မာကု ၈:၁-၃၈
၈ ထိုကာလအခါ လူအုပ်ကြီးသည် တစ်ဖန် စုရုံးကြ၏။သူတို့၌ စားစရာမရှိသဖြင့် ကိုယ်တော်သည် တပည့်တော်များကိုခေါ်၍၊
၂ “ဤလူအုပ်ကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူရှိနေကြပြီ။ သူတို့၌ စားစရာလည်း မရှိကြ။
၃ အချို့တို့သည် အဝေးကလာသည်ဖြစ်၍ အစာမစားရဘဲ အိမ်သို့ ပြန်လွှတ်လျှင် လမ်းတွင် အားပြတ်သွားကြလိမ့်မည်” ဟုမိန့်တော်မူ၏။
၄ သို့သော် တပည့်တော်တို့က “ဤလူတို့ စား၍ဝလောက်သည့်မုန့်ကို လူသူကင်းမဲ့သော ဤအရပ်၌ အဘယ်က ရနိုင်ပါမည်နည်း” ဟုလျှောက်ကြ၏။
၅ ကိုယ်တော်က “သင်တို့တွင် မုန့်ဘယ်နှစ်လုံးရှိသနည်း” ဟုမေးသော်၊ “ခုနစ်လုံး ရှိပါသည်” ဟု လျှောက်ကြ၏။
၆ ထိုအခါ လူအုပ်ကို မြေပေါ်လျောင်းကြရန် မှာတော်မူပြီးနောက်၊ မုန့်ခုနစ်လုံးကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူအုပ်ကိုဝေပေးရန် တပည့်တော်များကို ပေးတော်မူ၏။ တပည့်တော်တို့ကလည်း လူအုပ်ကို ဝေပေးကြ၏။
၇ သူတို့၌ ငါးကလေးအနည်းငယ်လည်း ရှိသဖြင့် ဆုတောင်းပြီးနောက် ဝေပေးစေတော်မူ၏။
၈ သူတို့သည် စား၍ ဝကြပြီးမှ စားကြွင်းစားကျန်များကို ကောက်သိမ်းရာ ခုနစ်တောင်းအပြည့် ရကြ၏။
၉ စားသုံးသူတို့မှာ ယောက်ျားလေးထောင်ခန့် ရှိ၏။ ထို့နောက် သူတို့ကို လွှတ်တော်မူ၏။
၁၀ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ လှေပေါ်သို့ ချက်ချင်းတက်၍ ဒါလမနုသနယ်သို့ ကြွတော်မူ၏။
၁၁ ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် ကိုယ်တော်အားအကဲစမ်းရန် ကောင်းကင်မှ နိမိတ်လက္ခဏာကို တောင်းကြ၏။
၁၂ ထို့ကြောင့် ကိုယ်တော်သည် အလွန်ဝမ်းနည်းလျက် “ဤလူမျိုးဆက်သည် နိမိတ်လက္ခဏာကို အဘယ်ကြောင့် တောင်းသနည်း။ ငါအမှန်ဆိုသည်ကား ဤလူမျိုးဆက်အား အဘယ်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်” ဟုမိန့်တော်မူ၏။
၁၃ ထို့နောက် သူတို့ထံမှ ထွက်ကြွ၍ တစ်ဖန်လှေပေါ်သို့တက်ပြီးလျှင် ကမ်းတစ်ဖက်သို့ ကူးတော်မူ၏။
၁၄ ထိုအခါ တပည့်တော်တို့သည် မုန့်များ ယူလာရန် မေ့ခဲ့ကြသဖြင့် လှေပေါ်၌ မုန့်တစ်လုံးသာ ပါလာ၏။
၁၅ ကိုယ်တော်ကလည်း “မျက်စိရှင်ရှင်ထားပြီး ဖာရိရှဲတို့၏ တဆေးနှင့် ဟေရုဒ်၏ တဆေးတို့ကို သတိထားကြ” ဟု မိန့်မှာတော်မူ၏။
၁၆ ထိုအခါ တပည့်တော်တို့သည် မုန့်မပါသည့်အကြောင်းကို အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။
၁၇ ကိုယ်တော်သိတော်မူလျှင် “သင်တို့သည် မုန့်မပါသည့် အကြောင်းကို အဘယ်ကြောင့် အချင်းချင်း ဆွေးနွေးနေကြသနည်း။ ယခုတိုင်အောင် မသိနားမလည်ဘဲ ရှိနေကြသေးသလော။ သင်တို့၏ စိတ်နှလုံး ထိုင်းမှိုင်းနေသလော။
၁၈ ‘မျက်စိရှိလျက်ပင် မမြင်၊ နားရှိလျက်ပင် မကြား ကြသလော။’ သင်တို့ မမှတ်မိဘဲ နေကြသလော။
၁၉ မုန့်ငါးလုံးကို ယောက်ျားငါးထောင်အား ငါဖဲ့ပေးစဉ် စားကြွင်းစားကျန် ဘယ်နှစ်တောင်းအပြည့် ကောက်သိမ်းခဲ့သနည်း” ဟုမေးတော်မူလျှင် သူတို့က “တစ်ဆယ့်နှစ်တောင်း ကောက်သိမ်းပါသည်” ဟုပြန်လျှောက်ကြ၏။
၂၀ “မုန့်ခုနစ်လုံးကို ယောက်ျားလေးထောင်အား ငါဖဲ့ပေးစဉ် စားကြွင်းစားကျန် ဘယ်နှစ်တောင်းအပြည့် ကောက်သိမ်းခဲ့ကြသနည်း” ဟုမေးတော်မူလျှင် သူတို့က “ခုနစ်တောင်း ကောက်သိမ်းပါသည်” ဟုလျှောက်ကြ၏။
၂၁ ထိုအခါ ကိုယ်တော်က “သင်တို့သည် ဆိုလိုရင်းကို နားမလည်ဘဲ ရှိနေကြသေးသလော” ဟုမိန့်တော်မူ၏။
၂၂ ဘက်ဆိုင်းဒါမြို့သို့ ရောက်ကြလျှင် လူတို့သည် မျက်မမြင်တစ်ဦးကို အထံတော်သို့ဆောင်ခဲ့၍ ထိုသူအား တို့ထိတော်မူပါရန် တောင်းပန်ကြ၏။
၂၃ ကိုယ်တော်သည်လည်း မျက်မမြင်ကို ရွာပြင်သို့ လက်ဆွဲခေါ်ဆောင်သွားပြီးမှ သူ၏မျက်စိပေါ် တံတွေးထွေး၍ သူ့အပေါ်မှာ လက်ကိုတင်လျက် “သင်သည် တစ်စုံတစ်ရာကို မြင်သလော” ဟုမေးတော်မူ၏။
၂၄ ထိုသူသည် မော့ကြည့်၍ “ကျွန်ုပ်သည် လူများကို မြင်ပါ၏။ သူတို့သည် သစ်ပင်များကဲ့သို့ဖြစ်သော်လည်း လမ်းလျှောက်နေကြပါသည်” ဟုလျှောက်၏။
၂၅ ထိုအခါကိုယ်တော်သည် သူ၏မျက်စိပေါ်မှာ တစ်ဖန်လက်တင်တော်မူလျှင်၊ သူ၏မျက်စိသည် အကောင်းပကတိဖြစ်၍ အလုံးစုံတို့ကို ရှင်းလင်းစွာ မြင်လေ၏။
၂၆ ကိုယ်တော်ကလည်း “ရွာထဲသို့ မဝင်နှင့်ဦး” ဟုမိန့်မှာ၍ သူ၏အိမ်သို့ လွှတ်လိုက်တော်မူ၏။
၂၇ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဖိလိပ္ပိကဲသရိနယ်ရှိ ရွာများသို့ ကြွတော်မူစဉ် လမ်းခရီး၌ “ငါ့ကိုမည်သူဖြစ်သည်ဟု လူတို့ဆိုကြသနည်း” ဟူ၍ တပည့်တော်များကို မေးတော်မူလျှင်၊
၂၈ သူတို့ကလည်း “နှစ်ခြင်းဆရာယောဟန်၊ အချို့က ဧလိယ၊ အချို့က ပရောဖက်တစ်ပါးပါးဖြစ်သည်ဟုဆိုကြပါ၏” ဟူ၍လျှောက်ကြ၏။
၂၉ ကိုယ်တော်က “သို့ဆိုလျှင်၊ ငါမည်သူဖြစ်သည် ဟု သင်တို့ဆိုကြသနည်း” ဟုသူတို့အား မေးလျှင် ပေတရုက “ကိုယ်တော်သည် ခရစ်တော်ဖြစ်ပါသည်” ဟုလျှောက်လေ၏။
၃၀ ထိုအခါ မိမိအကြောင်းကို မည်သူအားမျှ မပြောကြရန် တပည့်တော်တို့ကို ကြပ်တည်းစွာ မှာတော်မူ၏။
၃၁ ထို့ပြင် လူသားသည် ဒုက္ခများစွာ ခံရမည်။ လူကြီးများ၊ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်များ၏ ငြင်းပယ်ခြင်းကို ခံရမည်။ အသတ်ခံရမည်၊ သုံးရက်ကြာသော် ထမြောက်မည်အကြောင်းတို့ကို တပည့်တော်တို့အား သွန်သင်စပြုတော်မူ၏။
၃၂ ထိုသို့ အတိအလင်းမိန့်တော်မူသော် ပေတရုသည် ကိုယ်တော်ကို ခေါ်ထုတ်သွားပြီး ပြစ်တင်စကားဆိုလေ၏။
၃၃ ကိုယ်တော်သည် လှည့်၍ တပည့်တော်တို့ကို ကြည့်ရှုလျက် ပေတရုအား “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့။ သင်သည် ဘုရားသခင်၏ ရှုထောင့်မှ မစဉ်းစား၊ လူ့ရှုထောင့်မှ စဉ်းစားသည်” ဟူ၍ ဆုံးမတော်မူ၏။
၃၄ ကိုယ်တော်သည် တပည့်တော်များနှင့်တကွ လူအုပ်ကိုခေါ်ပြီးလျှင် “မည်သူမဆို ငါ့နောက်သို့ လိုက်လိုလျှင် ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမည်။ မိမိ၏ညှဉ်းဆဲရာသစ်တိုင်*ကိုထမ်း၍ ငါ့နောက်သို့ မပြတ်လိုက်ရမည်။
၃၅ မိမိအသက်*ကို ကယ်လိုသောသူတိုင်း အသက်ရှုံးလိမ့်မည်။ ငါ့အတွက်နှင့် သတင်းကောင်းအတွက် အသက်ရှုံးသောသူတိုင်း မိမိအသက်ကို ကယ်တင်လိမ့်မည်။
၃၆ လူသည် တစ်လောကလုံးကို အပိုင်ရ၍ မိမိအသက်*ရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။
၃၇ မိမိအသက်ကို အဘယ်အရာနှင့် လဲလှယ်မည်နည်း။
၃၈ ဖောက်ပြန်၍ ပြစ်မှားတတ်သော ဤလူမျိုးဆက်တွင် မည်သူမဆို ငါနှင့် ငါ့စကားကြောင့်ရှက်လျှင် လူသားသည် မိမိခမည်းတော်၏ဘုန်းတော်ကို ဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်တို့နှင့်တကွ ကြွလာသောအခါ ထိုသူကြောင့် ရှက်တော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ ၆ ရှု။
^ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
^ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။