ယာကုပ် ၁:၁-၂၇
၁ ဘုရားသခင်နှင့် သခင်ယေရှုခရစ်၏ကျွန် ငါယာကုပ်သည် အရပ်ရပ်သို့ ကွဲလွင့်နေကြသော တစ်ဆယ့်နှစ်နွယ်ကို နှုတ်ခွန်းဆက်သ လိုက်ပါ၏။
၂ ငါ၏ညီအစ်ကိုတို့၊ စမ်းသပ်မှုအမျိုးမျိုးကို ကြုံတွေ့ရသည့်အခါ ဝမ်းမြောက်စရာအကြောင်းသာလျှင်ဖြစ်သည်ဟု ယူမှတ်ကြလော့။
၃ ထိုသို့စမ်းသပ်ခံရသော သင်တို့၏ယုံကြည်ခြင်းသည် ခံနိုင်ရည်ကို ဖြစ်ပေါ်စေကြောင်း သင်တို့သိကြ၏။
၄ သင်တို့သည် မည်သည့်အရာကိုမျှ မလိုဘဲ အရာရာ၌ ပြည့်ဝစုံလင်စေရန် ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါစေ။
၅ ထို့ကြောင့် သင်တို့တွင် တစ်ဦးတစ်ယောက်သည် ဉာဏ်ပညာလိုနေလျှင် ဘုရားသခင်ကို ဆက်၍တောင်းလျှောက်ပါစေ။ ကိုယ်တော်သည် လူအပေါင်းကို ကဲ့ရဲ့ခြင်းမရှိဘဲ ရက်ရောစွာ ပေးကမ်းတော်မူသောကြောင့် တောင်းလျှင် ရလိမ့်မည်။
၆ သို့သော် ယုံမှား သံသယလုံးဝမရှိဘဲ ယုံကြည်ခြင်းနှင့် ဆက်၍ တောင်းလျှောက်ပါစေ။ ယုံမှားသံသယရှိသူသည် လေအရှိန်ကြောင့် လှုပ်ရှားရိုက်ခတ်တတ်သော ပင်လယ်လှိုင်းနှင့်တူ၏။
၇ ထိုသူသည် ယေဟောဝါ*ဘုရားထံတော်မှ တစ်စုံ တစ်ခုမျှ ရလိမ့်မည်ဟု မထင်မှတ်စေနှင့်။
၈ သူသည် စိတ်နှစ်ခွရှိပြီး လုပ်ကိုင်လေသမျှ၌ မတည်ကြည်သောသူဖြစ်၏။
၉ သို့သော် နိမ့်ကျသော ညီအစ်ကိုသည် ချီးမြှောက်ခံရခြင်းအတွက် ဝမ်းမြောက်ပါစေ။
၁၀ ချမ်းသာကြွယ်ဝသူသည်လည်း နှိမ့်ချခံရခြင်းအတွက် ဝမ်းမြောက်ပါစေ။ အကြောင်းမူကား သူသည် မြက်ပွင့်ကဲ့သို့ ညှိုးနွမ်းသွားလိမ့်မည်။
၁၁ နေထွက်လာသောအခါ မြက်ပင်သည် နေပူရှိန်ကြောင့် ညှိုးနွမ်း၍ မြက်ပွင့်လည်း ကြွေကျသွား၏။ အပွင့်၏လှပသောအဆင်း ပျောက်ပျက်သွားလေ၏။ ထိုနည်းတူ ချမ်းသာကြွယ်ဝသူသည် သူ၏ဘဝလမ်းစဉ်အတိုင်း လိုက်လျှောက်နေစဉ် ပျောက်လွင့်သွားလိမ့်မည်။
၁၂ စမ်းသပ်မှုကို ဆက်၍ ခံရပ်သူသည် ပျော်ရွှင်၏။ အကြောင်းမူကား ထိုသူသည် နှစ်သက်တော်မူခြင်း ခံရသောကြောင့် ယေဟောဝါဘုရားအား ဆက်၍ချစ်သောသူတို့ကို ကတိပြုထားသည့် အသက်သရဖူ*ကိုရလိမ့်မည်။
၁၃ စမ်းသပ်ခံရသောအခါ “ငါ့ကို ဘုရားသခင် စမ်းသပ်သည်” ဟုမည်သူမျှမဆိုစေနှင့်။ အကြောင်းမူကား မကောင်းသောအမှုများဖြင့် ဘုရားသခင်ကို မစမ်းသပ်နိုင်သကဲ့သို့ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ စမ်းသပ်တော်မမူ။
၁၄ သို့သော် လူတစ်ဦးစီသည် မိမိတပ်မက်မှု၏ ဖြားယောင်းသွေးဆောင်ခြင်းအားဖြင့် စမ်းသပ်ခံရ၏။
၁၅ ထို့နောက် တပ်မက်မှုသည် သန္ဓေတည်သောအခါ အပြစ်ကို ဖွားတတ်၏။ တစ်ဖန် အပြစ်ပြုပြီးသည့်အခါ သေခြင်းသို့ ပို့ဆောင်တတ်၏။
၁၆ ငါချစ်ရသော ညီအစ်ကိုတို့၊ လှည့်ဖြားခြင်းကို မခံကြနှင့်။
၁၇ ကောင်းမြတ်သော ဆုကျေးဇူး၊ ပြည့်ဝစုံလင်သော လက်ဆောင်ရှိသမျှသည် အထက်အရပ်မှဖြစ်၏။ ကောင်းကင်အလင်းတို့၏အဖထံတော်မှ သက်ရောက်တော် မူ၏။ ရွှေ့ပြောင်းတတ်သော အရိပ်ကဲ့သို့ ကိုယ်တော်၌ ပြောင်းလဲခြင်းမရှိ။
၁၈ ကိုယ်တော်သည် အလိုတော်ရှိသောကြောင့် ငါတို့ကို အမှန်တရားအားဖြင့် ဖြစ်ပေါ်စေ၍ ဖန်ဆင်းရာ သတ္တဝါများမှ အဦးသီးသောအသီးအချို့ ဖြစ်စေတော်မူ၏။
၁၉ ငါချစ်ရသော ညီအစ်ကိုတို့၊ ဤအကြောင်းအရာကို သိမှတ်ကြလော့။ လူတိုင်းသည် နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရမည်။
၂၀ အကြောင်းမူကား လူတစ်ဦး၏အမျက်သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေ။
၂၁ ထို့ကြောင့် ညစ်ညူးသောအရာရှိသမျှ၊ လွန်ကဲသောအရာဖြစ်သည့် ဆိုးသွမ်းမှုရှိသမျှကို ဖယ်ရှားကြလော့။ သင်တို့*ကို ကယ်တင်နိုင်သည့် တရားစကားတော် စိုက်ပျိုးခြင်းကို နူးညံ့သိမ်မွေ့သောသဘောနှင့် လက်ခံကြလော့။
၂၂ သို့သော် တရားစကားတော်ကို ကျင့်သုံးသူများ ဖြစ်ကြလော့။ ကြားနာရုံမျှသာ ဖြစ်ပြီး မှားယွင်းသော အတွေးအခေါ်ဖြင့် မိမိကိုယ်ကို လှည့်စားသူများ မဖြစ်စေကြနှင့်။
၂၃ အကြောင်းမူကား တရားစကားတော်ကို ကြားနာပြီး မကျင့်သုံးသူသည် မိမိ၏ပကတိ မျက်နှာကို မှန်၌ ကြည့်သောသူနှင့်တူ၏။
၂၄ မိမိမျက်နှာကို ကြည့်ပြီး ထွက်သွားသော် မိမိသည် မည်သို့သောသူဖြစ်ကြောင်း ချက်ချင်းမေ့လျော့တတ်၏။
၂၅ သို့သော် လွတ်လပ်ခြင်းနှင့်ဆိုင်သော ပြည့်ဝစုံလင်သည့်တရားကို ဇွဲရှိရှိ စေ့စေ့ကြည့်ရှုသူသည် ကြားနာ၍ မေ့လျော့သောသူမဟုတ်ဘဲ ကျင့်သုံးသူဖြစ်၏။ သူသည် ထိုသို့ပြုသောကြောင့် ပျော်ရွှင်လိမ့်မည်။
၂၆ မှန်ကန်စွာဝတ်ပြုနေသည်ဟု မိမိကိုယ်ကိုထင်မှတ်သော်လည်း မိမိလျှာကို မထိန်းနိုင်၊ မိမိစိတ်နှလုံးကို လှည့်ဖြားနေသူဖြစ်လျှင် ထိုသူ၏ ဝတ်ပြုမှုသည် အချည်းနှီးဖြစ်၏။
၂၇ ငါတို့အဖ ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အညစ်အကြေးကင်းစင်သော ဝတ်ပြုမှုဟူမူကား မိဘမဲ့ကလေးများနှင့် မုဆိုးမများ ဒုက္ခရောက်ချိန်တွင် ကြည့်ရှုစောင့်ရှောက်ခြင်း၊ မိမိကိုယ်ကို လောကအညစ်အကြေးနှင့် ကင်းစင်စေ ခြင်းဖြစ်၏။