖြင့် မိမိတို့၏တန်ခိုးနှင့် အာဏာကို သားရဲအား ပေးကြ၏။ ၁၄  ထိုသူတို့သည် သိုးသငယ်နှင့် စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်သည် သခင်တကာတို့၏သခင်၊ ဘုရင်တကာတို့၏ဘုရင် ဖြစ်သောကြောင့် သူတို့ကို အောင်မြင်လိမ့်မည်။ ကိုယ်တော်နှင့်အတူ ခေါ်ယူရွေးကောက်တော်မူခြင်း ခံရသော သစ္စာရှိသူတို့လည်း အောင်မြင်ကြလိမ့်မည်။” ၁၅  ကောင်းကင်တမန်က ငါ့ကို ဤသို့ဆို၏။ “သင်မြင်သော ပြည့်တန်ဆာထိုင်နေသည့် ရေများသည် လူစုများ၊ လူအုပ်များ၊ လူမျိုးများနှင့် ဘာသာစကားများကို ဆိုလို၏။ ၁၆  သင်မြင်သော သားရဲနှင့် ချိုဆယ်ချောင်းတို့သည် ပြည့်တန်ဆာကို မုန်းလိမ့်မည်။ သူ့ကို ပျက်ပြုန်းစေ၍ အဝတ်အချည်းစည်း ရှိစေလျက် သူ၏အသားကို စားပြီးလျှင် သူ့ကို လုံးလုံး မီးရှို့ပစ်လိမ့်မည်။ ၁၇  အကြောင်းမူကား ဘုရားသခင်သည် မိမိ၏အကြံတော်ကို ဖော်ဆောင်ရန် သူတို့၏နှလုံးထဲသို့ အကြံသွင်းတော်မူ၏။ ဘုရားသခင်၏တရားစကားတော် ဖြစ်မြောက်သည်တိုင်အောင် သားရဲကို သူတို့၏နိုင်ငံပေးခြင်းဖြင့် သူတို့၏ တစ်ခုတည်းသောအကြံကို ဖော်ဆောင်စေတော်မူ၏။ ၁၈  သင်မြင်သော မိန်းမသည် မြေကြီးပေါ်မှ ဘုရင်များကို အုပ်စိုးသောနိုင်ငံရှိသည့် မြို့ကြီးကို ဆိုလို၏။”

အောက်ခြေမှတ်ချက်များ