ဗျာဒိတ် ၂၀:၁-၁၅

၂၀  ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် လက်ထဲ၌ တွင်းနက်ကြီး၏သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်မှ ဆင်းလာသည်ကို ငါမြင်၏။ ၂  သူသည် မာရ်နတ် စာတန်ဖြစ်သူ မူလမြွေ နဂါးကြီးကို ဖမ်းဆီး၍ အနှစ်တစ်ထောင် ချည်နှောင်လေ၏။ ၃  ထိုအနှစ်တစ်ထောင် မကုန်မချင်း လူမျိုးတို့ကို နောက်တစ်ဖန် မလှည့်ဖြားနိုင်စေရန် ကောင်းကင်တမန်သည် သူ့ကို တွင်းနက်ကြီးထဲသို့ ပစ်ချ၍ တွင်းကို ပိတ်ပြီးလျှင် တံဆိပ်ခတ်လေ၏။ ဤအရာများပြီးနောက် သူ့ကို တစ်ခဏ လွှတ်ရလိမ့်မည်။ ၄  ထို့နောက် ပလ္လင်များကို ငါမြင်၏။ ထိုပလ္လင်များပေါ်တွင် ထိုင်နေသူများလည်းရှိ၏။ တရားစီရင်ခြင်း တန်ခိုးအာဏာကို သူတို့အား အပ်နှင်းတော်မူ၏။ မှန်ပေ၏၊ ယေရှုအကြောင်း သက်သေခံခြင်း၊ ဘုရားသခင်အကြောင်း ဟောပြောခြင်းကြောင့်လည်းကောင်း၊ သားရဲကိုဖြစ်စေ၊ သားရဲ၏ ရုပ်တုကိုဖြစ်စေ မကိုးကွယ်၊ နဖူးနှင့်လက်ပေါ်တွင် အမှတ်တံဆိပ်ကို မခံခြင်းကြောင့်လည်းကောင်း ပုဆိန်ဖြင့် ကွပ်မျက်ခံရသောသူတို့ကို ငါမြင်၏။ သူတို့သည် အသက်ရှင်လာပြီး ဘုရင်များအဖြစ် ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင် အုပ်စိုးကြ၏။ ၅  (ကျန်ကြွင်းသော လူသေတို့သည် ထိုအနှစ်တစ်ထောင် မကုန်မီ အသက်ရှင်မလာကြ။) ဤကား ပထမထမြောက်ခြင်းပင်ဖြစ်၏။ ၆  ပထမထမြောက်ခြင်း၌ ပါဝင်သောသူ မည်သူမဆို ပျော်ရွှင်၏၊ သန့်ရှင်း၏။ ဒုတိယသေခြင်းသည် သူတို့အပေါ် အခွင့်အာဏာမရှိ။ သူတို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များ ဖြစ်ကြလိမ့်မည်။ ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ် အနှစ်တစ်ထောင် အုပ်စိုးရလိမ့်မည်။ ၇  ထိုအနှစ်တစ်ထောင် ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် စာတန်သည် ထောင်ထဲမှ လွတ်လာလိမ့်မည်။ ၈  သူသည် ဂေါဂနှင့်မာဂေါဂ တည်းဟူသော မြေကြီး၏လေးမျက်နှာမှ ထိုလူမျိုးများကို လှည့်ဖြားရန် ထွက်သွား၍ သူတို့အား စစ်ပွဲသို့ စုရုံးစေလိမ့်မည်။ ထိုသူတို့၏ အရေအတွက်သည် သမုဒ္ဒရာသဲလုံးတမျှ ဖြစ်၏။ ၉  သူတို့သည် မြေကြီးအနှံ့အပြားသို့ ချီတက်လာပြီးလျှင် သန့်ရှင်းသူတို့၏စခန်းနှင့် မြတ်နိုးတော်မူသောမြို့ကို ဝိုင်းကြ၏။ သို့သော် ကောင်းကင်မှမီးကျ၍ သူတို့ကို ဝါးမျိုဖျက်ဆီးလေ၏။ ၁၀  သူတို့ကို လှည့်ဖြားသောသူ မာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင် ရောက်နှင့်သည့် ကန့်မီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် အစဉ်ထာဝရ နေ့ညမပြတ် ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။ ၁၁  ထို့နောက် ပလ္လင်ဖြူကြီးနှင့် ၎င်းပေါ်တွင် ထိုင်နေတော်မူသောအရှင်ကို ငါမြင်၏။ မြေကြီးနှင့် ကောင်းကင်သည် ရှေ့တော်မှ ပျောက်လွင့်၍ ၎င်းတို့အတွက် နေရာမရှိတော့။ ၁၂  ထို့နောက် သေလွန်သူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ ရပ်နေသည်ကိုလည်းကောင်း၊ စာလိပ်များဖွင့်ထားသည်ကိုလည်းကောင်း ငါမြင်၏။ အခြားစာလိပ်တစ်လိပ်ကိုလည်း ဖွင့်ထား၏။ ၎င်းမှာ အသက်စာလိပ်ဖြစ်၏။ သေလွန်သူတို့သည် စာလိပ်များတွင် ရေးထားချက်များနှင့်အညီ မိမိတို့အကျင့်များအတိုင်း တရားစီရင်ခြင်း ခံရ၏။ ၁၃  ပင်လယ်သည် မိမိ၌ရှိသောသေလွန်သူများကို ပေးအပ်၏။ သေခြင်းနှင့် သင်္ချိုင်း*တို့လည်း မိမိတို့၌ရှိသော သေလွန်သူများကို ပေးအပ်ကြ၏။ ထိုသူတို့သည် မိမိတို့အကျင့်များအတိုင်း တစ်ဦးချင်း တရားစီရင်ခြင်း ခံရ၏။ ၁၄  ထို့နောက် သေခြင်းနှင့် သင်္ချိုင်းတို့သည် မီးအိုင်ထဲသို့ ပစ်ချခံရ၏။ ထိုမီးအိုင်သည် ဒုတိယသေခြင်းကို ဆိုလို၏။ ၁၅  ထို့ပြင် အသက်စာစောင်၌ အမည်စာရင်း မဝင်သူ ရှိသမျှတို့သည်လည်း မီးအိုင်ထဲသို့ ပစ်ချခံရ၏။

အောက်ခြေမှတ်ချက်များ

ဗ ၂၀:၁၃ ဂရိ၊ “ဟေးဒီးစ်။” နောက်ဆက်တွဲ ၉ ရှု။