ဗျာဒိတ် ၄:၁-၁၁

 ဤအရာများပြီးနောက် ကောင်းကင်ဘုံ၌ ပွင့်လျက်ရှိသောတံခါးကို ငါမြင်၏။ ငါကြားရသော ဦးဆုံးအသံသည် တံပိုးသံကဲ့သို့ဖြစ်၍ ငါ့အား “ဤနေရာသို့ တက်လာလော့။ နောင်ဖြစ်ရမည့် အမှုအရာများကို ငါပြမည်” ဟုမိန့်ဆို၏။ ၂  ဤအရာများပြီးနောက် ငါသည် ချက်ချင်းပင် ဘုရားသခင့်စွမ်းအားတော် ခံရလေ၏။ ထိုအခါ ကောင်းကင်ဘုံ၌ ပလ္လင်တော်တစ်ခုရှိ၍ အရှင်တစ်ပါးသည် ထိုပလ္လင်ပေါ်တွင် ထိုင်နေတော်မူသည်ကို မြင်လေ၏။ ၃  ထိုင်နေတော်မူသောအရှင်၏ အဆင်းမှာ နဂါးသွဲ့ကျောက်၊ ကျောက်မျက်နီတို့နှင့် တူ၏။ ပလ္လင်တော်၏ပတ်လည်တွင် မြစိမ်းရောင်အဆင်းနှင့်တူသော သက်တံရှိ၏။ ၄  ပလ္လင်တော်၏ပတ်လည်တွင် ပလ္လင်နှစ်ဆယ့်လေးခု ရှိ၏။ ထိုပလ္လင်များပေါ်တွင် အကြီးအကဲ နှစ်ဆယ့်လေးပါး ထိုင်နေသည်ကို ငါမြင်၏။ သူတို့သည် ဝတ်ရုံဖြူကို ဝတ်ဆင်လျက် ခေါင်းပေါ်တွင် ရွှေသရဖူများကို ဆောင်းထားကြ၏။ ၅  ပလ္လင်တော်မှ လျှပ်စီးများ၊ စကားသံများနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ ပလ္လင်တော်ရှေ့တွင် တောက်လောင်နေသော မီးခွက် ခုနစ်လုံးရှိ၏။ ထိုမီးခွက်တို့သည် ဘုရားသခင်၏ စွမ်းအားတော် ခုနစ်ခုကို ဆိုလို၏။ ၆  ပလ္လင်တော်ရှေ့တွင် သလင်းကျောက်ကဲ့သို့သော ဖန်ရေကန်နှင့် တူသည့်အရာ ရှိ၏။ ပလ္လင်တော်၏အလယ်နှင့် ပတ်လည်တွင် သက်ရှိသတ္တဝါလေးပါးရှိ၏။ သူတို့၏ အရှေ့နှင့် အနောက်တွင် မျက်စိများ ပြည့်လျက်ရှိ၏။ ၇  ပထမသက်ရှိသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယသက်ရှိသတ္တဝါသည် နွားပေါက်နှင့်တူ၏။ တတိယသက်ရှိသတ္တဝါသည် လူ့မျက်နှာနှင့်တူသော မျက်နှာရှိ၏။ စတုတ္ထသက်ရှိသတ္တဝါသည် ပျံလျက်နေသော လင်းယုန်နှင့်တူ၏။ ၈  သက်ရှိသတ္တဝါလေးပါးတွင် အတောင်ခြောက်ခုစီရှိ၍ ပတ်လည်နှင့် အတွင်းဘက်၌ မျက်စိများ ပြည့်လျက်ရှိ၏။ သူတို့က “အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏” ဟုနေ့ညမပြတ် မြွက်ဆိုကြ၏။ ၉  ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၍ အစဉ်ထာဝရ အသက်ရှင်သော အရှင်၏ ဘုန်းတော်၊ ဂုဏ်တော်၊ ကျေးဇူးတော်ကို ထိုသက်ရှိသတ္တဝါတို့ ချီးမွမ်းသည့်အခါတိုင်း၊ ၁၀  အကြီးအကဲ နှစ်ဆယ့်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော အရှင်၏ရှေ့တွင် ပျပ်ဝပ်၍ အစဉ်ထာဝရ အသက်ရှင်သောအရှင်ကို ကိုးကွယ်ကြ၏။ သူတို့သည် ပလ္လင်တော်ရှေ့တွင် မိမိတို့၏ သရဖူများကို ချထားလျက်၊ ၁၁  “ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိသည့်အတွက် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကို ရထိုက်တော်မူသည်” ဟုလျှောက်ဆိုကြ၏။

အောက်ခြေမှတ်ချက်များ