မာကု ၁၅:၁-၄၇
၁၅ နံနက်မိုးသောက်သည်နှင့် ယဇ်ပုရောဟိတ်ကြီးများ၊ လူကြီးများ၊ ကျမ်းတတ်များ၊ ဂျူးတရားရုံးချုပ်အဖွဲ့ဝင် အပေါင်းတို့သည် တိုင်ပင်ပြီးလျှင် ယေရှုကိုချည်နှောင်ကာ ပိလတ်မင်းထံ ပို့၍ အပ်လိုက်ကြ၏။
၂ ထို့ကြောင့် ပိလတ်မင်းက “သင်သည် ဂျူးတို့၏ရှင်ဘုရင် မှန်သလော” ဟုမေးသော်၊ ကိုယ်တော်က “သင်ဆိုသည့်အတိုင်းမှန်၏” ဟု မိန့်တော်မူ၏။
၃ သို့သော် ယဇ်ပုရောဟိတ်ကြီးတို့သည် ကိုယ်တော်အား အမျိုးမျိုးစွပ်စွဲကြ၏။
၄ ပိလတ်မင်းက “သင်၌ ပြန်ပြောစရာ မရှိသလော။ သင့်အား ဤမျှစွပ်စွဲပြောဆိုကြသည်ကို ကြည့်ပါ” ဟုဆို၏။
၅ သို့သော် ယေရှုသည် တစ်ခွန်းမျှ ပြန်မပြောသောကြောင့် ပိလတ်မင်းသည် အံ့သြလေ၏။
၆ ထိုပွဲခံချိန်တိုင်းတွင် ဘုရင်ခံသည် လူတို့တောင်းလျှောက်သော အကျဉ်းသားတစ်ဦးကို လွှတ်ပေးမြဲထုံးစံရှိ၏။
၇ ထိုအချိန်တွင် လူသတ်မှုကျူးလွန်ခဲ့သော ပုန်ကန်ထကြွသူများ အကျဉ်းကျနေ၏။ ထိုသူတို့တွင် ဗာရဗ္ဗ အမည်ရှိသူ တစ်ဦးလည်း ပါ၏။
၈ ထို့ကြောင့် လူအုပ်သည် ရောက်လာ၍ ထုံးစံရှိသည့်အတိုင်း လုပ်ဆောင်ပေးရန် တောင်းပန်ကြ၏။
၉ ပိလတ်မင်းကလည်း “သင်တို့သည် ဂျူးတို့၏ရှင်ဘုရင်ကို လွှတ်စေချင်သလော” ဟု မေးပြန်၏။
၁၀ အကြောင်းမူကား ယဇ်ပုရောဟိတ်ကြီးတို့သည် ငြူစူသောကြောင့် ကိုယ်တော့်ကို အပ်နှံကြောင်း ပိလတ်မင်းသိထား၏။
၁၁ သို့သော် ယဇ်ပုရောဟိတ်ကြီးတို့သည် ယေရှုအစား ဗာရဗ္ဗကို လွှတ်ပေးစေရန် လူအုပ်ကို နှိုးဆော်ကြ၏။
၁၂ တစ်ဖန် ပိလတ်မင်းက “သို့ဖြစ်လျှင် ဂျူးတို့၏ဘုရင်ဟု သင်တို့ခေါ်သောသူကို မည်သို့ပြုရမည်နည်း” ဟုမေးသော်၊
၁၃ ထိုသူတို့က “သစ်တိုင်ပေါ်တင်ပါ” ဟု ပြန်၍ဟစ်အော်ကြ၏။
၁၄ ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း၊ သူသည် အဘယ်မကောင်းမှုကို ပြုခဲ့သနည်း” ဟုမေးသော်၊ သူတို့က “သူ့ကို သစ်တိုင်ပေါ် တင်ပါ” ဟု သာ၍ ဟစ်အော်ကြ၏။
၁၅ ထိုအခါ ပိလတ်မင်းသည် လူအုပ်ကိုကျေနပ်စေရန် ဗာရဗ္ဗကို လွှတ်ပေး၍ ယေရှုကို ကြာပွတ်နှင့်ရိုက်စေပြီးလျှင် သစ်တိုင်ပေါ်တင်ရန် အပ်လိုက်လေ၏။
၁၆ ထို့နောက် စစ်သည်တို့သည် ကိုယ်တော်ကို နန်းတော်တည်းဟူသော အိမ်တော်တံတိုင်းအတွင်းသို့ ဆောင်သွား၍ စစ်တပ်တစ်တပ်လုံးကို စုရုံးစေပြီးလျှင်၊
၁၇ ကိုယ်တော်ကို ခရမ်းရောင်ဝတ်ရုံ ဝတ်စေကြ၏။ ဆူးဦးရစ်ကိုလည်းရက်၍ခေါင်းတော်ပေါ် တင်ထားကြ၏။
၁၈ ထို့နောက် “ဂျူးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေ” ဟူ၍ ကိုယ်တော်အား နှုတ်ဆက်ကြ၏။
၁၉ ခေါင်းတော်ကို ကျူရိုးနှင့်ရိုက်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ ဒူးထောက်၍ ပျပ်ဝပ်ခြင်းကိုလည်း ပြုကြ၏။
၂၀ ထိုသို့ ပြက်ရယ်ပြုပြီးနောက် ခရမ်းရောင်ဝတ်ရုံကိုချွတ်၍ ကိုယ်တော်၏အဝတ်ကို ပြန်ဝတ်စေပြီးလျှင် သစ်တိုင်ပေါ်တင်ရန် ခေါ်ထုတ်သွားကြ၏။
၂၁ အာလေဇန္ဒြုနှင့် ရုဖုတို့၏ အဖ၊ ရှိမုန်အမည်ရှိသော ကုရေနေမြို့သားတစ်ဦးသည် လယ်တောမှ လာသည်ကို တွေ့ကြလျှင်၊ သူ့ကိုအနိုင်အထက်ပြု၍ ကိုယ်တော်၏ညှဉ်းဆဲရာသစ်တိုင်ကို ထမ်းစေကြ၏။
၂၂ ဦးခေါင်းခွံဟု အနက်ရှိသော ဂေါလဂေါသအရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ၊
၂၃ မုရန်နှင့် ရောသော ဝိုင်ကိုတိုက်သော် မသောက်ဘဲ နေတော်မူ၏။
၂၄ ထို့နောက် ကိုယ်တော်အား သစ်တိုင်ပေါ်တင်ပြီးလျှင် အဝတ်တော်များကို မဲချ၍ ဝေယူကြ၏။
၂၅ သုံးနာရီခန့်*တွင် ကိုယ်တော်ကို သစ်တိုင်ပေါ်တင်ကြ၏။
၂၆ “ဂျူးတို့၏ဘုရင်” ဟူသော စွဲချက်ကမ္ပည်းကိုလည်း ရေးထားကြ၏။
၂၇ ကိုယ်တော်နှင့်အတူ ဓားပြနှစ်ယောက်ကိုလည်း လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက် သစ်တိုင်ပေါ်တင်ကြ၏။
၂၈ —
၂၉ လမ်းသွားလမ်းလာများကလည်း ခေါင်းခါလျက် “ဟဲ့၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်တည်းနှင့် ပြန်ဆောက်မည့်သူ၊
၃၀ ကိုယ့်ကိုယ်ကိုယ် ကယ်တင်လော့၊ ညှဉ်းဆဲရာ သစ်တိုင်ပေါ်မှဆင်းလော့” ဟုဆိုကြ၏။
၃၁ ထိုနည်းတူ ယဇ်ပုရောဟိတ်ကြီးတို့နှင့် ကျမ်းတတ်တို့က ပြက်ရယ်ပြု၍ “သူတစ်ပါးကို ကယ်တင်သော်လည်း ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်ပါ တကား။
၃၂ အစ္စရေးဘုရင် ခရစ်တော်သည် ညှဉ်းဆဲရာသစ်တိုင်ပေါ်မှ ယခုဆင်းပါလေစေ။ သို့မှသာ ငါတို့မြင်၍ ယုံကြည်ကြမည်” ဟုဆိုကြ၏။ ကိုယ်တော်နှင့်အတူ သစ်တိုင်ပေါ် အတင်ခံရသူတို့လည်း ကဲ့ရဲ့ပြောဆိုကြ၏။
၃၃ ခြောက်နာရီ*အချိန်ရောက်သော် တစ်ပြည်လုံး၌ အမှောင်ကျလေရာ ကိုးနာရီ*တိုင်အောင်ဖြစ်၏။
၃၄ ကိုးနာရီ အချိန်၌ ယေရှုက “ဧလိ၊ ဧလိ၊ လာမာရှာဗတ်ခသာနိ” ဟု ကျယ်သောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား “ကျွန်ုပ်၏ဘုရားသခင်၊ ကျွန်ုပ်၏ဘုရားသခင်၊ ကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း” ဟု ဆိုလိုသတည်း။
၃၅ အနား၌ ရပ်နေသူအချို့တို့သည် ကြားလျှင် “နားထောင်ကြ။ သူသည် ဧလိယကိုခေါ်နေသည်”ဟုဆိုကြ၏။
၃၆ လူတစ်ဦးသည် ပြေး၍ ရေမြှုပ်ကို ပုံးရည်၌နှစ်လေ၏။ ထို့နောက် ကျူရိုး၌တပ်၍ ကိုယ်တော်အား သောက်စေပြီးလျှင် “ရှိစေတော့။ သူ့ကိုချပေးရန် ဧလိယ လာမည်၊ မလာမည်ကို ကြည့်ကြစို့” ဟုဆို၏။
၃၇ ယေရှုသည် ကျယ်သောအသံနှင့် ကြွေးကြော်၍ အသက်ထွက်တော်မူ၏။
၃၈ ထိုအခါ ဗိမာန်တော်၏ ကန့်လန့်ကာသည် အထက်မှအောက်သို့တိုင်အောင် နှစ်ပိုင်းစုတ်ကွဲလေ၏။
၃၉ ထိုသို့ အသက်ထွက်တော်မူသည်ကို အနီးတွင်ရပ်နေသော တပ်မှူးသည် မြင်လျှင် “စင်စစ်၊ ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏” ဟုဆို၏။
၄၀ အမျိုးသမီးအချို့သည်လည်း အဝေးမှကြည့်ရှုလျက်နေကြ၏။ ထိုအမျိုးသမီးတို့တွင် မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့် ယောသေတို့၏မိခင်မာရိ၊ ရှာလုံတို့ ပါကြ၏။
၄၁ သူတို့သည်ဂါလိလဲပြည်တွင်ကိုယ်တော်ရှိစဉ် နောက်တော်သို့လိုက်၍ ပြုစုသောသူတို့ဖြစ်ကြ၏။ ထို့ပြင်ကိုယ်တော်နှင့်အတူ ဂျေရုဆလင်မြို့သို့ တက်လာသော အခြားအမျိုးသမီးအများလည်း ပါကြ၏။
၄၂ ထိုနေ့ကား ဥပုသ်နေ့မတိုင်မီ၊ အဖိတ်နေ့ဖြစ်သောကြောင့် ညနေစောင်းအချိန်တွင်၊
၄၃ အရိမသဲမြို့သား ယောသပ်သည် ပိလတ်မင်းရှေ့မှောက်သို့ အရဲစွန့်ဝင်ရောက်ပြီး ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ သူသည် ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်သောသူ၊ ဂုဏ်အသရေရှိသော ကောင်စီအဖွဲ့ဝင်တစ်ဦး ဖြစ်၏။
၄၄ သို့သော် ပိလတ်မင်းသည် ယေရှုသေ မသေ သိလိုသဖြင့် တပ်မှူးကိုခေါ်၍ မေးလေ၏။
၄၅ တပ်မှူးထံမှ တပ်အပ်သေချာစွာ ကြားသိပြီးနောက် အလောင်းတော်ကို ယောသပ်အား ပေးအပ်လေ၏။
၄၆ ထိုအခါ ယောသပ်သည် ပိတ်ချောထည်ကို ဝယ်ပြီးလျှင် အလောင်းတော်ကိုချ၍ ပိတ်ထည်နှင့် ပတ်ရစ်လေ၏။ ထို့နောက် ကျောက်ဆောင်၌ ထွင်းထားသော သင်္ချိုင်းဂူထဲတွင် အလောင်းတော်ကို ထည့်ထားပြီးလျှင် ကျောက်ကိုလှိမ့်၍ ဂူဝကို ပိတ်လေ၏။
၄၇ သို့သော် မာဂဒလမာရိနှင့် ယောသေ၏မိခင် မာရိတို့သည် အလောင်းတော်ထားရာ အရပ်ကို ကြည့်လျက် ကျန်ရစ်ခဲ့ကြ၏။