မာကု ၁:၁-၄၅
၁ ယေရှုခရစ်အကြောင်း သတင်းကောင်းအစမှာ၊
၂ ပရောဖက်ဟေရှာယကျမ်း၌ ရေးထားသည်နှင့်အညီ “သင်၏လမ်းခရီးကို ပြင်ဆင်မည့် ငါ၏စေတမန်အား သင့်ရှေ့တွင် ငါစေလွှတ်မည်။
၃ တော၌ ကြွေးကြော်သူ၏အသံမှာ ‘ယေဟောဝါ*ဘုရား ကြွလာတော်မူရာလမ်းကို ပြင်ဆင်ကြလော့။ လမ်းခရီးတို့ကို ဖြောင့်စေကြလော့’ ဟူ၍ ဖြစ်၏။”
၄ နှစ်ခြင်းဆရာ ယောဟန်သည် တောအရပ်၌ ပေါ်လာ၍ အပြစ်လွှတ်ခံရဖို့ နောင်တရခြင်း အထိမ်းအမှတ်အဖြစ် နှစ်ခြင်းယူကြရန် ဟောပြောလျက်နေ၏။
၅ ယုဒနယ်တစ်ဝန်းလုံးနှင့် ဂျေရုဆလင် မြို့သူမြို့သားအပေါင်းတို့သည် ယောဟန်ထံသို့သွား၍ မိမိတို့၏အပြစ်များကို ဖော်ပြဝန်ခံလျက် ဂျော်ဒန်မြစ်၌ နှစ်ခြင်းခံကြ၏။
၆ ယောဟန်သည် ကုလားအုတ်မွေးအဝတ်ကို ဝတ်လျက်၊ သားရေခါးပန်းကို စည်းကာ ကျိုင်းကောင်နှင့် တောပျားရည်ကို စားလျက်နေ၏။
၇ သူဟောပြောသည်ကား၊ “ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်၌ ကြွလာလိမ့်မည်။ သူ၏ ဖိနပ်ကြိုးကိုပင် ငါသည် ငုံ့၍ မဖြေထိုက်။
၈ ငါသည် သင်တို့ကို ရေဖြင့်နှစ်ခြင်းပေး၏။ ထိုသူသည် သင်တို့ကို သန့်ရှင်းသောစွမ်းအားတော်*ဖြင့် နှစ်ခြင်းပေးလိမ့်မည်” ဟူ၍ဖြစ်၏။
၉ ထိုကာလအခါ ယေရှုသည် ဂါလိလဲပြည်၊ နာဇရက်မြို့မှ ဂျော်ဒန်မြစ်သို့ ကြွလာ၍ ယောဟန်ထံတွင် နှစ်ခြင်းခံတော်မူ၏။
၁၀ ကိုယ်တော်ရေမှပေါ်ထသည်နှင့် ကောင်းကင်ပွင့်လျက်၊ စွမ်းအားတော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ် ဆင်းသက်သည်ကို မြင်လေ၏။
၁၁ ထိုအခါ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟုကောင်းကင်မှအသံတော် ထွက်ပေါ်လေ၏။
၁၂ ထို့နောက် စွမ်းအားတော်သည် ယေရှုကို တောသို့ ချက်ချင်းထွက်သွားစေတော်မူ၏။
၁၃ ထို့ကြောင့် အရက်လေးဆယ်ပတ်လုံး တော၌နေလျက် စာတန်၏သွေးဆောင်ခြင်းကို ခံရ၍ သားရဲများကြားတွင် နေတော်မူ၏။ သို့သော် ကောင်းကင်တမန်တို့သည် ကိုယ်တော်အားပြုစုကြ၏။
၁၄ ယောဟန်ထောင်ချခံရ ပြီးနောက် ယေရှုသည် ဘုရားသခင်၏ သတင်းကောင်းကို ဟောပြောလျက်၊ ဂါလိလဲပြည်သို့ ကြွတော်မူ၍၊
၁၅ “ချိန်းချက်တော်မူရာ အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးပြီ။ နောင်တရကြလော့။ သတင်းကောင်းကို ယုံကြည်ကြလော့” ဟု ဟောပြောတော်မူ၏။
၁၆ ဂါလိလဲအိုင် ကမ်းခြေတစ်လျှောက် ကြွသွားတော်မူစဉ် တံငါသည် ညီအစ်ကိုနှစ်ဦးဖြစ်သော ရှိမုန်နှင့် သူ၏ညီအန္ဒြေတို့သည် အိုင်တွင် ပိုက်ကွန်ချနေသည်ကို မြင်တော်မူလျှင်၊
၁၇ ယေရှုက “ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့ကို လူဖမ်းသောတံငါသည်များ ဖြစ်စေမည်” ဟုမိန့်တော်မူ၏။
၁၈ သူတို့သည် ပိုက်ကွန်များကို ချက်ချင်းစွန့်၍ နောက်တော်သို့ လိုက်ကြ၏။
၁၉ ထိုနေရာမှ အနည်းငယ်ဆက်သွားသော်၊ ဇေဗေဒဲ၏ သားများဖြစ်သော ယာကုပ်နှင့် ယောဟန်တို့ ညီအစ်ကိုနှစ်ဦးသည် လှေပေါ်တွင် ပိုက်ကွန်များ ဖာထေးနေကြသည်ကို မြင်တော်မူလျှင်၊
၂၀ ချက်ချင်း ခေါ်တော်မူ၏။ ထိုသူတို့သည်လည်း အဖဇေဗေဒဲကို လူငှားတို့နှင့်တကွ လှေပေါ်တွင်ထားခဲ့၍ နောက်တော်သို့ လိုက်ကြ၏။
၂၁ ထို့နောက် သူတို့သည် ကပေရနောင်မြို့သို့ ထွက်သွားကြ၏။
ဥပုသ်နေ့ရောက်သည်နှင့် ကိုယ်တော်သည် တရားဇရပ်သို့ ဝင်၍ သွန်သင်တော်မူ၏။
၂၂ လူတို့သည် ကိုယ်တော်၏ သွန်သင်ပုံကို အလွန်အံ့သြကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကျမ်းတတ်များ*ကဲ့သို့မဟုတ်၊ အာဏာရှိသောသူကဲ့သို့ သွန်သင်တော်မူ၏။
၂၃ ထိုခဏချင်းတွင် ထိုသူတို့၏တရားဇရပ်ရှိ ညစ်ညူးသော နတ်ပူးသူတစ်ဦးသည် ဟစ်အော်၍၊
၂၄ “နာဇရက်မြို့သား ယေရှု၊ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် မည်သို့ဆိုင်သနည်း။ ကျွန်ုပ်တို့ကို ဖျက်ဆီးရန် ကြွလာတော် မူသလော။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းတော်မူသောသူ ဖြစ်သည်ကို ကျွန်ုပ်သိပါ၏” ဟု ဆိုလေ၏။
၂၅ ယေရှုကလည်း “တိတ်ဆိတ်စွာ နေလော့။ သူ့အထဲမှ ထွက်သွားလော့” ဟု ဆိုလျက် ထိုနတ်ကို ဆုံးမတော်မူ၏။
၂၆ ညစ်ညူးသောနတ်သည် ထိုသူကို တုန်တက်စေပြီးမှ ကျယ်လောင်စွာ အော်ဟစ်၍ ထွက်သွား၏။
၂၇ လူအပေါင်းတို့သည် အလွန်အံ့ဩ၍ “ဤအမှုသည် အဘယ်သို့နည်း။ သွန်သင်ခြင်းအသစ်လော။ ညစ်ညူးသော နတ်တို့ကိုပင် အာဏာနှင့်မိန့်တော်မူ၍ သူတို့သည် နာခံကြသည်တကား” ဟုအချင်းချင်းဆွေးနွေး ပြောဆိုကြ၏။
၂၈ ထို့ကြောင့် ကိုယ်တော်၏ သတင်းတော်သည် ဂါလိလဲပြည်အရပ်ရပ်သို့ ချက်ချင်း ပျံ့နှံ့သွားလေ၏။
၂၉ တရားဇရပ်မှ ထွက်ပြီးလျှင် ရှိမုန်နှင့် အန္ဒြေတို့အိမ်သို့ ယာကုပ်၊ ယောဟန်တို့နှင့်အတူ ချက်ချင်းသွားကြ၏။
၃၀ ထိုတွင် ရှိမုန်၏ ယောက္ခမသည် ဖျားနာ၍ လှဲနေသဖြင့် သူ၏ အကြောင်းကို ချက်ချင်း လျှောက်ကြ၏။
၃၁ ကိုယ်တော်သည် သွား၍ ထိုအမျိုးသမီး၏ လက်ကို ကိုင်လျက် ထူတော်မူလျှင် သူသည် အဖျားပျောက်သဖြင့် သူတို့အား ဧည့်ဝတ်ပြုလေ၏။
၃၂ နေဝင်၍ ညဦးယံအချိန်ရောက်လျှင် လူနာနှင့် နတ်ဆိုးပူးသူရှိသမျှကို အထံတော်သို့ ခေါ်ဆောင်ခဲ့၍၊
၃၃ တစ်မြို့လုံးသည် အိမ်တံခါးနားတွင် စုဝေးကြ၏။
၃၄ ထို့ကြောင့် အမျိုးမျိုးသော ရောဂါဝေဒနာစွဲကပ်သူများကို ကျန်းမာစေ၍ နတ်ဆိုးအများကိုလည်း နှင်ထုတ်တော်မူ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း နတ်ဆိုးတို့သိကြသောကြောင့် သူတို့ကို စကားပြောခွင့် ပေးတော်မမူ။
၃၅ ကိုယ်တော်သည် နံနက်စောစော မိုးမလင်းမီ ထပြီးလျှင် လူသူကင်းမဲ့ရာအရပ်သို့ ထွက်ကြွ၍ ဆုတောင်းတော်မူ၏။
၃၆ ရှိမုန်နှင့် သူ၏အပေါင်းပါတို့သည် ကိုယ်တော်ကို လိုက်ရှာ၍၊
၃၇ တွေ့လျှင် “လူအပေါင်းတို့သည် ကိုယ်တော်အား ရှာနေကြပါသည်” ဟုလျှောက်ကြ၏။
၃၈ ကိုယ်တော်ကလည်း “အနီးအနားရှိ အခြားမြို့ရွာများ၌လည်း ဟောပြောရန် သွားကြစို့။ ထိုအတွက် ငါရောက်လာသည်” ဟုမိန့်တော်မူ၏။
၃၉ ထို့နောက် ထွက်သွား၍ ဂါလိလဲပြည်တစ်ဝန်းလုံးရှိ တရားဇရပ်များ၌ ဟောပြောလျက် နတ်ဆိုးတို့ကို နှင်ထုတ်တော်မူ၏။
၄၀ နူနာစွဲသူတစ်ဦးသည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ “ကိုယ်တော်အလိုရှိလျှင် ကျွန်ုပ်ကို သန့်ရှင်းစေနိုင်သည်” ဟုတောင်းပန်လေ၏။
၄၁ ကိုယ်တော်သည် သနားသောစိတ်ရှိသဖြင့် လက်ကိုဆန့်၍ ထိုသူကိုတို့လျက်၊ “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေ” ဟု မိန့်တော်မူ၏။
၄၂ ထိုခဏချင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ ရောက်လေ၏။
၄၃ ထို့နောက် ကိုယ်တော်သည် သူ့ကို ကြပ်တည်းစွာ မှာကြားပြီးနောက် ချက်ချင်း လွှတ်လိုက်လေ၏။
၄၄ “ဤအကြောင်းကို မည်သူ့ကိုမျှ မပြောမိစေနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သန့်ရှင်းခြင်းသို့ ရောက်သည့်အတွက် မောရှေစီရင်သည့်အတိုင်း ပူဇော်သက္ကာကို ဆက်သလော့။ သို့ပြုလျှင် သူတို့အတွက် သက်သေဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
၄၅ ထိုသူသည် ထွက်သွား၍ များစွာပြောကြားသဖြင့် သတင်းပျံ့နှံ့သွားလေ၏။ ထို့ကြောင့် ယေရှုသည် မြို့ထဲသို့ အထင်အရှား မဝင်နိုင်တော့ဘဲ မြို့ပြင် လူသူကင်းမဲ့ရာအရပ်များ၌ နေတော်မူ၏။ သို့တိုင် အရပ်ရပ်မှလူတို့သည် အထံတော်သို့ လာမြဲလာကြ၏။
အောက်ခြေမှတ်ချက်များ
^ ဤဘာသာပြန်ကျမ်းတွင် ‘ယေဟောဝါ’ ဟူသည့် ဘုရားသခင်၏နာမတော် ၂၃၇ ကြိမ်ပါရှိသည့်အနက်မှ တစ်ကြိမ်အပါအဝင်ဖြစ်သည်။ နောက်ဆက်တွဲ ၂ ရှု။
^ ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။
^ မူလက ကျမ်းစာကူးရေးသူကို ဆိုလို၏။ ယေရှုခေတ်တွင်မူ ပညတ်တရားကို တတ်ကျွမ်းပြီး သွန်သင်ပေးသူကို ဆိုလို၏။