မာကု ၁၃:၁-၃၇
၁၃ ဗိမာန်တော်မှ ကိုယ်တော်ထွက်ကြွစဉ် တပည့်တော်တစ်ဦးက “ဆရာ၊ ဤကျောက်များနှင့် အဆောက်အအုံများကို ကြည့်တော်မူပါ” ဟုလျှောက်လေ၏။
၂ ယေရှုက “ဤအဆောက်အအုံကြီးများကို မြင်သလော။ ဤနေရာတွင် ကျောက်တစ်လုံးပေါ် တစ်လုံးဆင့်၍ အလျှင်းမ တည်မနေရဘဲ ဖြိုချခံရမည်” ဟုမိန့်တော်မူ၏။
၃ ထို့နောက် သံလွင်တောင်ပေါ်မှာ ဗိမာန်တော်သို့ မျက်နှာမူလျက်ထိုင်တော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့သည် အခြားသူမပါဘဲ မေးလျှောက်ကြသည်ကား၊
၄ “ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း။ ထိုအမှုအရာရှိသမျှ အဆုံးတိုင်ချိန်နီးသောအခါ အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်ရှိတော်မူပါ” ဟူ၍ဖြစ်၏။
၅ ထိုအခါ ယေရှုမိန့်တော်မူသည်မှာ၊ “သင်တို့ကို မည်သူမျှ မလှည့်ဖြားစေရန် သတိပြုကြလော့။
၆ လူအများသည် ငါ၏နာမဖြင့် လာ၍ ‘ငါသည် ထိုသူဖြစ်၏’ ဟုဆိုကာ အများသောသူတို့ကို လှည့်ဖြားကြလိမ့်မည်။
၇ သင်တို့သည် ရပ်နီးရပ်ဝေးမှ စစ်မက်သတင်းများကို ကြားရသောအခါ ထိတ်လန့်ခြင်း မရှိကြနှင့်။ ထိုအမှုအရာတို့သည် ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည် မရောက်သေး။
၈ “အကြောင်းမူကား လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မည်။ တစ်နေရာပြီး တစ်နေရာ၌ ငလျင်လှုပ်လိမ့်မည်။ အစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်။ ထိုအမှုအရာများသည် ဆင်းရဲဒုက္ခ၏ အစဖြစ်၏။
၉ “သင်တို့သည် ကိုယ့်ကိုယ်ကိုယ် သတိပြုကြလော့။ လူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်များ၌ ရိုက်ကြလိမ့်မည်။ ငါ့ကြောင့် သင်တို့သည် မြို့ဝန်များ၊ ရှင်ဘုရင်များရှေ့ရောက်၍ သူတို့အား သက်သေခံခွင့် ရကြလိမ့်မည်။
၁၀ သတင်းကောင်းကို လူမျိုးအပေါင်းတို့အား ဦးစွာ ဟောပြောရလိမ့်မည်။
၁၁ သင်တို့ကို အပ်နှံရန်ပို့ဆောင်သောအခါ အဘယ်အရာပြောရမည်ကို ကြိုတင်၍ မစိုးရိမ်ကြနှင့်။ ထိုအချိန်နာရီတွင် ရရှိသောစကားကိုသာ ပြောကြလော့။ အကြောင်းမူကား ပြောသောသူသည် သင်တို့မဟုတ်၊ သန့်ရှင်းသောစွမ်းအားတော်ပင်ဖြစ်၏။
၁၂ ထို့ပြင် ညီအစ်ကို အချင်းချင်း သေစေရန် အပ်နှံကြလိမ့်မည်။ အဖသည် သားကို အပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကို ရန်ပြု၍ သေစေကြလိမ့်မည်။
၁၃ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အဆုံးတိုင်အောင် ခံနိုင်ရည်ရှိသောသူသည် ကယ်တင်ခြင်း ရလိမ့်မည်။
၁၄ “သို့ရာတွင် ဖျက်ဆီးတတ်သော ရွံရှာဖွယ်ရာသည် မရှိသင့်သောနေရာ၌ ရှိနေသည်ကို သင်တို့မြင်ရလျှင် (စာရှုသူသည် ပိုင်းခြားသိမြင်ပါစေ) ယုဒနယ်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။
၁၅ အိမ်မိုးပေါ်မှာရှိသောသူသည် မဆင်းလာစေနှင့်။ တစ်စုံတစ်ခုကိုယူရန် အိမ်ထဲသို့ မဝင်စေနှင့်။
၁၆ လယ်၌ရှိသောသူသည်လည်း မိမိဝတ်လုံကိုယူရန် နောက်သို့ မပြန်စေနှင့်။
၁၇ ထိုနေ့ရက်ကာလတွင် ကိုယ်ဝန်ဆောင်မိန်းမနှင့် နို့တိုက်မိခင်တို့၌ အမင်္ဂလာရှိ၏။
၁၈ ထိုနေ့ရက်သည် ဆောင်းကာလ၌ မကျစေရန် ဆုတောင်းလျက်နေကြလော့။
၁၉ အကြောင်းမူကား ဘုရားသခင်၏ ဖန်ဆင်းခြင်းအစကတည်းက ယခုအထိ မဖြစ်စဖူး၊ နောင်လည်း မဖြစ်မည့် ဆင်းရဲဒုက္ခသည် ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။
၂၀ ထိုနေ့ရက်ကာလကို ယေဟောဝါဘုရားသည် တိုစေတော်မမူလျှင် မည်သူမျှ ဘေးလွတ်မည်မဟုတ်။ ရွေးချယ်တော်မူသောသူတို့အတွက် ထိုနေ့ရက်ကာလကို တိုစေတော်မူလိမ့်မည်။
၂၁ “ထိုအခါ တစ်စုံတစ်ယောက်က သင်တို့အား ‘ခရစ်တော်သည် ဤတွင်ရှိ၏၊ ထိုတွင်ရှိ၏’ ဟုဆိုလျှင် မယုံကြနှင့်။
၂၂ အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်တို့သည် ပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးချယ်တော်မူသောသူတို့ကို လမ်းလွဲစေရန် နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို ပြကြလိမ့်မည်။
၂၃ သို့ဖြစ်၍ သတိပြုကြလော့။ ထိုအကြောင်းအရာရှိသမျှကို ငါပြောနှင့်ပြီ။
၂၄ “ထိုဆင်းရဲဒုက္ခကာလ လွန်ပြီးနောက် နေသည် မိုက်လိမ့်မည်။ လသည် အလင်းကို မပေး။
၂၅ ကြယ်တို့သည် ကောင်းကင်မှ ကြွေလိမ့်မည်။ ကောင်းကင်တန်ခိုးများလည်း တုန်လှုပ်ကြလိမ့်မည်။
၂၆ ထိုအခါ မဟာဘုန်းတန်ခိုးတော်ကို ဆောင်လျက် မိုးတိမ်ကိုစီး၍ လူသားကြွလာတော်မူသည်ကို မြင်ကြရလိမ့်မည်။
၂၇ ထို့နောက် လူသားသည် ကောင်းကင်တမန်တို့ကို စေလွှတ်၍ မိမိရွေးကောက်သောသူတို့ကို မြေကြီးစွန်းမှ ကောင်းကင်စွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုရုံးစေတော်မူလိမ့်မည်။
၂၈ “သဖန်းပင် ပုံဥပမာမှ သင်ယူကြလော့။ သဖန်းပင်သည် အခက်အလက်နုထွက်၍ ရွက်နုပေါက်သောအခါ နွေကာလနီးကြောင်း သင်တို့သိကြ၏။
၂၉ ထိုနည်းတူ ထိုအခြင်းအရာများ ဖြစ်ပျက်သည်ကို သင်တို့မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်ရှိနေကြောင်း သိမှတ်ကြလော့။
၃၀ ငါအမှန်ဆိုသည်ကား ထိုအခြင်းအရာအလုံးစုံမဖြစ်မီ ဤလူမျိုးဆက်သည် အလျှင်းမကွယ်မပျောက်ရ။
၃၁ ကောင်းကင်နှင့် မြေကြီးသည် ကွယ်ပျောက်လိမ့်မည်။ ငါ၏စကားမူကား မကွယ်မပျောက်ရ။
၃၂ “ထိုနေ့ရက်အချိန်နာရီကိုကား မည်သူမျှမသိ။ ကောင်းကင်တမန်တို့လည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်သာ သိတော်မူ၏။
၃၃ ထိုအချိန်ကို သင်တို့ မသိသောကြောင့် စောင့်နေကြလော့၊ နိုးကြားလျက်နေကြလော့။
၃၄ ထိုအခြင်းအရာသည် အိမ်ကိုထားခဲ့၍ အခြားသောပြည်သို့ သွားမည့်သူ တစ်ဦးနှင့် တူ၏။ သူသည် မိမိကျွန်တို့ကို အခွင့်အာဏာနှင့် တာဝန်အသီးသီး အပ်နှင်းပြီးလျှင် တံခါးစောင့်ကိုလည်း စောင့်နေရန် မှာကြားခဲ့၏။
၃၅ အိမ်ရှင်သည် ညဦးယံအချိန်၊ သန်းခေါင်ယံအချိန်၊ ကြက်ဦးတွန်ချိန်၊ မိုးသောက်ယံအချိန်တို့တွင် အဘယ်အချိန်၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့် စောင့်နေကြလော့။
၃၆ သို့မဟုတ်လျှင် ရုတ်တရက် အိမ်ရှင်ရောက်လာသော် သင်တို့ အိပ်ပျော်နေသည်ကို တွေ့လိမ့်မည်။
၃၇ စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည့်အတိုင်း ခပ်သိမ်းသောသူတို့အားလည်း ငါဆို၏။”