ဗျာဒိတ် ၂၁:၁-၂၇

၂၁  ထို့နောက် ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုငါမြင်၏။ အကြောင်းမူကား ယခင်ကောင်းကင်နှင့် ယခင်မြေကြီးသည် ကွယ်ပျောက်သွားပြီး ပင်လယ်လည်း မရှိတော့။ ၂  သန့်ရှင်းသောမြို့တော် တည်းဟူသော ဂျေရုဆလင်မြို့သစ်သည် ခင်ပွန်းအတွက် တန်ဆာဆင်ယင်ထားသည့် သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော် ကောင်းကင်ဘုံမှ ဆင်းလာသည်ကို ငါမြင်၏။ ၃  ထိုအခါ ပလ္လင်တော်မှ ကျယ်သောအသံက ဤသို့ဆိုသည်ကို ငါကြား၏။ “ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူ နေတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။ ၄  ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။” ၅  ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအရှင်က “ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ၏” ဟုမိန့်တော်မူ၏။ ထို့ပြင် ကိုယ်တော်က “ရေးထားလော့။ အကြောင်းမူကား ဤစကားတို့သည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏” ဟုမိန့်တော်မူ၏။ ၆  ထို့နောက် ကိုယ်တော်က ငါ့အား ဤသို့မိန့်တော်မူပြန်၏။ “အမှုပြီးပြီ။ ငါသည် အာလဖနှင့် ဩမေဃ၊ အစနှင့်အဆုံးဖြစ်၏။ ငါသည် ရေငတ်သူမှန်သမျှအား အသက်စမ်းရေကို အခမဲ့ပေးမည်။ ၇  အောင်မြင်သောသူမှန်သမျှ ဤအရာများကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင် ဖြစ်မည်။ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်။ ၈  သို့သော် ကြောက်တတ်သူများ၊ ယုံကြည်ခြင်းကင်းမဲ့သူများ၊ ညစ်ညမ်း၍ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ မတရားမေထုန်ပြုသူများ၊ နတ်ဆိုးပညာလိုက်စားသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူရှိသမျှတို့၏ဝေစုသည် မီးနှင့်ကန့် လောင်ကျွမ်းသောအိုင်ထဲ၌ရှိ၏။ ဤကား ဒုတိယသေခြင်းကို ဆိုလို၏။” ၉  နောက်ဆုံးကပ်ဘေး ခုနစ်ပါးဖြင့်ပြည့်သည့် ဖလားခုနစ်လုံးကိုကိုင်သော ကောင်းကင်တမန်ခုနစ်ပါးမှ တစ်ပါးသည် လာ၍ ငါ့အား “ဤနေရာသို့လာလော့။ သိုးသငယ်၏ဇနီး သတို့သမီးကို သင့်အားငါပြမည်” ဟုဆို၏။ ၁၀  သူသည် စွမ်းအားတော်ဖြင့် မြင့်မားသောတောင်ကြီးတစ်လုံးသို့ ငါ့ကိုဆောင်သွားပြီး ဘုရားသခင့်အထံတော် ကောင်းကင်ဘုံမှ ဆင်းလာသည့် သန့်ရှင်းသော ဂျေရုဆလင်မြို့ကို ငါ့အားပြ၏။ ၁၁  ထိုမြို့တော်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ဆောင်၏။ ထိုမြို့တော်၏ထွန်းပမှုသည် အလွန်အဖိုးထိုက်သော ကျောက်မျက်ရတနာကဲ့သို့ ဖြစ်၏။ သလင်းကျောက်သဖွယ် ကြည်လင်သော နဂါးသွဲ့ နှင့်တူ၏။ ၁၂  ထိုမြို့တွင် မြင့်မားသော မြို့ရိုးကြီးရှိ၏။ မြို့တံခါး တစ်ဆယ့်နှစ်ပေါက်ရှိပြီး ထိုတံခါးတို့တွင် ကောင်းကင်တမန် တစ်ဆယ့်နှစ်ပါးရှိ၍ အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်၏ အမည်များကို ရေးထား၏။ ၁၃  အရှေ့ဘက်တွင် တံခါးသုံးပေါက်၊ မြောက်ဘက်တွင် တံခါးသုံးပေါက်၊ တောင်ဘက်တွင် တံခါးသုံးပေါက်၊ အနောက်ဘက်တွင် တံခါးသုံးပေါက်စီရှိ၏။ ၁၄  မြို့ရိုးတွင် အုတ်မြစ်ကျောက် တစ်ဆယ့်နှစ်ချပ်ရှိ၏။ ထိုကျောက်များပေါ်တွင် သိုးသငယ်၏တမန်တော် တစ်ဆယ့်နှစ်ပါးတို့၏ အမည်တစ်ဆယ့်နှစ်ခုရှိ၏။ ၁၅  ငါနှင့်စကားပြောသူသည် မြို့တော်၊ မြို့တံခါးများနှင့် မြို့ရိုးကို တိုင်းတာရန် တိုင်းတာစရာအဖြစ် ရွှေကျူရိုးတစ်ချောင်းကို ကိုင်ထား၏။ ၁၆  မြို့တော်သည် စတုရန်းပုံဖြစ်၍ အလျားနှင့်အနံ တူညီ၏။ သူသည် မြို့တော်ကို ကျူရိုးဖြင့်တိုင်းတာရာ ဖာလုံ တစ်သောင်းနှစ်ထောင်* ရှိ၏။ အလျား၊ အနံ၊ အမြင့်တို့သည် တူညီ၏။ ၁၇  သူသည် မြို့ရိုးကိုလည်း တိုင်းတာ၏။ လူတို့၏ အတိုင်းအတာအရ တစ်ရာလေးဆယ့်လေးတောင်ရှိ၍ ကောင်းကင်တမန်၏ အတိုင်းအတာလည်းဖြစ်၏။ ၁၈  မြို့ရိုးအဆောက်အအုံမှာ နဂါးသွဲ့ဖြစ်ပြီး မြို့တော်သည် ကြည်လင်သည့် ဖန်သားကဲ့သို့သော ရွှေစင်ဖြစ်၏။ ၁၉  မြို့ရိုး၏ အုတ်မြစ်တို့သည် ကျောက်မျက်မျိုးစုံဖြင့် စီခြယ်ထား၏။ ပထမအုတ်မြစ်မှာ နဂါးသွဲ့၊ ဒုတိယမှာ နီလာ၊ တတိယမှာ မဟူရာ၊ စတုတ္ထမှာ မြ၊ ၂၀  ပဉ္စမမှာ ကြောင်၊ ဆဋ္ဌမမှာ ကျောက်နီ၊ သတ္တမမှာ ခရုသုလိတ်၊* အဋ္ဌမမှာ မျက်ရွဲ၊ နဝမမှာ ဥဿဖရား၊ ဒသမမှာ ခရုသုပြတ်၊* ဧကာဒသမမှာ ဟိုင်ယာဆင့်*၊ ဒွါဒသမမှာ ဂေါ်မုတ်ဖြစ်၏။ ၂၁  ထို့ပြင် မြို့တံခါးတစ်ခုလျှင် ပုလဲတစ်လုံးဖြင့် ပြုလုပ်ထားသည်ဖြစ်၍ မြို့တံခါး တစ်ဆယ့်နှစ်ခုသည် ပုလဲတစ်ဆယ့်နှစ်လုံး ဖြစ်၏။ မြို့တော်လမ်းမလည်း ကြည်လင်သည့် ဖန်သားကဲ့သို့သော ရွှေစင်ဖြစ်၏။ ၂၂  မြို့တော်ထဲတွင် ဗိမာန်တော်ကို ငါမတွေ့။ အကြောင်းမူကား အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်နှင့် သိုးသငယ်သည် မြို့တော်၏ဗိမာန်တော် ဖြစ်တော်မူ၏။ ၂၃  မြို့တော်သည် နေနှင့်လတို့၏အလင်းကို မလိုအပ်။ အကြောင်းမူကား ဘုရားသခင်၏ ဘုန်းတော်သည် မြို့တော်ကို ထွန်းလင်းစေ၍ သိုးသငယ်သည် မြို့တော်၏မီးခွက် ဖြစ်တော်မူ၏။ ၂၄  လူမျိုးများသည် ထိုမြို့၏အလင်းကို အမှီပြု၍ သွားလာကြလိမ့်မည်။ မြေကြီးဘုရင်တို့သည် မိမိတို့၏ ဘုန်းအသရေကို မြို့တွင်းသို့ ယူဆောင်လာကြလိမ့်မည်။ ၂၅  နေ့အချိန်၌ မြို့တံခါးများကို မည်သည့်အခါမျှ ပိတ်ထားမည်မဟုတ်။ ညအချိန်လည်း လုံးဝရှိမည်မဟုတ်။ ၂၆  သူတို့သည် လူမျိုးများ၏ ဘုန်းအသရေနှင့် ဂုဏ်အသရေတို့ကို ထိုမြို့တွင်းသို့ ယူဆောင်လာကြမည်။ ၂၇  သို့သော် မမြင့်မြတ်သောအရာ မှန်သမျှသည်လည်းကောင်း၊ ရွံရှာဖွယ်အရာကို ပြုကျင့်၍ လိမ်လည်သူ မှန်သမျှသည်လည်းကောင်း မည်သည့်နည်းဖြင့်မျှ ထိုမြို့တွင်းသို့ ဝင်နိုင်မည်မဟုတ်။ သိုးသငယ်၏ အသက်စာလိပ်တွင် စာရင်းဝင်သူများသာလျှင် ဝင်ကြရလိမ့်မည်။

အောက်ခြေမှတ်ချက်များ

ဗ ၂၁:၁၆ ၁၃၇၉ အင်္ဂလိပ်မိုင်။ နောက်ဆက်တွဲ ၁၁ ရှု။
ဗ ၂၁:၂၀ သံလွင်သီးရောင်ကျောက်မျက်။
ဗ ၂၁:၂၀ ပန်းသီးစိမ်းရောင်ကျောက်မျက်။
ဗ ၂၁:၂၀ နက်ပြာရောင်ကျောက်မျက်။