မာကု ၃:၁-၃၅

 နောက်တစ်ဖန် တရားဇရပ်သို့ ဝင်တော်မူရာ လက်တစ်ဖက်သေနေသူတစ်ဦးသည် ထိုတွင်ရှိ၏။ ၂  ဖာရိရှဲတို့သည် ကိုယ်တော်ကို ပြစ်တင် စွပ်စွဲလို၍ ထိုသူအား ဥပုသ်နေ့၌ ကျန်းမာစေတော်မူမည်၊ မမူမည်ကို စေ့စေ့ကြည့်နေကြ၏။ ၃  ကိုယ်တော်ကလည်း လက်တစ်ဖက်သေနေသူအား “ထလော့။ အလယ်၌ လာရပ်လော့” ဟု မိန့်တော်မူ၏။ ၄  ထို့နောက် “ဥပုသ်နေ့၌ ကောင်းမှုပြုသင့်သလော။ ဆိုးသောအမှုကို ပြုသင့်သလော။ အသက်*ကို ကယ်အပ်သလော။ သတ်အပ်သလော” ဟု သူတို့ကို မေးတော်မူလျှင် တိတ်ဆိတ်စွာ နေကြ၏။ ၅  သူတို့၏စိတ်နှလုံး ခိုင်မာသည့်အတွက် ဝမ်းနည်း၍ အမျက်ထွက်လျက် သူတို့ကို လှည့်ကြည့်ပြီးလျှင် လက်တစ်ဖက်သေနေသူအား “သင့်လက်ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည် လက်ကိုဆန့်သဖြင့် ပြန်ကောင်းလေ၏။ ၆  ထိုအခါ ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်အား သတ်ရန် ဟေရုဒ်၏ဘက်တော်သားတို့နှင့် ချက်ချင်းတိုင်ပင်ကြ၏။ ၇  ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ကြွသွားတော်မူရာ ဂါလိလဲပြည်၊ ယုဒပြည်တို့မှ လူအုပ်သည်လည်း နောက်တော်သို့ လိုက်ကြ၏။ ၈  ဂျေရုဆလင်မြို့မှစ၍ ဣဒုမဲပြည်၊ ဂျော်ဒန်မြစ်တစ်ဖက်နှင့် တိုင်ရာမြို့၊ ဆိုင်ဒုန်မြို့ပတ်ဝန်းကျင်မှ လူအစုအဝေးတို့သည် ကိုယ်တော်ပြုတော်မူရာများကို ကြားသိသဖြင့် အထံတော်သို့လာကြ၏။ ၉  ကိုယ်တော်အား လူအုပ်တိုးဝှေ့မည်ကိုစိုး၍ လှေငယ်တစ်စင်းအသင့်ထားရန် တပည့်တော်များအား မိန့်မှာတော်မူ၏။ ၁၀  အကြောင်းမူကား လူအများတို့ကို ကျန်းမာစေတော်မူသဖြင့် ရောဂါဝေဒနာ နှိပ်စက်ခံရသူရှိသမျှသည် ကိုယ်တော်ကို တို့ထိရန် တိုးဝှေ့ကြ၏။ ၁၁  ညစ်ညူးသောနတ်များပင် ကိုယ်တော်ကို မြင်သောအခါ ရှေ့တော်၌ပျပ်ဝပ်လျက် “ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်” ဟုဟစ်အော်ကြ၏။ ၁၂  သို့သော် မိမိအကြောင်းကို မပြောကြရန် ထိုနတ်များကို ကြပ်တည်းစွာ အကြိမ်ကြိမ် မှာကြားတော်မူ၏။ ၁၃  ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုရှိသူတို့ကို ခေါ်တော်မူလျှင် ထိုသူတို့သည် အထံတော်သို့ သွားကြ၏။ ၁၄  ထို့နောက် ကိုယ်တော်သည် မိမိနှင့် အတူရှိနေစေရန်လည်းကောင်း၊ ဟောပြောဖို့ စေလွှတ်ရန်လည်းကောင်း တပည့်တော် တစ်ဆယ့်နှစ်ပါးကို ရွေးချယ်၍ “တမန်တော်များ” ဟု အမည်ပေးပြီးလျှင်၊ ၁၅  နတ်ဆိုးတို့အား နှင်ထုတ်နိုင်သောအခွင့်ကို အပ်ပေးတော်မူ၏။ ၁၆  ကိုယ်တော်ရွေးချယ်သော တစ်ဆယ့်နှစ်ပါးတို့ကား ပေတရုဟု ခေါ်သော ရှိမုန်၊ ၁၇  မိုးကြိုးသားများ ဟု အနက်ရှိသော ဗောနေရဂက် အမည်ဖြင့် ကိုယ်တော်မှည့်ခေါ်သူများ ဖြစ်သည့် ဇေဗေဒဲ၏သားနှစ်ဦး ယာကုပ်နှင့် သူ၏ညီ ယောဟန်၊ ၁၈  အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သား ယာကုပ်၊ သဒ္ဒဲ၊ တက်ကြွထက်သန်သူ ရှိမုန်နှင့်၊ ၁၉  ကိုယ်တော်ကို အပ်နှံသောသူ ယုဒရှကာရုတ် တို့ဖြစ်၏။ ထို့နောက် အိမ်တစ်အိမ်သို့ ဝင်တော်မူ၏။ ၂၀  တစ်ဖန် လူများတို့သည် စုဝေးကြပြန်သဖြင့် ကိုယ်တော်နှင့် တပည့်တော်များသည် အစာကိုပင် မစားနိုင်ကြ။ ၂၁  ကိုယ်တော်၏ဆွေမျိုးတို့သည် ကြားလျှင် “သူသည် ရူးသွပ်လေပြီ” ဟုဆို၍ ကိုယ်တော်အား ဖမ်းဆီးရန် ထွက်သွားကြ၏။ ၂၂  ဂျေရုဆလင်မြို့မှ ဆင်းလာကြသော ကျမ်းတတ်တို့ကလည်း “သူသည် ဗေလဇေဗုလ ပူးသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟုဆိုကြ၏။ ၂၃  ထို့ကြောင့် ကိုယ်တော်သည် သူတို့ကို ခေါ်၍ ပုံဥပမာဖြင့် မိန့်တော်မူသည်ကား၊ “စာတန်သည် စာတန်ကို မည်သို့နှင်ထုတ်နိုင်မည်နည်း။ ၂၄  တိုင်းနိုင်ငံသည် အတွင်း၌ မသင့်မတင့်ကွဲပြားနေလျှင် မတည်နိုင်။ ၂၅  အိမ်သည်လည်း အတွင်း၌ မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်။ ၂၆  ထိုနည်းတူ၊ စာတန်သည် မိမိကိုယ်ကို ရန်ပြု၍ မသင့်မတင့်ကွဲပြားနေလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ ရောက်လိမ့်မည်။ ၂၇  ခွန်အားကြီးသူကို အလျင်မချည်နှောင်ဘဲ သူ၏အိမ်ထဲသို့ဝင်၍ သူ၏ဥစ္စာကို မည်သူမျှ မလုမယူနိုင်။ ထိုသူကို ချည်နှောင်ပြီးမှသာ သူ၏အိမ်ကို လုယက်နိုင်လိမ့်မည်။ ၂၈  ငါအမှန်ဆိုသည်ကား အပြစ်မှန်သမျှ၊ မြင့်မြတ်သောအရာကို စော်ကားမှု မှန်သမျှမှ လူသားတို့ ခွင့်လွှတ်ခံရနိုင်သည်။ ၂၉  သို့သော် သန့်ရှင်းသောစွမ်းအားတော်ကို စော်ကားသူ မည်သူမဆို ဘယ်သောအခါမျှ ခွင့်လွှတ်ခံရမည်မဟုတ်၊ ထာဝရအပြစ်ကို ကျူးလွန်သူဖြစ်၏။” ၃၀  ထိုသို့ မိန့်တော်မူရခြင်းမှာ “သူသည် ညစ်ညူးသော နတ်ပူးသူ ဖြစ်သည်” ဟု ဆိုကြသောကြောင့် ဖြစ်၏။ ၃၁  ထိုအခါ ကိုယ်တော်၏မိခင်နှင့် ညီများသည်လာ၍ ပြင်မှာရပ်နေလျက် ကိုယ်တော်ကို ခေါ်စေကြ၏။ ၃၂  ကိုယ်တော့်ပတ်လည်တွင် ထိုင်နေသူတို့က “အပြင်၌ရှိသော ကိုယ်တော်၏မိခင်နှင့် ညီများသည် ကိုယ်တော့်ကို ရှာနေကြပါသည်” ဟုဆိုကြသော်၊ ၃၃  ကိုယ်တော်က “ငါ၏မိခင်၊ ငါ၏ညီတို့ကား မည်သူနည်း” ဟု မေးတော်မူ၏။ ၃၄  ထို့နောက် ပတ်လည်တွင် ထိုင်နေသောသူတို့ကို လှည့်ကြည့်၍ “ဤသူတို့သည် ငါ့မိခင်၊ ငါ့ညီအစ်ကိုတို့ ဖြစ်ကြ၏။ ၃၅  ဘုရားသခင်၏ အလိုတော်ကိုဆောင်သူ မည်သူမဆို ငါ၏ညီအစ်ကို၊ ညီအစ်မ၊ မိခင်တို့ဖြစ်ကြသည်” ဟုမိန့်တော်မူ၏။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။