မာကု ၅:၁-၄၃
၅ ထို့နောက် အိုင်တစ်ဖက် ဂေရသပြည်သို့ ရောက်ကြ၏။
၂ ကိုယ်တော်သည် လှေထဲကထွက်ကြွတော်မူသည့် ခဏချင်းတွင် ညစ်ညူးသော နတ်ပူးသူ တစ်ဦးသည် သင်္ချိုင်းဂူများကြားမှ ထွက်လာပြီး ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။
၃ ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကိုသံကြိုးနှင့်ပင် မည်သူမျှ မချည်နှောင်နိုင်ကြ။
၄ ခြေချင်းသံကြိုးတို့ဖြင့် အကြိမ်ကြိမ်ချည်နှောင်သော်လည်း သံကြိုးကို ဆွဲဖြတ်၍ ခြေချင်းကို အပိုင်းပိုင်း ချိုးဖြတ်တတ်သဖြင့် မည်သူမျှ မထိန်းချုပ်နိုင်ကြ။
၅ သင်္ချိုင်းတစပြင်နှင့် တောင်ပေါ်တွင် နေ့ညမပြတ် အော်ဟစ်လျက်၊ ကျောက်စောင်းနှင့် ကိုယ်ကိုရှစေတတ်၏။
၆ ယေရှုကို အဝေးကမြင်လျှင် အထံတော်သို့ပြေးလာ၍ ပျပ်ဝပ်လျက်၊
၇ “အမြင့်ဆုံးသော ဘုရားသခင်၏သားတော် ယေရှု၊ ကိုယ်တော်သည် ကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ ကျွန်ုပ်ကို မညှဉ်းဆဲမည်အကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုပါလော့” ဟု ကျယ်သောအသံဖြင့် အော်ဟစ်လေ၏။
၈ အကြောင်းမူကား ယေရှုက “ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့” ဟု မိန့်တော်မူသောကြောင့်ဖြစ်၏။
၉ ကိုယ်တော်ကလည်း “သင့်အမည်မှာ အဘယ်နည်း” ဟုမေးတော်မူလျှင် ထိုသူက “ကျွန်ုပ်၏အမည်မှာ တပ်ဖွဲ့ ဖြစ်ပါ၏။ အကြောင်းမှာ ကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏” ဟုလျှောက်ပြီးမှ၊
၁၀ နတ်ဆိုးတို့ကို ထိုပြည်မှ မနှင်ထုတ်ရန် အကြိမ်ကြိမ်တောင်းပန်လေ၏။
၁၁ ထိုတောင်ပေါ်အရပ်တွင် ဝက်အုပ်ကြီး တစ်အုပ်သည် ကျက်စားလျက်ရှိ၏။
၁၂ ထိုနတ်ဆိုးများကလည်း “ကျွန်ုပ်တို့ကို ထိုဝက်များထဲသို့ ဝင်ခွင့်ပြုတော်မူပါ” ဟု တောင်းပန်ကြလျှင်၊
၁၃ ကိုယ်တော်သည် ခွင့်ပြုတော်မူ၏။ ထိုအခါ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်များထဲသို့ ဝင်သဖြင့် နှစ်ထောင်ခန့်ရှိသော ဝက်အုပ်သည် အိုင်ကမ်းပါးမှ တစ်ဟုန်ထိုးခုန်ဆင်း၍ အိုင်၌ ရေနစ်သေကြ၏။
၁၄ ဝက်ကျောင်းသူတို့သည် ပြေး၍ မြို့ရွာများ၌ ထိုသတင်းကို ပြောကြားသဖြင့် လူတို့သည် ဖြစ်ပျက်ခဲ့ရာကိုကြည့်ရန် ထွက်လာကြ၏။
၁၅ သူတို့သည် ယေရှုထံ ရောက်လာကြသော် နတ်ဆိုးတပ်ဖွဲ့ ပူးဖူးသောသူသည် အဝတ်ကိုဝတ်၍ စိတ်အကောင်းပကတိဖြင့် ထိုင်နေသည်ကိုမြင်လျှင် ကြောက်ရွံ့ကြ၏။
၁၆ နတ်ဆိုးပူးဖူးသောသူနှင့် ဝက်များ၌ ဖြစ်ပျက်ခဲ့ရာကို တွေ့မြင်သူတို့သည် ထိုသူတို့အား ပြန်ပြောကြ၏။
၁၇ ထို့ကြောင့် ကိုယ်တော်အား မိမိတို့နယ်မှ ထွက်သွားပါရန် တောင်းပန်ကြ၏။
၁၈ လှေပေါ်သို့ တက်တော်မူစဉ် နတ်ဆိုးပူးဖူးသောသူသည် အပါးတော်၌ နေခွင့်ပြုပါရန် တောင်းပန်လေ၏။
၁၉ သို့သော် ကိုယ်တော်သည် ခွင့်မပြုဘဲ “သင်သည် ကိုယ့်အိမ်သို့သွား၍ သင်၌ ယေဟောဝါဘုရား ပြုလေသမျှနှင့် ကိုယ်တော်၏သနားကြင်နာမှုကို ဆွေမျိုးသားချင်းတို့အား ပြောပြလော့” ဟုမိန့်တော်မူ၏။
၂၀ ထိုသူသည်လည်း သွား၍ မိမိအတွက် ယေရှုပြုလေသမျှကို ဒေကာပေါလိနယ်တွင် ပြောကြားသဖြင့် လူအပေါင်းတို့သည် အံ့သြကြ၏။
၂၁ ယေရှုသည် ကမ်းတစ်ဖက်သို့ လှေဖြင့်ကူးပြန်သော်၊ လူအုပ်ကြီးသည် အထံတော်၌ စုဝေးကြ၏။ အိုင်နားတွင် ရှိတော်မူစဉ်၊
၂၂ ယာဣရု အမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊
၂၃ “ကျွန်ုပ်၏သမီး အသည်းအသန် ဖျားနေပါ၏။ သူသည် ကျန်းမာလျက် အသက်ရှင်စေရန် ကိုယ်တော်ကြွ၍ လက်ကို တင်တော်မူပါ” ဟု ကြိမ်ဖန်များစွာ တောင်းပန်သော်၊
၂၄ ကိုယ်တော်သည် သူနှင့်အတူ လိုက်သွား၏။ လူအုပ်ကြီးသည်လည်း နောက်တော်သို့ လိုက်ကြရာ ကိုယ်တော်ကို တိုးဝှေ့ကြ၏။
၂၅ ထိုတွင် တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲသော အမျိုးသမီးတစ်ဦး ရှိ၏။
၂၆ သူသည် သမားတော်တို့ လက်၌ ဝေဒနာပြင်းစွာခံရ၍ မိမိဥစ္စာရှိသမျှ ကုန်သွားသော်လည်း သက်သာခြင်းမရှိ၊ ရောဂါပိုဆိုးလာ၏။
၂၇ ယေရှုအကြောင်းကိုကြားသော်၊ သူသည် လူအုပ်နောက်သို့ လိုက်လာ၍ ကိုယ်တော့်ဝတ်လုံကို တို့လေ၏။
၂၈ အကြောင်းမူကား “ငါသည် ဝတ်လုံကိုထိရုံမျှနှင့် ကျန်းမာလိမ့်မည်” ဟု တစ်ကိုယ်တည်း ပြောလျက်နေ၏။
၂၉ ထိုခဏချင်းတွင် မိမိ၌ သွေးသွန်နာရပ်၍ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ကြောင်းကို သိမြင်လေ၏။
၃၀ ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို သိသိချင်း လူအုပ်ကြားတွင် နောက်သို့လှည့်၍ “ငါ့ဝတ်လုံကို မည်သူ တို့သနည်း” ဟုမေးတော်မူ၏။
၃၁ တပည့်တော်တို့က “လူအုပ်သည် ကိုယ်တော်အား တိုးဝှေ့နေကြသည်ကို မြင်ပါလျက် ‘ငါ့ကို မည်သူတို့သနည်း’ ဟု မေးတော်မူပါသလော” ဟူ၍ဆိုကြ၏။
၃၂ ကိုယ်တော်သည် ထိုသို့ တို့သောသူကိုမြင်ရန် ပတ်လည်သို့ ကြည့်ရှုတော်မူ၏။
၃၃ ထိုအမျိုးသမီးသည် ကိုယ်၌ ဖြစ်သောအရာကိုသိသဖြင့် ကြောက်ရွံ့တုန်လှုပ်လျက် ကိုယ်တော့်ရှေ့မှောက် လာပြီးလျှင် ပျပ်ဝပ်၍ ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း ကြားလျှောက်လေ၏။
၃၄ ကိုယ်တော်ကလည်း “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ စိတ်ချမ်းသာစွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းကင်း၍ ကျန်းမာပါစေ” ဟုမိန့်တော်မူ၏။
၃၅ ထိုသို့ မိန့်တော်မူစဉ် တရားဇရပ်မှူး၏အိမ်မှ လူအချို့သည်လာ၍ “သင်၏သမီး သေပါပြီ။ ဆရာကို အဘယ်ကြောင့် နှောင့်ယှက်သေးသနည်း” ဟုဆိုကြ၏။
၃၆ ယေရှုသည် ထိုစကားကိုကြားလျှင် တရားဇရပ်မှူးအား “မကြောက်နှင့်။ ယုံကြည်ခြင်းသာ ရှိလော့” ဟုမိန့်တော်မူ၏။
၃၇ ထို့နောက် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်မှတစ်ပါး မည်သူ့ကိုမျှ လိုက်ခွင့်ပြုတော်မမူ။
၃၈ တရားဇရပ်မှူး အိမ်သို့ ရောက်ကြသော်၊ အလွန်ငိုကြွေးမြည်တမ်း၍ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို မြင်တော်မူ၏။
၃၉ အိမ်ထဲသို့ဝင်၍ “အဘယ်ကြောင့် အလွန် ငိုကြွေးမြည်တမ်း၍ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသနည်း။ သူငယ်မ သေသည်မဟုတ်၊ အိပ်ပျော်နေခြင်းဖြစ်၏” ဟုမိန့်တော်မူသော်၊
၄၀ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ သို့သော် ကိုယ်တော်သည် သူတို့ကို အပြင်သို့ထွက်စေပြီးလျှင် သူငယ်မ၏ မိဘများနှင့်တကွ မိမိနှင့်ပါသော သူတို့ကို ခေါ်၍ သူငယ်မ ရှိရာသို့ ဝင်တော်မူ၏။
၄၁ ထို့နောက် သူငယ်မ၏လက်ကို ကိုင်လျက် “တလိသကုမိ” ဟုမိန့်တော်မူ၏။ အနက်ကား “သူငယ်မ၊ ထလော့ ငါဆို၏” ဟု ဆိုလိုသတည်း။
၄၂ ထိုခဏချင်းတွင် တစ်ဆယ့်နှစ်နှစ်အရွယ်ရှိသော ထိုသူငယ်မသည် ထ၍လှမ်းသွားလျှင်၊ ထိုသူတို့သည် အလွန်အံ့သြမိန်းမောကြ၏။
၄၃ သို့သော် ကိုယ်တော်က ဤအကြောင်းကို မည်သူ့ကိုမျှ မပြောရန် အတန်တန်မှာကြားပြီးနောက် သူငယ်မအား စားစရာပေးရန် မိန့်တော်မူ၏။