မာကု ၁၀:၁-၅၂
၁၀ ထိုအရပ်မှထွက်၍ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှ ယုဒနယ်စပ်သို့ ကြွတော်မူ၏။ လူအုပ်သည် ကိုယ်တော်ထံစုဝေးလာကြသဖြင့် ထုံးစံရှိသည့်အတိုင်း သွန်သင်ပြန်၏။
၂ ဖာရိရှဲတို့သည် ချဉ်းကပ်၍ ယောက်ျားသည် မယားကို ကွာရှင်းအပ်သလောဟု အကဲစမ်းလျက် မေးလျှောက်ကြသော်၊
၃ ကိုယ်တော်က “မောရှေသည် သင်တို့ကို မည်သို့ပညတ်ထားသနည်း” ဟု ပြန်မေးတော်မူ၏။
၄ သူတို့ကလည်း “ဖြတ်စာကိုရေး၍ မယားနှင့် ကွာစေရန် မောရှေခွင့်ပြုပါသည်” ဟု ဆိုကြ၏။
၅ ယေရှုကလည်း “သင်တို့ စိတ်နှလုံးမာကြောသောကြောင့် မောရှေသည် ထိုပညတ်ကို ရေးထား၏။
၆ သို့သော် ဖန်ဆင်းတော်မူစက ‘ဘုရားသခင်သည် ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းတော်မူ၏။
၇ ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကို စွန့်ခွာ၍၊
၈ ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။’ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့၊ တစ်သားတစ်ကိုယ်တည်းဖြစ်၏။
၉ ထို့ကြောင့် ဘုရားသခင် တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်” ဟု မိန့်တော်မူ၏။
၁၀ ထို့နောက် အိမ်၌ရှိနေစဉ် တပည့်တော်တို့သည် ထိုအကြောင်းကို မေးလျှောက်ကြပြန်သော်၊
၁၁ ကိုယ်တော်က “မိမိမယားကို ကွာရှင်း၍ အခြားသူတစ်ဦးကို ထိမ်းမြားသူ မည်သူမဆိုသည် အိမ်ထောင်ရေးဖောက်ပြန်သူ၊ မိမိမယားကို ပြစ်မှားသူ ဖြစ်၏။
၁၂ မိန်းမသည်လည်း မိမိလင်ကို ကွာရှင်းပြီး အခြားသူတစ်ဦးကို ထိမ်းမြားလျှင် အိမ်ထောင်ရေး ဖောက်ပြန်သူဖြစ်၏” ဟုမိန့်တော်မူ၏။
၁၃ ထိုအခါ လူတို့သည် သူငယ်များကို တို့ထိတော်မူစေရန် အထံတော်သို့ ဆောင်ခဲ့ကြရာ တပည့်တော်တို့သည် ထိုသူတို့ကို ပြစ်တင်ပြောဆိုကြ၏။
၁၄ ယေရှုသည် မြင်လျှင် အမျက်ထွက်၍ “ငါ့ထံသို့ ကလေးငယ်များ လာပါလေစေ။ မတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။
၁၅ ငါအမှန်ဆိုသည်ကား၊ မည်သူမဆို ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံယူလျှင် နိုင်ငံတော်သို့ အလျှင်းမဝင်ရကြ” ဟုမိန့်တော်မူ၏။
၁၆ ထို့နောက် သူငယ်တို့ကိုချီပိုက်လျက်၊ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။
၁၇ လမ်းမှာကြွတော်မူစဉ် လူတစ်ဦးသည် အထံတော်သို့ပြေးလာ၍ ဒူးထောက်လျက် “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရန် ကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း” ဟု မေးလျှောက်သော်၊
၁၈ ယေရှုက “ငါ့ကို ကောင်းမြတ်သောသူဟု အဘယ်ကြောင့် ခေါ်သနည်း။ ဘုရားသခင်မှတစ်ပါး ကောင်းမြတ်သောသူ တစ်စုံတစ်ဦးမျှ မရှိ။
၁၉ ‘လူ့အသက်ကို မသတ်နှင့်။ အိမ်ထောင်ရေး မဖောက်ပြန်နှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မှားယွင်းသောသက်သေကို မခံနှင့်။ သူ့ဥစ္စာကို မတရားမယူနှင့်။ မိဘကို ရိုသေသမှုပြုလော့’ ဟူသော ပညတ်များကိုသင်သိသည် မဟုတ်လော” ဟုမိန့်တော်မူ၏။
၂၀ ထိုသူက “ဆရာ၊ ထိုပညတ်ရှိသမျှကို ငယ်သောအရွယ်မှစ၍ ကျွန်ုပ်စောင့်ရှောက်ပါပြီ” ဟု လျှောက်လျှင်၊
၂၁ ယေရှုသည် သူ့ကိုကြည့်လျက် ချစ်သောစိတ်ရှိသဖြင့် “သင်၌ လိုနေသောအရာ တစ်ခုရှိ၏။ သွား၍ ရှိသမျှကိုရောင်းပြီးလျှင် ဆင်းရဲသောသူတို့အား ပေးကမ်းလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့” ဟုမိန့်တော်မူ၏။
၂၂ သူသည် ချမ်းသာကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် ဝမ်းနည်းလျက် ထွက်သွား၏။
၂၃ ယေရှုကလည်း လှည့်ကြည့်၍ တပည့်တော်တို့အား “ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ဝင်ရန် အလွန်ခက်သည်” ဟု မိန့်တော်မူ၏။
၂၄ ထိုစကားကြောင့် တပည့်တော်တို့သည် အံ့သြကြ၏။ တစ်ဖန် ယေရှုက “သားသမီးတို့၊ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရန် အလွန်ခက်၏။
၂၅ ဘုရားသခင်၏ နိုင်ငံတော်သို့ ချမ်းသာကြွယ်ဝသူ ဝင်ခြင်းထက် အပ်နဖားထဲ ကုလားအုပ်လျှိုဝင်ခြင်းက ပို၍လွယ်ကူ၏” ဟု မိန့်တော်မူ၏။
၂၆ ထိုသူတို့သည် သာ၍အံ့သြခြင်းရှိလျက် “သို့ဖြစ်လျှင် ကယ်တင်ခံရမည့်သူ ရှိနိုင်ပါဦးမည်လော” ဟု ကိုယ်တော်အား လျှာက်ဆိုကြ၏။
၂၇ ယေရှုသည် သူတို့ကိုကြည့်လျက် “ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင် မတတ်နိုင်သည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူ၏” ဟုမိန့်တော်မူ၏။
၂၈ ပေတရုက “ကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ” ဟုလျှောက်သော်၊
၂၉ ယေရှုက “ငါအမှန်ဆိုသည်ကား၊ မည်သူမဆို ငါ့နာမနှင့် သတင်းကောင်းကြောင့် အိမ်၊ ညီအစ်ကို မောင်နှမ၊ မိဘ၊ သားသမီး၊ လယ်ယာတည်းဟူသော တစ်ပါးပါးကို စွန့်လျှင်၊
၃၀ ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အဆတစ်ရာသော အိမ်၊ ညီအစ်ကို မောင်နှမ၊ မိဘ၊ သားသမီး၊ လယ်ယာတို့ကို ရမည့်အပြင် အနာဂတ်ကာလ*တွင် ထာဝရအသက်ကိုလည်း ရလိမ့်မည်။
၃၁ သို့ရာတွင် အရင်ကျသောသူ အများသည် နောက်ကျကြလိမ့်မည်။ နောက်ကျသောသူ အများသည် အရင်ကျကြလိမ့်မည်” ဟုမိန့်တော်မူ၏။
၃၂ ဂျေရုဆလင်မြို့သို့ တက်သွားကြရာ ယေရှုသည် တပည့်တော်တို့ရှေ့က ကြွတော်မူ၍ သူတို့သည် အံ့သြကြ၏။ နောက်တော်သို့ လိုက်သောအခြားသူတို့သည်လည်း ကြောက်ရွံ့ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးကို တစ်ဖန်ခေါ်၍ မိမိကြုံရမည့် အမှုအရာများကို မိန့်တော်မူသည်မှာ၊
၃၃ “ငါတို့သည် ဂျေရုဆလင်မြို့သို့ ယခု တက်သွားကြမည်။ လူသားသည် ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများလက်သို့ အပ်နှံခြင်းကို ခံရမည်။ ထိုသူတို့သည် လူသားကို သေဒဏ်စီရင်ကြလိမ့်မည်။ လူမျိုးခြားတို့လက်သို့ အပ်နှံကြလိမ့်မည်။
၃၄ လူသားကို လှောင်ပြောင်ခြင်း၊ တံတွေးထွေးခြင်း၊ ရိုက်ပုတ်ခြင်း၊ အသေသတ်ခြင်းတို့ကို ပြုကြလိမ့်မည်။ သုံးရက်လွန်သော် ထမြောက်လိမ့်မည်” ဟူ၍ဖြစ်၏။
၃၅ ထိုအခါ ဇေဗေဒဲ၏သားနှစ်ဦး ယာကုပ်နှင့် ယောဟန်သည် အထံတော်သို့ချဉ်းကပ်၍ “ဆရာ၊ ကျွန်ုပ်တို့ တောင်းလျှောက်သမျှကို ပြုစေလိုပါသည်” ဟု လျှောက်ကြ၏။
၃၆ ကိုယ်တော်က “သင်တို့အတွက် အဘယ်အရာကို ပြုစေလိုသနည်း” ဟု မေးတော်မူလျှင်၊
၃၇ သူတို့က “ကိုယ်တော်ဘုန်းထင်ရှားသည့်အခါ ကျွန်ုပ်တို့ကို လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက် ထိုင်ခွင့်ပေးတော်မူပါ” ဟု လျှောက်ကြ၏။
၃၈ ယေရှုကလည်း “သင်တို့သည် အဘယ်အရာတောင်းဆိုနေမှန်း မသိကြ။ ငါသောက်သောခွက်ကို သောက်ရန်၊ ငါခံသောနှစ်ခြင်းကိုခံရန် သင်တို့တတ်စွမ်းနိုင်သလော” ဟုမေးတော်မူလျှင်၊
၃၉ သူတို့က “တတ်စွမ်းနိုင်ပါသည်” ဟုဆိုကြ၏။ ထိုအခါ ကိုယ်တော်က “ငါသောက်သောခွက်ကို သင်တို့သောက်ကြရလိမ့်မည်။ ငါခံသော နှစ်ခြင်းကိုလည်း သင်တို့ခံကြရလိမ့်မည်။
၄၀ သို့သော်လည်း ငါ၏လက်ယာဘက်၊ လက်ဝဲဘက်၌ ထိုင်ရသောအခွင့်ကိုမူ ငါပေးပိုင်ခွင့်မရှိ။ ဘုရားသခင် ပြင်ဆင်ပေးထားသူတို့အတွက်သာ ဖြစ်သည်” ဟုမိန့်တော်မူ၏။
၄၁ အခြားသော တပည့်တော်ဆယ်ပါးတို့သည် ကြားလျှင် ယာကုပ်နှင့် ယောဟန်တို့ကို အမျက်ထွက်ကြ၏။
၄၂ သို့သော်ယေရှုသည် သူတို့ကိုခေါ်၍ “လောကအုပ်စိုးရှင်များသည် နိုင်လိုမင်းထက်ပြုတတ်ကြောင်း၊ ကြီးမြတ်သူတို့သည် အာဏာပြတတ်ကြောင်းကို သင်တို့သိကြ၏။
၄၃ သင်တို့မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် ကြီးမြတ်လိုသူ မည်သူမဆို သင်တို့၏အစေကိုခံရမည်။
၄၄ သင်တို့တွင် အထွတ်အမြတ်ဖြစ်ချင်သောသူ သည်လည်း အားလုံး၏ ကျွန်ဖြစ်ရမည်။
၄၅ လူသားပင်လျှင် သူတစ်ပါးကိုစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏ အစေကိုခံ၍ လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်*ကိုစွန့်ရန် ကြွလာတော်မူ၏” ဟု မိန့်တော်မူ၏။
၄၆ ထိုအခါ ဂျေရိခိုမြို့သို့ ဝင်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့မှစ၍ လူအုပ်နှင့်တကွ ဂျေရိခိုမြို့မှ ထွက်ကြွတော်မူစဉ် တိမဲ၏သား ဗာတိမဲ အမည်ရှိသော မျက်မမြင် သူတောင်းစားတစ်ဦးသည် လမ်းဘေးတွင် ထိုင်နေ၏။
၄၇ နာဇရက်မြို့သား ယေရှုရှိကြောင်းကိုကြားလျှင် “ဒါဝိဒ်၏ သားတော်ယေရှု၊ ကျွန်ုပ်ကို သနားတော်မူပါ” ဟု ဟစ်အော်လေ၏။
၄၈ တိတ်ဆိတ်စွာနေရန် လူအများက တားမြစ်ကြသော်လည်း “ဒါဝိဒ်၏ သားတော်၊ ကျွန်ုပ်ကို သနားတော်မူပါ” ဟု သာ၍ ဟစ်ကြော်၏။
၄၉ ထို့ကြောင့် ယေရှုသည် ရပ်လျက် “ထိုသူကို ခေါ်ခဲ့” ဟုမိန့်တော်မူလျှင်၊ သူတို့သည် မျက်မမြင်ကို ခေါ်၍ “အားမငယ်နှင့်။ ထလော့၊ သင့်ကို ခေါ်နေသည်” ဟုဆိုကြ၏။
၅၀ ထိုသူသည် မိမိ၏အပြင်အင်္ကျီကို ပစ်ထားပြီးလျှင် ထခုန်၍ ယေရှုထံ သွားလေ၏။
၅၁ ယေရှုက “သင့်အတွက် အဘယ်အရာ ပြုစေလိုသနည်း” ဟုမေးတော်မူသော် မျက်မမြင်က “ရဗ္ဗိ၊ ကျွန်ုပ်ကို မျက်စိမြင်စေတော်မူပါ” ဟုလျှောက်လေ၏။
၅၂ ယေရှုက “သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ” ဟုမိန့်တော်မူ၏။ ထိုခဏချင်းတွင် သူသည် မျက်စိမြင်၍ နောက်တော်သို့ လိုက်လေ၏။