မာကု ၁၁:၁-၃၃
၁၁ ဂျေရုဆလင်မြို့အနီး၊ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်ကြသော်၊ ကိုယ်တော်သည် တပည့်တော်နှစ်ပါးကို စေလွှတ်၍၊
၂ “ရှေ့တွင်မြင်နေရသော ရွာသို့ သွားကြလော့။ ထိုရွာသို့ ဝင်သည်နှင့် မည်သူမျှမစီးဖူးသေးသော မြည်းကလေး ချည်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်။ မြည်းကို ကြိုးဖြေ၍ ဆောင်ခဲ့ကြ။
၃ တစ်စုံတစ်ဦးက ‘အဘယ်ကြောင့် ဤသို့ပြုသနည်း’ ဟုမေးလျှင်၊ ‘သခင်အလိုရှိသည်။ ချက်ချင်း ပြန်ပို့ပေးမည်’ ဟူ၍ပြောကြလော့” ဟုမိန့်တော်မူ၏။
၄ သူတို့သည်သွား၍ လမ်း၌ အိမ်တံခါးပြင်မှာ ချည်ထားသော မြည်းကလေးကိုတွေ့သော် မြည်းကြိုးကို ဖြေကြ၏။
၅ ထိုတွင် ရပ်နေသူအချို့က “အဘယ်ကြောင့် မြည်းကြိုးကို ဖြေသနည်း” ဟုမေးကြ၏။
၆ ယေရှုမှာထားသည့်အတိုင်း တပည့်တော်တို့သည် ပြန်ပြောကြသဖြင့် ထိုသူတို့သည် ယူသွားခွင့်ပြုကြ၏။
၇ သူတို့သည် မြည်းကလေးကို ယေရှုထံဆောင်ခဲ့၍ မိမိတို့၏ဝတ်လုံများကို မြည်းကလေးပေါ် တင်ကြပြီးလျှင် ကိုယ်တော်သည် မြည်းကိုစီးတော်မူ၏။
၈ လူအများတို့သည် မိမိတို့အဝတ်ကို လမ်းပေါ်တွင် ခင်းကြ၏။ အချို့တို့သည် လယ်ကွင်းမှ သစ်ခက်သစ်လက်များကို ခုတ်ကြ၏။
၉ ရှေ့နောက်လိုက်ပါလာသော လူအုပ်က “ကယ်မတော်မူပါ။ ယေဟောဝါဘုရား၏နာမတော်ဖြင့် ကြွလာသောသူသည် ကောင်းချီးခံစားရပါစေ။
၁၀ တည်ထောင်တော့မည့် ငါတို့အဖဒါဝိဒ်၏ နိုင်ငံတော်အပေါ် ကောင်းချီးသက်ရောက်ပါစေ။ ကောင်းကင်ဘုံရှင်သည် ကယ်မတော်မူပါစေ” ဟူ၍ ကြွေးကြော်နေကြ၏။
၁၁ ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ရောက်သော် ဗိမာန်တော်သို့ဝင်၍ အရာခပ်သိမ်းကို လှည့်လည်ကြည့်ရှုလေ၏။ ထို့နောက် အချိန်လွန်နေပြီဖြစ်၍ တစ်ဆယ့်နှစ်ပါးနှင့်အတူ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။
၁၂ နောက်တစ်နေ့ ဗေသနိရွာမှထွက်လာကြစဉ် ကိုယ်တော်သည် ဆာမွတ်တော်မူ၏။
၁၃ အရွက်ဝေဆာလျက်ရှိသော သဖန်းပင်တစ်ပင်ကို အဝေးကမြင်လျှင် အသီးရှိမရှိသိရန် သွား၍ကြည့်တော်မူ၏။ သို့သော် သဖန်းသီးသီးချိန် မဟုတ်သောကြောင့် အရွက်များကိုသာ တွေ့တော်မူ၏။
၁၄ ထို့ကြောင့်ကိုယ်တော်က “ယခုမှစ၍ ကာလအစဉ် သင်၏အသီးကို မည်သူမျှမစားရ” ဟုမိန့်တော်မူရာ တပည့်တော်တို့သည်လည်း ကြားကြ၏။
၁၅ ဂျေရုဆလင်မြို့သို့ ရောက်ကြသော် ကိုယ်တော်သည် ဗိမာန်တော်သို့ဝင်ပြီး ဗိမာန်တော်၌ ရောင်းဝယ်နေကြသောသူတို့ကို နှင်ထုတ်၍ ငွေလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းသူတို့၏ခုံများကို မှောက်လှန်တော်မူ၏။
၁၆ မည်သူ့ကိုမျှလည်း ဗိမာန်တော်ကိုဖြတ်သန်း၍ ပစ္စည်းသယ်ခွင့် ပြုတော်မမူ။
၁၇ “‘ငါ့အိမ်ကို လူအမျိုးမျိုးတို့ ဆုတောင်းရာအိမ်ဟူ၍ ခေါ်ကြလိမ့်မည်’ ဟုကျမ်းစာ၌ ရေးထားသည် မဟုတ်လော။ သို့သော် သင်တို့သည် ထိုအိမ်ကို ဓားပြခိုအောင်းရာ ဖြစ်စေကြပြီ” ဟုဆိုလျက် လူတို့ကို သွန်သင်တော်မူ၏။
၁၈ ယဇ်ပုရောဟိတ်ကြီးတို့နှင့် ကျမ်းတတ်တို့သည်ကြားလျှင် ကိုယ်တော်ကို မည်သို့သတ်ရမည်အကြောင်း ရှာကြံကြ၏။ လူအုပ်ရှိသမျှတို့သည် သွန်သင်တော်မူခြင်းကို အံ့သြသောကြောင့် ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
၁၉ ညနေခင်းပိုင်းတွင် ထိုမြို့မှ ထွက်သွားကြ၏။
၂၀ နောက်တစ်နေ့ နံနက်စောစောတွင် လမ်း၌သွားစဉ် သဖန်းပင်သည် အမြစ်မှစ၍ ခြောက်သွေ့လျက်ရှိသည်ကို မြင်ကြ၏။
၂၁ ပေတရုသည် သတိရ၍ “ရဗ္ဗိ၊ ကိုယ်တော်ကျိန်ဆိုသည့်သဖန်းပင် ခြောက်သွေ့ပါပြီ” ဟုလျှောက်သော်၊
၂၂ ယေရှုက “ဘုရားသခင်ကို ယုံကြည်ခြင်းရှိကြလော့။
၂၃ ငါအမှန်ဆိုသည်ကား မည်သူမဆို ယုံမှားသံသယစိတ်ကင်း၍ မိမိဆိုသည့်အတိုင်းဖြစ်မည်ဟု ယုံကြည်လျက် ဤတောင်ကို ‘နေရာမှရွေ့၍ ပင်လယ်၌ကျလော့’ ဟုဆိုလျှင် ထိုအတိုင်း ဖြစ်လိမ့်မည်။
၂၄ ထို့ကြောင့် ငါဆိုသည်ကား၊ သင်တို့သည် ဆုတောင်း၍ လျှောက်ထားသမျှကို ရပြီဟု ယုံကြည်ကြလော့။ ထိုသို့ ယုံကြည်လျှင် ရကြလိမ့်မည်။
၂၅ သင်တို့ မတ်တတ်ရပ်ဆုတောင်းသောအခါ တစ်စုံတစ်ဦးအပေါ် မကျေနပ်စရာအကြောင်းရှိလျှင် ခွင့်လွှတ်ကြလော့။ သို့ပြုလျှင် ကောင်းကင်ဘုံရှိ သင်တို့အဖသည် သင်တို့၏ ပြစ်မှားမှုများကို ခွင့်လွှတ်တော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။
၂၆ —
၂၇ ဂျေရုဆလင်မြို့သို့ တစ်ဖန်ရောက်ကြပြီးမှ ဗိမာန်တော်တွင် လမ်းလျှောက်နေစဉ် ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်များ၊ လူကြီးများသည်အထံတော်သို့ ချဉ်းကပ်၍၊
၂၈ “သင်သည် ဤအမှုအရာများကို အဘယ်အခွင့်အာဏာနှင့် ပြုသနည်း။ ထိုသို့ပြုရသော အခွင့်အာဏာကို မည်သူပေးသနည်း” ဟု မေးလျှောက်ကြသော်၊
၂၉ ယေရှုက “သင်တို့ကို ငါတစ်ခုမေးမည်။ သင်တို့ဖြေကြလော့။ ဖြေလျှင် ဤအမှုအရာများကို အဘယ်အခွင့်အာဏာနှင့်ပြုကြောင်း ငါပြောမည်။
၃၀ ယောဟန်၏နှစ်ခြင်းသည် ကောင်းကင်ကဖြစ်သလော၊ လူကဖြစ်သလော။ ဖြေကြလော့” ဟုမိန့်တော်မူ၏။
၃၁ ထိုအခါသူတို့သည် အချင်းချင်း ဆွေးနွေး၍ “‘ကောင်းကင်ကဖြစ်၏’ ဟုငါတို့ဆိုလျှင်၊ ‘အဘယ်ကြောင့် ထိုသူကို မယုံကြသနည်း’ ဟု မေးဦးမည်။
၃၂ သို့သော် ‘လူကဖြစ်၏’ ဟု ငါတို့ဖြေဝံ့မည်လော” ဟူ၍ဆိုကြ၏။ သူတို့သည် ထိုသို့မဖြေဝံ့ကြ။ အကြောင်းမူကား လူအပေါင်းတို့က ယောဟန်ကို ပရောဖက်အစစ်အမှန်ဖြစ်သည်ဟု ယူမှတ်ကြ၍ဖြစ်၏။
၃၃ ထို့ကြောင့် သူတို့က “ငါတို့မသိ” ဟုယေရှုအား ပြန်ပြောကြ၏။ ယေရှုကလည်း “ငါလည်း ဤအမှုအရာများကို အဘယ်အခွင့်အာဏာနှင့် ပြုကြောင်းကို သင်တို့အား မပြော” ဟု မိန့်တော်မူ၏။