မာကု ၄:၁-၄၁
၄ တစ်ဖန် ကိုယ်တော်သည် အိုင်နားမှာ လူတို့ကို သွန်သင်တော်မူ၏။ အလွန်ကြီးစွာသော လူအုပ်သည် အထံတော်သို့ စုဝေးလာကြသောကြောင့် အိုင်၌ရှိသော လှေပေါ်တက်၍ ထိုင်တော်မူ၏။ လူအုပ်မှာမူ အိုင်ကမ်းခြေတွင် ရှိနေကြ၏။
၂ ထို့နောက် ပုံဥပမာများဖြင့် ဟောပြောသွန်သင်တော်မူ၏။
၃ “နားထောင်ကြလော့။ မျိုးကြဲသူသည် မျိုးစေ့ကြဲရန် ထွက်သွား၏။
၄ မျိုးကြဲစဉ် မျိုးစေ့အချို့သည် လမ်းဘေး၌ ကျသဖြင့် ငှက်တို့သည်လာ၍ ကောက်စားကြ၏။
၅ အချို့သည် ကျောက်ခံ၍ မြေနည်းရာအရပ်၌ ကျသဖြင့် မြေတိမ်သောကြောင့် ချက်ချင်းအပင်ပေါက်လေ၏။
၆ သို့သော် နေမြင့်လာသောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းလေ၏။
၇ အချို့တို့မူ ဆူးပင်များကြားတွင် ကျလေ၏။ ဆူးပင်တို့သည် ကြီးပွား၍ လွှမ်းမိုးပိတ်ဆို့သဖြင့် အသီးမသီးကြ။
၈ အချို့သည် ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးကြ၏။”
၉ ထို့နောက် “နားရှိသောသူသည် နားထောင်ပါစေ” ဟုမိန့်တော်မူ၏။
၁၀ ကိုယ်တော်တစ်ပါးတည်း ရှိတော်မူစဉ် တပည့်တော်တစ်ဆယ့်နှစ်ပါးနှင့် အပေါင်းပါတို့သည် ပုံဥပမာများနှင့် ပတ်သက်၍ မေးလျှောက်ကြသော်၊
၁၁ ကိုယ်တော်က “သင်တို့သည် ဘုရားသခင့်နိုင်ငံတော်နှင့် ပတ်သက်သည့် မြင့်မြတ်သောလျှို့ဝှက်ချက်ကို သိရသော အခွင့်ရှိကြ၏။ ပြင်ပလူတို့မူကား ပုံဥပမာများကိုသာ ကြားခွင့်ရှိကြ၏။
၁၂ သူတို့သည် ကြည့်လျက်ပင် မမြင်၊ ကြားလျက်ပင် ဆိုလိုရင်းကို နားမလည်၊ ပြန်လှည့်လာပြီး ခွင့်လွှတ်ခြင်း မခံရစေရန် ဥပမာဖြင့်ဟောပြောရသည်” ဟုမိန့်တော်မူ၏။
၁၃ ကိုယ်တော်ထပ်၍ မိန့်တော်မူသည်မှာ၊ “သင်တို့သည် ဤပုံဥပမာကို နားမလည်လျှင် အခြားသောပုံဥပမာများကို မည်သို့ နားလည်ကြမည်နည်း။
၁၄ “မျိုးကြဲသူသည် တရားစကားတော်ကိုကြဲ၏။
၁၅ အချို့တို့သည် လမ်းဘေး၌ ကျသောမျိုးစေ့နှင့် တူကြ၏။ ထိုသူတို့သည် တရားစကားတော်ကိုကြားသည်နှင့် စာတန်သည်လာ၍ သူတို့၏အထဲ၌ ကြဲသောတရားစကားတော်ကို နုတ်ယူလေ၏။
၁၆ ထိုနည်းတူ ကျောက်ခံမြေပေါ် ကျသောမျိုးစေ့မှာ တရားစကားတော်ကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်းခံယူသူဖြစ်၏။
၁၇ သို့သော် သူတို့၏အထဲ၌ အမြစ်မစွဲသဖြင့် ခဏသာတည်၏။ တရားစကားတော်ကြောင့် ဆင်းရဲဒုက္ခခံရ၊ ညှဉ်းဆဲခံရသည်ရှိသော် ချက်ချင်းလဲသွားလေ၏။
၁၈ အချို့တို့သည် ဆူးပင်များကြားတွင် ကျသောမျိုးစေ့နှင့်တူကြ၏။ တရားစကားတော်ကို ကြားသော်လည်း၊
၁၉ ဤလောကစနစ်၏စိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်ဥစ္စာ၏လှည့်စားခြင်းနှင့် တပ်မက်ခြင်းအမျိုးမျိုးတို့သည် ဝင်လာ၍ တရားစကားတော်ကို လွှမ်းမိုးပိတ်ဆို့သဖြင့် အသီးမသီးနိုင်ကြ။
၂၀ ကောင်းသောမြေ၌ ကျသည့်မျိုးစေ့များမူကား တရားစကားတော်ကိုကြား၍ ဝမ်းမြောက်စွာ ခံယူသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးတတ်၏။”
၂၁ ကိုယ်တော်က “မီးခွက်ကိုထွန်း၍ တင်းတောင်းအောက်၊ ခုတင်အောက်တွင် ထားလေ့မရှိ။ မီးခုံပေါ်တွင် တင်ထားလေ့ရှိသည် မဟုတ်လော။
၂၂ ဖုံးကွယ်ထားသမျှသည် ပေါ်လာရလိမ့်မည်။ အသေအချာ လျှို့ဝှက်ထားသမျှသည်လည်း ထင်ရှားလာရလိမ့်မည်။
၂၃ နားရှိသောသူသည် နားထောင်ပါစေ” ဟုဆက်၍ မိန့်တော်မူ၏။
၂၄ ထို့ပြင် သူတို့အား “သင်တို့သည် ကြားနာရသည့်အရာကို ဂရုပြုကြလော့။ သူတစ်ပါးအား ကိုယ်ချိန်ပေးသည့် ပမာဏအတိုင်း ဆပ်ပေးခြင်းကို ခံကြရမည်။ ထိုထက်မက ပို၍ဆပ်ပေးခြင်းကို ခံကြရမည်။
၂၅ ရှိထားသူသည် ပို၍ပေးအပ်ခံရလိမ့်မည်။ မရှိသောသူထံမှမူကား ရှိသမျှကိုပင် နုတ်ယူလိမ့်မည်” ဟုမိန့်တော်မူ၏။
၂၆ ထို့ကြောင့် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်သည် လူတစ်ဦး မြေ၌မျိုးစေ့ကြဲသည့်အဖြစ်နှင့် တူ၏။
၂၇ သူသည် ညအခါအိပ်လိုက်၊ နေ့အခါထလိုက်နှင့် မည်သို့ဖြစ်သည်ကို မသိဘဲ မျိုးစေ့သည် အပင်ပေါက်၍ ကြီးပွားလေ၏။
၂၈ မြေကြီးသည် တဖြည်းဖြည်း အသီးသီးစေ၏။ ဦးစွာ အညှောက်ပေါက်၍ အနှံထွက်လာပြီး နောက်ဆုံးတွင် ကောက်နှံကို အောင်စေတတ်၏။
၂၉ ကောက်နှံရင့်မှည့်၍ ရိတ်သိမ်းချိန်ရောက်သောကြောင့် ထိုသူသည် မဆိုင်းမလင့်ဘဲ တံစဉ်နှင့်ရိတ်တတ်၏” ဟုမိန့်တော်မူ၏။
၃၀ တစ်ဖန် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်ကို မည်သို့ ပုံခိုင်းရမည်နည်း။ မည်သည့် ပုံဥပမာဖြင့် ဖော်ပြရမည်နည်း။
၃၁ ဘုရားသခင်၏နိုင်ငံတော်သည် မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည် မြေ၌ကြဲသောအခါ မြေကြီးပေါ်ရှိ မျိုးစေ့တကာထက် ငယ်သော်လည်း၊
၃၂ ဟင်းသီးဟင်းရွက်ပင်တကာတို့ထက် ကြီးပွားသဖြင့် မိုးကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက်သော အကိုင်းအခက်ကြီးများကို ဖြစ်စေတတ်၏” ဟုမိန့်တော်မူ၏။
၃၃ ထိုသို့သော ပုံဥပမာများဖြင့် ကိုယ်တော်သည် သူတို့နားလည်နိုင်သမျှ ဟောပြောတော်မူ၏။
၃၄ ပုံဥပမာကင်း၍ ဟောတော်မမူ။ သို့သော် တပည့်တော်တို့အား အလုံးစုံကို သီးခြားရှင်းပြတော်မူ၏။
၃၅ ထိုနေ့ ညနေပိုင်းတွင် သူတို့အား “ကမ်းတစ်ဖက်သို့ကူးကြစို့” ဟု မိန့်တော်မူ၏။
၃၆ ထို့ကြောင့် တပည့်တော်တို့သည် လူအုပ်ကို ထွက်သွားစေပြီးလျှင် ကိုယ်တော်ရှိနှင့်သော လှေပေါ်သို့ တက်၍ ထွက်သွားကြ၏။ ထိုတွင် အခြားလှေများလည်း ရှိကြ၏။
၃၇ ထိုအခါ လေပြင်းမုန်တိုင်းကျ၍ လှိုင်းများရိုက်ခတ်သဖြင့် လှေသည် နစ်လုမတတ် ဖြစ်လေ၏။
၃၈ ကိုယ်တော်သည် လှေပဲ့ပိုင်း၌ ခေါင်းအုံးပေါ်မှာ အိပ်စက်နေတော်မူ၏။ ထို့ကြောင့် တပည့်တော်တို့သည် ကိုယ်တော်ကိုနှိုးပြီးလျှင် “ဆရာ၊ ကျွန်ုပ်တို့ သေရတော့မည်ကို လျစ်လျူရှုတော်မူသလော” ဟုလျှောက်ကြသော်၊
၃၉ ကိုယ်တော်သည် ထ၍ လေကိုဆုံးမလျက် ရေကို “တိတ်ဆိတ်ငြိမ်ဝပ်စွာနေ” ဟုမိန့်တော်မူ၏။ ထိုအခါ လေမုန်တိုင်းစဲ၍ အလွန်ငြိမ်သက်လေ၏။
၄၀ ကိုယ်တော်ကလည်း “အဘယ်ကြောင့် ကြောက်နေကြသနည်း။ သင်တို့၌ ယုံကြည်ခြင်းကင်းမဲ့နေကြသေးသလော” ဟုမိန့်တော်မူ၏။
၄၁ သူတို့သည် အလွန်ကြောက်ရွံ့၍ “ဧကန်စင်စစ် ဤသူကား မည်သူနည်း။ လေနှင့်ရေတို့ပင် သူ၏စကားကို နားထောင်ကြပါသည်” ဟုအချင်းချင်း ပြောဆိုကြ၏။